Politics

တက္ကသိုလ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် Green Card Lottery အစီအစဉ်ကို ထရမ့် ဆိုင်းငံ့လိုက်ပြီ

မကြာသေးမီက Brown တက္ကသိုလ်နှင့် MIT တို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများမှ သံသယရှိသူသည် Diversity Immigrant Visa Program (လူသိများသော အမည်- Green Card Lottery) အစီအစဉ်ဖြင့် အမေရိကန် နိုင်ငံသို့ ဝင်ရောက်လာသူဖြစ်ကြောင်း ပေါ်ပေါက်လာပြီးနောက်တွင်၊ သမ္မတ ဒေါ်နယ်ထရမ့်က ယင်းအစီအစဉ်ကို ဆိုင်းငံ့လိုက်သည်။

အဓိကအချက်အလက်များ

သံသယရှိသူ - အသက် ၄၈ နှစ်အရွယ် ပေါ်တူဂီနိုင်ငံသားဖြစ်ပြီး Brown တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ Claudio Manuel Neves Valente သည် ၂၀၁၇ ခုနှစ်တွင် Diversity Lottery အစီအစဉ်မှတစ်ဆင့် ဗီဇာကံထူးကာ အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ Valente သည် ကြာသပတေးနေ့က New Hampshire ရှိ သိုလှောင်ရုံတစ်ခုအတွင်း၌ မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

တိုက်ခိုက်မှုများ - Valente သည် ကျောင်းသားနှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့သည့် Brown တက္ကသိုလ် ပစ်ခတ်မှုတွင် အဓိကသံသယရှိသူ ဖြစ်သည်။ သူသည် Massachusetts ပြည်နယ်၊ Brookline ရှိ နေအိမ်၌ MIT ပါမောက္ခ Nuno F.G. Loureiro အသတ်ခံရမှုတွင်လည်း စွပ်စွဲခံထားရသူဖြစ်သည်။ Valente နှင့် Loureiro တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ပေါ်တူဂီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတည်းတွင် အတူတက်ရောက်ခဲ့ဖူးကြောင်း အာဏာ  ပိုင်များက မှတ်ချက်ပြုပြောကြားခဲ့သည်။

မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှု - ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က သမ္မတ ထရမ့် ၏ ညွှန်ကြားချက်အရ Diversity Visa Program ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ Noem က သံသယရှိသူအား "ကျွန်မ တို့နိုင်ငံထဲသို့ ဝင်ခွင့်မပြုခဲ့သင့်ကြောင်း" ပြောကြားခဲ့ပြီး အဆိုပါ ကံစမ်းမဲအစီအစဉ်ကို "အလွန်ဆိုးရွားသော အစီအစဉ်" ဟု သမုတ်ခဲ့သည်။

နောက်ခံအကြောင်းအရာ - Diversity Visa Lottery အစီအစဉ်သည် အမေရိကန်သို့ ဝင်ရောက်မှုနှုန်း နည်းပါးသော နိုင်ငံများမှ လူပုဂ္ဂိုလ်များအတွက် နှစ်စဉ် Green Card ပေါင်း ၅၀,၀၀၀ အထိ ထုတ်ပေးနေသည့် အစီအစဉ်ဖြစ်သည်။ သမ္မတ ထရမ့်က ဤအစီအစဉ်သည် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ဖြစ်စေနိုင်ပြီး အရည်အချင်းအခြေပြု စံနှုန်းများ မရှိဟု အကြောင်းပြကာ ကာလရှည်ကြာ ဝေဖန်ကန့်ကွက်လာခဲ့သူ ဖြစ်သည်။

Source: AP

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဘရူနိုင်းနှင့် ပါကစ္စတန်သံအမတ်ကြီးများက သံအမတ် ခန့်အပ်လွှာများပေးအပ်

