၂၆ ဖေဖော်ဝါရီ၊၂၀၂၆

ဆိုဗီယက်ပြည်ထောင်စုနှင့်ရုရှားနိုင်ငံတို့ရဲ့ သူရဲကောင်းဘွဲ့တွေချီးမြှင့်ခြင်းခံခဲ့ရတဲ့ ထင်ရှားသည့်  အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich သည် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အာကာသနည်းပညာအကြောင်းတွေကို ဟောပြောပို့ချမှုတွေပြုလုပ်ခဲ့ပါတယ်။

သူဟာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများနှင့် လည်းကောင်း၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာသပြတိုက်၌ ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး အာကာသနည်းပညာနှင့် အာကာသအတွေ့  အကြုံတွေကို ဟောပြောခဲ့တာဖြစ်ပါတယ်။

Mr. KRIKALEV သည် အာကာသစူးစမ်းလေ့လာရေးခရီးစဉ် (၆) ခုအထိ လိုက်ပါခဲ့ပြီး အာကာသထဲတွင် စုစုပေါင်း ၈၀၃ ရက်၊ ၉ နာရီနှင့် ၃၉ မိနစ် အထိ နေထိုင်ခဲ့ပါတယ်။ ထိုစံချိန်ကို ၂၀၁၅ ခုနှစ်တွင် အခြား  ရုရှားအာကာသယာဉ်မှူး Gennady Padalka က မချိုးဖျက်ခင်အချိန်အထိ၊ သူသည် ကမ္ဘာပေါ်တွင် အာကာသထဲ၌ အချိန်အကြာဆုံးနေထိုင်ခဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

သူသည် အမေရိကန်၏အမျိုးသားအာကာသအေဂျင်စီ(NASA) နှင့် ရုရှား၏ Roscosmos တို့ ပူးပေါင်း  ဆောင်ရွက်မှုတွင် အရေးပါသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ရုရှား၏ Soyuz အာကာသယာဉ်များသာမက၊ အမေရိ  ကန်၏ Space Shuttle (အာကာသလွန်းပျံယာဉ်) များဖြင့်ပါ လိုက်ပါပျံသန်းခဲ့ဖူးသူဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ပထမဆုံးသွားရောက်နေထိုင်ခဲ့သည့် အဖွဲ့ (Expedition 1) တွင်လည်း သူပါဝင်ခဲ့ပါတယ်။

မြန်မာ-ရုရှား အာကာသပူးပေါင်းဆောင်ရွက်မှုများကဲ့သို့သော နိုင်ငံတကာနှင့် ချိတ်ဆက်  လုပ်ဆောင်  ရသည့် နည်းပညာနှင့် သင်တန်းရေးရာကိစ္စရပ်များတွင် သူသည် Roscosmos ဘက်မှ အဓိကကျသော ဦးဆောင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်တယ်လို့သိရပါတယ်။

အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich  သည် ရုရှား နိုင်ငံပိုင်  အာကာသ    ကော်ပို ရေးရှင်း (ROSCOSMOS) အထွေထွေညွန်ကြားရေးမှူးချုပ် H.E.BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံသို့ လိုက်ပါခဲ့တာဖြစ်ပါတယ်။

ROSCOSMOS အထွေထွေညွှန်ကြားရေးမှူးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာအာကာသ  အေဂျင်စီ (MSA) ၌ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင် တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှား-မြန်မာအာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု  ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။