၂၆ နိုဝင်ဘာ ၂၀၂၅

မြန်မာနိုင်ငံတွင်မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲကြီးတွင် မဲပေးခွင့်ရရှိစေရေးအတွက်  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပုဒ်မ ၅၀၅-က ဖြင့် အရေးယူအပြစ်ပေးခံရသူများကို  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် စွဲဆိုဆဲယင်းအမှုများကိုပါ ပိတ်သိမ်းပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက်ညတွင် အမိန့်များထုတ်ပြန်ကြေညာခဲ့သည်။

အမိန့်အမှတ်၁၀/၂၀၂၅ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံရပြီး အကျဉ်း  ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/  အကျဉ်းသူ ၇၂၄ ဦးကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါ မည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

အမိန့်အမှတ် ၁၁/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှု ထင်ရှားစီရင်ခံ  ရပြီး အကျဉ်း ထောင်/အချုပ်ထောင်/အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၂၃၆၁ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည်။

ထို့အပြင် အမိန့်အမှတ် ၁၂/၂၀၂၅ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်နေ သဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦး တို့၏ ကြားနာစစ် ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ခဲ့ကြောင်း သိရသည်။

မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး  နှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ယခုကဲ့သို့ အမိန့်များထုတ်ပြန် လွတ်ငြိမ်းခွင့်များပေးခဲ့ခြင်းဖြစ်ကြောင်း အမိန့်များတွင် ဖော်ပြ ထားသည်။ End-