၁၆ ဒီဇင်ဘာ၊၂၀၂၅ (နေပြည်တော်)-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမြန်မာနိုင်ငံ ဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ သံအမတ်ကြီး H.E, Haji Mohamad Sarif Pudin bin Matserudin နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim တို့သည် သီးခြားစီခွဲ၍ ဒီဇင်ဘာ ၁၆ ရက် နံနက် က နေပြည် တော်ရှိအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ယင်းတို့၏ သံအမတ်ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။

ဘရူနိုင်းသံအမတ်ကြီး၏သံအမတ်ခန့်အပ်လွှာကိုလက်ခံခဲ့စဉ် ဗိုလ်ချုပ်မှူးကြီးနှင့် ဘရူးနိုင်းသံအမတ် အသစ်တို့သည်  မြန်မာနှင့်ဘရူနိုင်းအကြားပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် လေကြောင်းပျံသန်းမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်းအာဆီယံပဋိဉာဉ်အတိုင်းလိုက်ပါဆောင်ရွက်လျက်ရှိမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်မှုမရှိသည့်အခြေအနေများကိုဆွေးနွေး  ခဲ့ကြကြောင်းသိရှိရသည်။

ပါကစ္စတန်သံအမတ်အသစ်နှင့်တွေ့ဆုံရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် သံအမတ်အသစ်တို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေး

ဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်  အခြေ  အနေများကိုဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်မှူးကြီးက သံအမတ်နှစ်ဦးစလုံးကို  မြန်မာနိုင်ငံတွင်လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါသံအမတ်ခန့်အပ်လွှာပေးအပ်ပွဲများသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးတို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

#yng/knl

အမေရိကန်က ပိတ်ဆို့အရေးယူမှုစတင်ဖြေလျော့၊ ဘီလာရုစ်က အကျဉ်းသားများလွှတ်ပေးခြင်းဖြင့် နှစ်နိုင်ငံအကြား အပေးအယူစတင်

၁၄ ဒီဇင်ဘာ ၂၀၂၅

အမေရိကန်က ဘီလာရုစ်၏ အဓိကဓာတ်မြေဩဇာပို့ကုန်ပိတ်ဆုံအရေးယူမှုရုပ်သိမ်းပေးပြီး ဘီလာရုစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့်အတိုက်အခံခေါင်းဆောင်အပါအဝင် အကျဉ်းသား၁၂၃ဦး ပြန်လွှတ်ပေးခဲ့သည်။

အဓိက ဖြစ်ပေါ်တိုးတက်မှုများ

ဘီလာရုစ်နိုင်ငံသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဲလစ် ဘီယာလျပ်စကီး (Ales Bialiatski) နှင့် အတိုက်   အခံ ခေါင်းဆောင် မာရီယာ ကာလက်စ်နီကာဗာ (Maria Kalesnikava) တို့ အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ဤလွှတ်ပေးမှုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်အောက်ရှိ အမေရိကန် ကိုယ်စားလှယ်တစ်ဦး ကြားဝင်  ညှိနှိုင်းပေးသည့် သဘောတူညီချက်ရရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းအတွက် အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်၏ အဓိက ဓာတ်မြေသြဇာပို့ကုန်ဖြစ်သော ပိုတက်ရှ်အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် သဘော  တူညီခဲ့သည်။

 လွတ်မြောက်လာသူများ

အဲလစ် ဘီယာလျပ်စကီး - ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲဆုရှင်ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ထောင်ချခံထားရသူဖြစ်သည်။

မာရီယာ ကာလက်စ်နီကာဗာ - ၂၀၂၀ ပြည့်နှစ် လူကာရှန်ကို ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။

အခြားလွတ်မြောက်လာသူများမှာ

အကျဉ်းသား ၉ ဦး လစ်သူယေးနီးယားနိုင်ငံသို့ ပေးပို့ခဲ့သည်။

အကျဉ်းသား ၁၁၄ ဦးကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။

အမေရိကန်၏ ရပ်တည်ချက်

လာမည့်လများအတွင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ခန့်အထိ လွတ်မြောက်လာနိုင်  ဖွယ်ရှိကြောင်း အမေရိကန် ကိုယ်စားလှယ် ဂျွန်ကိုးလ်ကပြောကြားခဲ့သည်

