Published 29 May 2024
လူတစ်ယောက်ဟာ လှုပ်ရှားမှုမရှိဘဲနဲ့ တစ်နေ့ကို ၈ နာရီကျော် ထိုင်လေ့ရှိတယ်ဆိုရင် ယင်းရဲ့အသက်ဆုံးရှုံးနိုင်ခြေက ဆေးလိပ်သောက်သူများ၊ အဝလွန်သူများကဲ့သို့ အတူတူပဲဖြစ်ကြောင်း အပိုလိုဆေးရုံမှ အာရုံကြောပညာရှင် ဒေါက်တာ ဆူဒီယာကူမာက X ဆိုရှယ်မီဒီယာမှာ ပြောပြသွားပါတယ်။
အထိုင်များတဲ့အခါ ဆီးချို၊ သွေးတိုး၊ အဝလွန်၊ LDL ကိုလက်စထရောလ်နဲ့ ထရိုင်ဂလစ်ထရိုက်များ မြင့်တက်ခြင်း၊ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်နိုင်ခြေများကြောင်း ရေးသားထားပါတယ်။
လက်တွေ့လေ့လာချက်များအရ အထိုင်များခြင်းဟာ ဆေးလိပ်သောက်သလိုမျိုး ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်လာစေနိုင်တယ်လို့ နာနာဗာတီမက်စ်စူပါအထူးကုဆေးရုံမှ ဒေါက်တာ ရာဟူတမ်ဘယ်ကလည်း ဆိုပါတယ်။
ကြာကြာထိုင်တဲ့အခါ ဂလူးကို့စ်ဇီဝဖြစ်ပျက်ခြင်းနဲ့ အဆီဓာတ်ဖြစ်တည်မှုများ ထိခိုက်စေကာ အင်ဆူလင်ယဥ်ပါးလာပြီး အန္တရာယ်ရှိ ကိုလက်စ်ထရောလ်များ မြင့်တက်လာစေနိုင်ပါတယ်။
ခြေထောက်သွေးကြောတွေထဲမှာ သွေးခဲပိတ်ဆို့မှုတွေ ဖြစ်လာပြီး သွေးခဲတွေက အဆုတ်သို့ရောက်တဲ့အခါ အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့က ပုံမှန်လှုပ်ရှားမှု ပြုလုပ်ဖို့ ဖြစ်ပါတယ်။
မကြာမကြာ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ပေးခြင်း၊ လှေကားထစ်တက်ခြင်းတို့ဖြင့် ဆိုးကျိုးများကို လျှော့ချနိုင်ပါတယ်။
နေ့စဥ် သိပ်ပြီးမပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို မိနစ် ၆၀ မှ ၇၅ မိနစ်လောက် ပြုလုပ်သင့်ပါတယ်။
နာရီဝက်ခန့် ထိုင်ပြီးတိုင်းမှာ ၅ မိနစ်လောက် ထပြီးလမ်းလျှောက်တာမျိုး ပြုလုပ်သင့်တယ်လို့လည်း ဆရာဝန်များက အကြံပြုပါတယ်။
အမောပြေ ထိုင်တာမျိုးတွေလျှော့ချပြီး ဆွေးနွေးတာတွေ၊ ကော်ဖီသောက်တာမျိုးတွေမှာ မတ်တပ်ရပ်ပြီး ပြုလုပ်သင့်ပါတယ်။
ဖြည်းဖြည်းချင်း ပုံမှန်ပြောင်းလဲသွားခြင်းက အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအပေါ် ကောင်းကျိုးသက်ရောက်လာနိုင်တယ်လို့ မဏိပူရဆေးရုံမှ ဒေါက်တာရှက်တီက ပြောပြသွားပါတယ်။
Source: India Today
#World_Health
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 29 May 2024
လူသားများကြောင့် ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲဖောက်ပြန်ခြင်းကနေ လေဖြတ်ခြင်း၊ ဝက်ရူးပြန်၊ အာရုံကြော ရောဂါကူးစက်ခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ ဦးနှောက်ပုံမှန်မဟုတ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
ရာသီဥတုပြောင်းလဲခြင်း၊ ရာသီဥတုဖြစ်စဥ်များအပေါ် သက်ရောက်မှုများ၊ ရာသီဥတု ဆိုးရွားခြင်းတို့က ဦးနှောက်ပြဿနာရှိသူတွေမှာ ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ ပညာရှင်များက ဆိုပါတယ်။
