မြန်မာနှင့်ရုရှားတို့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

၂၆ ဖေဖော်ဝါရီ၊၂၀၂၆

မြန်မာနိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားဖော်ဆောင်ပေးမည့် ဂြိုဟ်တုလွှတ်တင်နိုင်ရေးနှင့်  အာကာသနှင့် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov တို့ ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ Roscosmos အကြီးအကဲ Mr. Dmitry V. Bakanov သည် ဖေဖော်ဝါရီ ၂၆ ရက်က  နေပြည်တော်တွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် Roscosmos အထွေထွေညွှန်ကြားရေးမှူးချုပ်တို့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း နှင့် မြန်မာအာကာသအေဂျင်စီတို့အကြား တိုးမြှင့်ပူးပေါင်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ အာကာသဆိုင်ရာနည်းပညာအသုံးပြုမှုများ ပိုမိုဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊  မြန်မာနိုင်ငံ၏ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြပါတယ်။

ထို့အပြင် အာကာသပြတိုက်(ရန်ကုန်)ကို အဆင့်မြှင့်တင်နိုင်ခဲ့မှုနှင့် လူငယ်များအနေဖြင့် စိတ်ပါဝင်စားစွာ  ဖြင့် လာရောက်လေ့လာကြည့်ရှုလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များဖြင့် ပြင်ပ  အာကာသစူးစမ်းလေ့လာရေး နှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မျိုးဆက်သစ်လူငယ်များအား အာကာသနည်းပညာဆိုင်ရာ ဗဟုသုတများပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေး  လျက်ရှိမှု၊ အာကာသနည်းပညာနှင့်သက်ဆိုင်သည့် ပညာတော်သင် သင်တန်းသားများ စေလွှတ်ရေးဆိုင် ရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

အဆိုပါ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်မရှင်အဖွဲ့ဝင် နိုင်ငံတော်  ဝန်ကြီးချုပ် ဦးညိုစော၊ ကောင်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး “Roscosmos” နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာ  နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ “Roscosmos” နိုင်ငံပိုင်  ကော်ပိုရေးရှင်း၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။