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာပါက ပိတ်ဆို့အရေးယူမှု အများစုကို ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။

အမေရိကန်၏ သံတမန်ရေးရာ ဆောင်ရွက်ချက်သည် ဘီလာရုစ်က ရုရှားအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ရည်ရွယ်သည်။

တုံ့ပြန်မှုများနှင့် ထုတ်ပြန်ချက်များ

 ဘီယာလျပ်စကီးက သူ၏ လွတ်လပ်ခွင့်ကို ကြိုဆိုခဲ့သော်လည်း ထောင်ပေါင်းများစွာ အကျဉ်းကျ ခံနေရဆဲ ဖြစ်ကြောင်း ထောက်ပြကာ လူ့အခွင့်အရေး တိုက်ပွဲ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

နော်ဝေ နိုဘယ်ကော်မတီက သူ၏ လွတ်မြောက်မှုအပေါ် စိတ်သက်သာရာရကြောင်းနှင့် ဝမ်းမြောက် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်ပရောက် ဘီလာရုစ် အတိုက်အခံများက ထရမ့်ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဤသဘော  တူညီချက်သည် ပိတ်ဆို့အရေးယူမှုများ ထိရောက်ကြောင်း သက်သေပြနေသည်ဟု ဆိုသော်လည်း စနစ် ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် တိုက် တွန်းခဲ့သည်။

နောက်ခံအကြောင်းအရာ

၂၀၂၀ ရွေးကောက်ပွဲ နှိမ်နင်းမှုများနှင့် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းစစ်ကို ထောက်ခံခဲ့ခြင်းတို့ကြောင့် ဘီလာရုစ်သည် အနောက်နိုင်ငံများ၏ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် နိုင်ငံရေးအကျဉ်းသားများ ရှိနေသည်ဆိုခြင်းကို ငြင်းဆိုလေ့ ရှိပြီး ယခင်က ပြန်လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့ Viasna ၏ ခန့်မှန်းချက်အရ စနေနေ့က အကျဉ်းသားလွှတ်ပေးခြင်း မတိုင်မီအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁,၂၂၇ ဦး ကျန်ရှိနေသေးသည်ဟုဆိုသည်။

အလားအလာ

ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ နောက်ထပ် လွှတ်ပေးမှုများ ဖြစ်လာနိုင်သည်။

ကျန်ရှိနေသေးသော ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး သေချာစေရန်အတွက် ဆက်လက်ထိတွေ့  ဆက်ဆံသွားရန် အသင့်ရှိကြောင်း အမေရိကန်က အချက်ပြခဲ့သည်။

သတင်းအရင်းအမြစ်- နိုင်ငံတကာသတင်းဌာနများ

Health

တရုတ်နိုင်ငံက မူ/လယ် ကျောင်းသားများ၏ စိတ်ဖိစီးမှု လျှော့ချရန် အိပ်ချိန်ပိုပေးပြီး screen ကြည့်ချိန် လျှော့ချ

ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ (ရိုက်တာ) - တရုတ်အာဏာပိုင်များက မူလတန်းနှင့် အလယ်   တန်းကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဖိအားများ လျှော့ချခြင်း၊ စခရင်ကြည့်ချိန် (screen time) လျှော့ချခြင်း နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှစ်နာရီ မဖြစ်မနေ လုပ်ဆောင်စေခြင်းတို့ဖြင့် ကျောင်းသား  သူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်စေရန် ရည်ရွယ်သည့် အစီအမံများကို ကြေညာခဲ့  သည်။

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည့် အဆိုပါ အစီအမံများတွင် စာသင်ခန်းအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အင်တာနက်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချရန် "စခရင်မကြည့်ရ" (screen-free) အချိန်ကာလတစ်ခု ထားရှိခြင်းတို့ ပါဝင်သည်။

ကျောင်းများအနေဖြင့် အိမ်စာပမာဏ စုစုပေါင်းကို "တင်းကြပ်စွာ ထိန်းချုပ်" ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ကျောင်းဖွင့်ရက်တိုင်းတွင် ကိုယ်လက်လှုပ်ရှားမှု "အနည်းဆုံး" နှစ်နာရီ ပေးရမည်ဖြစ်သည်။