ထိုသက်ရောက်မှုများအပေါ် သိရှိနားလည်အောင်လုပ်ပြီး ကျန်းမာရေးအခြေအနေ ကျဆင်းလာမှုတို့ကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ဗြိတိန်ဦးဆောင်တဲ့ သုတေသနအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
၂၀၁၆ ခုနှစ်က လေ့လာချက်ကို အခြေခံပြီး အမျိုးမျိုးသော အာရုံကြောပြဿနာ ၁၉ မျိုးကို လေ့လာခဲ့ကြပြီး စိတ်ရောဂါပြဿနာတွေကိုလည်း ဆန်းစစ်ခဲ့ကြပါတယ်။
အပူချိန် နည်းလွန်းခြင်း များလွန်းခြင်း၊ တစ်နေ့တာအတွင်း အပူချိန် ကွာခြားပြောင်းလဲချက် များလွန်းခြင်းက ပုံမှန်မဟုတ်သလို ညဘက်မှာ အပူချိန်များလွန်းခြင်းက အိပ်စက်မှုကို ထိခိုက်စေကြောင်း ယူကေရာသီဥတုပြောင်းလဲခြင်းအဖွဲ့မှ ဆစ်ဆိုဒီယာက ပြောပြပါတယ်။
အပူလှိုင်းဖြတ်ခြင်း၊ အပူချိန်များလွန်းခြင်းကြောင့် ဆေးရုံတက်ရခြင်း၊ လေဖြတ်ခြင်း၊ အသက်သေဆုံးခြင်းတို့ပင် အဖြစ်များလာတယ်လို့ သုတေသီများ တွေ့ရှိလာပါတယ်။
အယ်လ်ဇိုင်းမားလိုမျိုး ဒီမန်ရှာရောဂါရှိသူတွေဟာ အပူချိန်လွန်ကဲခြင်းရဲ့ ဒဏ်ကို ပိုမိုခံစားရနိုင်ပြီး ယင်းတို့ရဲ့ အသိဉာဏ်ချို့တဲ့ခြင်းကြောင့် ပြောင်းလဲမှုနဲ့အညီ မပြုမူနိုင်ကြပါဘူး။
ကျန်းမာရေးအန္တရာယ်တွေကို မသိရှိကြသလို အကူအညီ တောင်းရမှန်းမသိ၊ ပူပြင်းတဲ့အခါ ရေများများ သောက်ရမှာတွေ အဝတ်ပါးပါးဝတ်ရမှာတွေကို မသိတာမျိုး ဖြစ်ကြပါတယ်။
ယခုသုတေသနတွေက လက်ရှိ ရာသီဥတု ပြောင်းလဲမှုသာမက အနာဂတ်အတွက်ပါ စဥ်းစားလုပ်ကိုင်သွားရမယ်လို့ ဖော်ပြသွားပါတယ်။
Source: The Jerusalem Post.
#World_Science
#Published_ 29 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
လူလုပ်အသိဉာဏ်(AI)နည်းပညာဖြင့် အချက်အလက်များကို အမြင့်ဆုံး အနေအထား ဖော်ထုတ်ပြီး ရှားပါးရောဂါများကို ကုသရာမှာ အထောက်အကူ ဖြစ်နိုင်သလို ကမ္ဘာတဝှမ်းမှာ ပိုမိုထိရောက်တဲ့ ကုသနည်းတွေ ထွက်ပေါ်စေနိုင်ကြောင်း အမေရိကန် ဆေးဖက်ဆိုင်ရာ ပညာရှင်တစ်ဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၄ ကမ္ဘာလုံးဆိုင်ရာ ရှားပါးရောဂါများ သုတေသနစာတမ်းဖတ်ပွဲကို ရှန်ဟိုင်းမှာ အင်္ဂါနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
#World_Technology
#Published_ 28 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 28 May 2024
၁။ ကျောင်းအပ်ချိန်ဖြစ်၍ စာအုပ်အဖုံးချုပ်သူများလာ၊ ဖလင်နှင့်ကတ်ထူဈေး နှစ်ဆတက်
၂။ ရာသီဥတုအခြေနေကြောင့် မွေးမြူရေး ငါးကန်အချို့ ကန်ဖေါ်ယူမှု ရပ်နားထားရဟုဆို
၃။ တစ်လတာအတွင်း သဘာဝဘေးပေါင်း၁၈၀ကျော်ဖြစ်ပွားခဲ့၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းများ အဆင်သင့်ပြင်ဆင်ထားဟုဆို
၄။ ရှားပါးရောဂါလက္ခဏာများရှာဖွေကုသရာ၌ AI နည်းပညာများဖြင့် အထောက်အကူဖြစ်စေနိုင်ဟု ပညာရှင်များသုံးသပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 28 May 2024
အာရှအလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဥဇဘက်ကစ္စတန်မှာ ရုရှားက နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု ဆောက်လုပ်ရန် ရုရှားနဲ့ ဥဇဘက်ကစ္စတန်တို့ တနင်္လာနေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဥဇဘက်ကစ္စတန် ခေါင်းဆောင် ရှက်ဗ်ကက်မာဇီယိုယက်ဗ်တို့ ဥဇဘက်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုလို သဘောတူညီလိုက်ကြတာ ဖြစ်ပါတယ်။
ထိုစီမံကိန်းဟာ အလွန်အရေးပါတယ်လို့ မာဇီယိုယက်ဗ်က မှတ်ချက်ပြုလိုက်ပြီး ဥဇဘက်မှာ ယူရေနီယံ အများအပြား ထိန်းသိမ်းသိုလှောင်ထားတယ်လို့ ဆိုပါတယ်။
ဥဇဘက်ရဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍ အထိရောက်ဆုံး အလုပ်ဖြစ်စေရန် ကြိုးပမ်းသွားမယ်လို့ ပူတင်က ကတိပြုလိုက်ပါတယ်။
အဆိုပါ သဘောတူညီချက်သာ အကောင်အထည် ဖော်လိုက်ပါက အာရှအလယ်ပိုင်းမှာ ပထမဆုံးစက်ရုံ ဖြစ်လာမှာဖြစ်ပြီး ထိုဒေသတွင်း ရုရှားရဲ့လွှမ်းမိုးမှု ဆက်လက်တိုးချဲ့လာမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံပိုင် Rosatom စွမ်းအင်ကော်ပိုရေးရှင်းက ဓာတ်အား ၃၃၀ မဂ္ဂါဝပ်ရှိတဲ့ ဓာတ်ပေါင်းဖို ၆ ခုဆောက်လုပ်သွားရန် ရှိတယ်လို့ ရုရှားမှ RIA Novosti သတင်းဌာနက ဖော်ပြထားပါတယ်။
၂.၄ ဂစ်ဂါဝပ်ရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံကြီး ဆောက်လုပ်ရန်အတွက်လည်း အစောပိုင်းတုန်းက ထိုနှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပါသေးတယ်။
ဒါ့အပြင် ဥဇဘက်ထံသို့ ဓာတ်ငွေ့ပေးပို့မှုများ တိုးမြှင့်ရန်လည်း ပူတင်က ကတိပေးခဲ့ပါတယ်။
ပူတင်ဟာ ၅ နှစ်ဆက်တိုက် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်အဖြစ် တနင်္ဂနွေနေ့က ဥဇဘက်မြို့တော် တက်ရှ်ကန့်သို့ လာရောက်ကာ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source: AP News
#Published 28 May 2024
#World_News
#Yangon_Times #YMG_News #Yangon_Media_Group
#World_News
Published 28 May 2024
▪️ ဗြိတိန်လမ်းပန်းမတော်တဆမှု ဆန်းစစ်ချက်များအရ မျိုးစပ်ကားတွေနဲ့ လျှပ်စစ်ကားတွေဟာ ဓာတ်ဆီဒီဇယ်ဆီ ကားတွေထက်စာရင် လမ်းလျှောက်သူတွေကို ပိုမိုထိခိုက်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
▪️ အချက်အလက်များအရ မျိုးစပ်ကားများနဲ့ လျှပ်စစ်ကားတွေဟာ လောင်စာဆီသုံးကားများထက် လမ်းသွားလမ်းလာတွေကို တိုက်နိုင်ခြေ နှစ်ဆလောက် ပိုများနေပါတယ်။
▪️ ယူဆချက်အချို့ကတော့ လျှပ်စစ်ကားမောင်းနှင်သူတွေဟာ ငယ်ရွယ်ပြီး အတွေ့အကြုံနည်းတာကြောင့် တစ်ကြောင်း၊ လျှပ်စစ်ကားတွေက အသံပိုတိတ်ဆိတ်တာကြောင့် ကားသံကို ကြားဖို့ခက်ခဲတာက တစ်ကြောင်း ဖြစ်နိုင်ပါတယ်။
▪️ လျှပ်စစ်ကားတွေက ကားအသစ်တွေများပြားပြီး အသံပိုတိတ်ဆိတ်တာကြောင့် မောင်းနှင်သူတွေအနေနဲ့ အထူးဂရုပြုသင့်တယ်လို့ လန်ဒန်မှ ပရော်ဖက်ဆာ ဖီးလ်အက်ဒ်ဝပ်က ဆိုပါတယ်။