ကျောင်းများအား ကျောင်းလာချိန်နှင့် ကျောင်းဆင်းချိန်များကို "ကျိုးကြောင်းဆီလျော်သော" ပုံစံဖြင့် စီစဉ်ခြင်း၊ လုံလောက်သော နေ့လည်စာစားချိန်များ ခွင့်ပြုခြင်းတို့ဖြင့် "ကျောင်းသားများ လုံလောက်စွာ အိပ်စက်အနားယူခွင့် အသေအချာရရှိစေရန် " ကိုလည်း တိုက်တွန်းထားသည်။

"အိပ်စက်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန်၊ အလွန်အကျွံ စာကျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား တားဆီးရန် နှင့် အလွန်အကျွံ ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ကာကွယ်ရန်" ဟု ဝန်ကြီးဌာနက အဆိုပါ အစီအမံများကို ကြေညာ  သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစီအမံများသည် အထူးသဖြင့် စာမေးပွဲများရှိလာသည့်ကာလတွင် ကျောင်းသားများ စိတ်ဖိစီး  မှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်သည်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အိမ်စာ ဝန်းပိခြင်းကို အများအားဖြင့် တွေ့ကြုံနေရပြီး၊ ယင်းသည် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါများ တိုးပွားလာစေသည်ဟု ကျွမ်းကျင်   သူများက ပြောကြားသည်။

အောက်တိုဘာလတွင် သီးခြား ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်ခုတွင်လည်း ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ၏ ကျောင်းပြင်ပတာဝန်များကို ကန့်သတ်ခြင်း၊ အားလပ်ရက်များနှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ဖြင့်ယင်းတို့၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ    ပေးနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အိမ်စာများ လျှော့ချရန်နှင့် အဓိက ဘာသာရပ်များအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်များကို တားမြစ်ရန် ကြိုးပမ်းသည့် ပညာရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့  သည်။ သို့သော်လည်း မိဘအများအပြားသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာယှဉ်ပြိုင်မှုရှိသော ပညာရေး   စနစ်တွင် သူတို့၏ ကလေးများ အသာစီးရစေရန်အတွက် ကျူရှင် ဝန်ဆောင်မှုများကို ဆက်လက် ရှာဖွေ  နေကြဆဲ ဖြစ်သည်။

 

နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

၂၀ ဇူလိုင် ၂၀၂၅

နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

Source:hindustantimes.com

ဆော်ဒီအာရေဗျ၏ "အိပ်ပျော်နေသော မင်းသား"  အနှစ်၂၀ကျော် မေ့မြောနေရာမှ ကွယ်လွန်

၂၀ ဇူလိုင် ၂၀၂၅

ဆော်ဒီအာရေဗျ တော်ဝင်မင်းသားတစ်ပါးဖြစ်သူ မင်းသား အလ်-ဝါလစ် ဘင် ခါလစ် အလ်-ဆော့ဒ် (Prince Al-Waleed bin Khalid Al-Saud) သည် လန်ဒန်တွင် ၂၀၀၅ ခုနှစ်က ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ကားမတော်တဆမှုတစ်ခုကြောင့် ၁၅ နှစ်သားအရွယ်ကတည်းက သတိမေ့မြောခဲ့ရာ ဆယ်စုနှစ် နှစ်စုကျော်အကြာ ယခုအခါ အသက် ၃၆ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

ထိုဆိုးရွားသည့် မတော်တဆမှုတွင် မင်းသား အလ်-ဝါလစ်သည် ဦးနှောက်သွေးကြောပေါက်ကာ ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပွားခဲ့သည်။ "အိပ်ပျော်နေသော မင်းသား" ဟု လူသိများသော ၎င်းအား ဆေးရုံတွင် အသက်ရှူစက်ဖြင့် ထိန်းထားခဲ့သော်လည်း သတိအပြည့်အဝ ပြန်လည်မရရှိခဲ့ပေ။

မင်းသား အလ်-ဝါလစ်သည် မင်းသား ခါလက်ဒ် ဘင် တာလာ အလ် ဆော့ဒ် (Prince Khaled bin Talal Al Saud) ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်ဖြစ်သူက ယနေ့ X (ယခင် Twitter) တွင် ဝမ်းနည်းဖွယ်ပို့စ်တစ်ခုဖြင့် သားဖြစ်သူ၏ ကွယ်လွန်ခြင်းကို အတည်ပြုခဲ့သည်။

ကုရ်အာန်ကျမ်းလာ စာသားတစ်ခုကို ကိုးကား၍ သူက "အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် ပြဋ္ဌာန်းချက်ကို ယုံကြည်သောနှလုံးသားများဖြင့် ကျွန်ုပ်တို့၏ ချစ်လှစွာသောသား၊ မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ဘင် တာလာ ဘင် အဘ်ဒူလာဇစ် အလ် ဆော့ဒ်  သည် ယနေ့ ကွယ်လွန်သွားပြီဖြစ်ပါသဖြင့် အလွန်အမင်း  အလွန်ပင်ဝမ်းနည်းကြေကွဲစွာကြရပါသည်။ အလ္လာဟ်အရှင်မြတ် ကောင်းကင်ဘုံသို့ ပို့ ဆောင်ပါစေ" ဟု ရေးသားခဲ့သည်။

မင်းသား အလ်-ဝါလစ်သည် လန်ဒန်ရှိ စစ်ကောလိပ်တွင် ပညာသင်ကြားနေစဉ် ဆိုးရွားပြင်းထန်လှသော ကားမတော်တဆမှုတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ  မြို့တော် ရီယာ့ဒ် (Riyadh) ရှိ King Abdulaziz Medical City ဆေးရုံသို့ တင်ပို့ခဲ့ရပြီး ထိုအချိန်မှစ၍ သတိမေ့မြောနေခဲ့သည်။

မင်းသား အလ်-ဝါလစ်၏ ဖခင်သည် သားဖြစ်သူ တစ်နေ့နေ့တွင် အပြည့်အဝ ပြန်လည် သက်သာလာမည်ဟု မျှော်လင့်ချက်ကို ဘယ်သောအခါမျှ လက်မလွှတ်ခဲ့ပေ။ သူသည် မင်းသားအား ပြုစုစောင့်ရှောက်ရာတွင် ဆက်လက်ပါဝင်ခဲ့ပြီး အသက်ကယ်စက်ဖြုတ်ရန် တောင်းဆိုမှုများကို ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့သည်။

ကွယ်လွန်ကြောင်း ကြေညာပြီးနောက် "အိပ်ပျော်နေသော မင်းသား" (Sleeping Prince) ဟက်ရှ်တက်ဂ် hashtag သည် လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားခဲ့ပြီး ထောင်နှင့်ချီသော လူများက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

"မင်းသား အလ်-ဝါလစ် ဘင် ခါလက်ဒ် ကောင်းရာဘုံဘဝ ရောက်ပါစေ။ သူ့ကိုချစ်ခင်ရသူများအတွက် အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲမိပါတယ်" ဟု တစ်ဦးက ရေးသားခဲ့သည်။ "ကမ္ဘာမြေပေါ်က မင်းရဲ့အချိန်တွေဟာ မင်းရဲ့မိသားစုနဲ့ ကမ္ဘာအတွက် ကောင်းချီးမင်္ဂလာပါပဲ" ဟု နောက်တစ်ဦးက ဆိုသည်။ "နူးညံ့သိမ်မွေ့တဲ့ သူရဲ့ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ" ဟု တတိယတစ်ဦးက ပြောကြားခဲ့သည်။

မင်းသားအတွက် နာရေးဆုတောင်းပွဲများကို ယနေ့ ရီယာ့ဒ်ရှိ Imam Turki bin Abdullah Mosque တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Source: nypost.com

x sleeping prince saudi arabia 108448338

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.