▪️ ယင်းတို့ရဲ့ သုံးသပ်ချက်တွေက ထိခိုက်မှုပေါင်း ၉ သိန်းကျော်ကို ဆန်းစစ်ထားတာဖြစ်ကာ လမ်းသွားလမ်းလာ ၉၆၀၀၀ ကျော်လောက်က ကားတိုက်ခံခဲ့ရပါတယ်။
▪️ ၂၀၁၉ ဇူလိုင်လကတည်းက ဥရောပမှာရောင်းချတဲ့ မျိုးစပ်ကားတွေနဲ့ လျှပ်စစ်ကားအားလုံးမှာ ကားအရှိန်နှေးနှေးဖြင့် မောင်းနေစဥ် အသံထုတ်လွှတ်ပေးမယ့် အသံသတိပေးစနစ် ပါရှိရန်လိုအပ်ပေမယ့် ထိုကိရိယာမပါတဲ့ လျှပ်စစ်ကား ထောင်နဲ့ချီရှိနေပါတယ်။
▪️ လျှပ်စစ်ကားတိုင်းမှာ ထိုစနစ်ကို သေချာပေါက်ထည့်သွင်းအောင် အစိုးရအနေနဲ့ သေချာပြုလုပ်သင့်တယ်လို့ အက်ဒ်ဝပ်က ပြောပြသွားပါတယ်။
#Source: WION
#World_Health
Published 28 May 2024
▪️ ငါးကြီးဆီဖြည့်စွက်စာများ ပုံမှန်သုံးစွဲခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေများခြင်းနဲ့ ပထမဆုံးအကြိမ် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ များစေနိုင်သလို လက်ရှိရှိနေတဲ့ နှလုံးသွေးကြောပြဿနာများ ပိုမိုဆိုးရွားလာခြင်းကို နှောင့်နှေးနိုင်ပြီး သေဆုံးမှုအန္တရာယ် လျှော့ချနိုင်တယ်လို့လည်း ယူကေမှ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့ ငါးကြီဆီဟာ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးတယ်လို့ တွေ့ရှိထားပြီး ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ ငါးကြီးဆီဖြည့်စွက်စာရဲ့ အကျိုးကျေးဇူးတွေကို လေ့လာရာမှာတော့ ရလဒ်တွေက ရောထွေးနေပါတယ်။
▪️ အသက် ၄၀ မှ ၆၉ နှစ်ကြား လူပေါင်း ၄၁၅၇၃၇ ဦးကို ၁၂ နှစ်တိုင်အောင် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ထိုထဲက ၃၁ ရာခိုင်နှုန်းလောက်က ငါးကြီးဆီပုံမှန်သောက်သုံးကြပါတယ်။
▪️ ဖြည့်စွက်စာစားသုံးသူတွေမှာ နှလုံးခုန်မမှန်တဲ့ရောဂါ ဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်းပိုများနေပြီး နှလုံးသွေးကြောရောဂါ မရှိဖူးတဲ့သူတွေမှာ လေဖြတ်နိုင်ခြေ ၅ ရာခိုင်နှုန်းများတယ်လို့ ဆက်စပ်တွေ့ရှိရပါတယ်။
▪️ နှလုံးသွေးကြောရောဂါတွေက ကမ္ဘာတဝှမ်းမှာ သေဆုံးမှုအများဆုံး အကြောင်းအရင်း ဖြစ်နေပါတယ်။
▪️ အထက်ပါရောဂါ တစ်မျိုးမျိုး ယခင်တည်းက ရှိသူတွေမှာတော့ နှလုံးဖောက်နိုင်ခြေနဲ့ အသက်သေဆုံးနိုင်ခြေ လျော့ပါးသွားပါတယ်။
▪️ အထူးသဖြင့် အမျိုးသားတွေနဲ့ သက်ကြီးရွယ်အိုတွေက ငါးကြီးဆီကနေ အကျိုးကျေးဇူး ပိုရရှိနိုင်ပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေ သုံးစွဲတဲ့ ငါးကြီးဆီဖြည့်စွက်စာ ပမာဏနဲ့ ဆေးဖော်စပ်ပုံတွေကို အတိအကျ မသိရသလို လူအများစုက လူဖြူတွေဖြစ်တာကြောင့် အခြားလူမျိုးများအတွက် သိပ်ပြီးယူဆလို့မရပါဘူး။
▪️ ဒီလိုမျိုးတွေ့ရှိရတဲ့ အကြောင်းအရင်းတွေကို ပိုမိုသိရဖို့ နောက်ထပ်လေ့လာမှုတွေ လိုအပ်ကြောင်း သုတေသနပြုစုသူများက ဆိုပါတယ်။
#Source: New York Post
Page 122 of 822