#World_News
Published 24 February 2025
▪️ ဒေါ်နယ်ထရမ့် အစိုးရအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီ(USAID)မှ အချိန်ပြည့်ဝန်ထမ်း ၄,၇၀၀ ထဲမှ အားလုံးနီးပါးကို တနင်္ဂနွေ ညလယ်အချိန်မှာ လစာပေး အလုပ်နားခွင့်ပေးလိုက်ပြီး တဆက်တည်းမှာပဲ အလုပ်နေရာပေါင်း ၁,၆၀၀ ကိုလည်း ဝန်ထမ်းအင်အား လျှော့ချခြင်း အစိတ်အပိုင်းအနေဖြင့် အဆုံးသတ်သွားမယ်လို့ USAIDဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
▪️ ရုပ်သိမ်းသွားမယ့် အလုပ်နေရာတွေက အမေရိကန်အခြေစိုက်တွေ ဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။
▪️ နိုင်ငံရပ်ခြားမှာ အခြေချနေတဲ့ အချိန်ပြည့်ဝန်ထမ်းတွေအတွက်လည်း အမေရိကန်သို့ ဆန္ဒအလျောက်ပြန်လာဖို့ ပရိုဂရမ်လည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
▪️ ဝန်ထမ်းတွေအနေနဲ့ နောက်ထပ်ညွှန်ကြားချက်များ စောင့်ကြည့်နိုင်ဖို့ အီးမေးလ်အသုံးပြုခွင့် ဆက်လက်ရရှိမှာ ဖြစ်ပေမယ့် ခွင့်ပြုချက်မရဘဲနဲ့တော့ အေဂျင်စီဖိုင်တွေကို ဝင်ခွင့်ရမှာ မဟုတ်ဘဲ နိုင်ငံရပ်ခြားအခြေစိုက် ဝန်ထမ်းတွေကတော့ အေဂျင်စီစနစ်တွေ၊ သံတမန်ရေးရာနဲ့ အခြားအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခွင့် ရထားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
▪️ အရေးကြီးမစ်ရှင်တာဝန် ထမ်းဆောင်နေသူများ၊ အဓိကဦးဆောင်နေသူများ၊ အထူးတာဝန်ပရိုဂရမ်များမှာ ပါဝင်သူတွေကတော့ ဒီကြေညာချက်ကနေ ကင်းလွတ်လိမ့်မယ်လို့ စီမံအုပ်ချုပ်ရေးရုံးမှ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
▪️ လာမယ့်သီတင်းပတ်ထဲမှာ USAID အလုပ်ခွင်ဟောင်းများမှ ပုဂ္ဂိုလ်ရေးပစ္စည်းများ ဘယ်လိုပြန်ယူမလဲဆိုတာနဲ့ အစိုးရထုတ်ပေးတဲ့ ပစ္စည်းများ ဘယ်လိုပြန်ပေးရမလဲဆိုတာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
▪️ ယခုအစီအစဉ်ကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက ခွင့်ပြုလိုက်ပြီးနောက်မှာ ကြေညာချက်ထွက်လာတာ ဖြစ်ပါတယ်။
▪️ ဒီအစီအစဉ်ကို ဖေဖော်ဝါရီ ၄ ရက်နေ့က ပထမဆုံးကြေညာခဲ့ပေမယ့် အေဂျင်စီဝန်ထမ်းတွေကို ကိုယ်စားပြုတဲ့ သမဂ္ဂတွေက အစိုးရကို တရားစွဲဆိုခဲ့ပါသေးတယ်။
▪️ ထရမ့်သမ္မတတာဝန် မယူခင်မှာ USAIDမှာ လုပ်ကိုင်နေသူ ၁ သောင်းကျော်ရှိခဲ့ပါတယ်။
▪️ အမည်မဖော်လိုသူ သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ ဝန်ထမ်းရာဂဏန်းခန့်သာ ဆက်လက်လုပ်ကိုင်သွားလိမ့်မယ်လို့ သိရပါတယ်။
#Source: NPR
#World_Health
Published 24 February 2025
▪️ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်း၊ တစ်ရှူးတိုင်း၊ အင်္ဂါတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေကို တစ်နေ့ဘယ်လောက်သောက်ရမလဲဆိုပြီး ဆုံးဖြတ်ဖို့ ခက်ခဲနေကြပါသေးတယ်။
▪️ ရေဓာတ်ချို့တဲ့ရင် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်သလို ရေဓာတ်လွန်ကဲသွားရင်လည်း ဒုက္ခများနိုင်ပါတယ်။
▪️ သိပ္ပံ၊ အင်ဂျင်နီယာနဲ့ဆေးအကယ်ဒမီများရဲ့ အဆိုအရ တစ်နေ့တာအတွက် ရေလိုအပ်ချက်က အမျိုးသားတွေမှာ ၃.၇ လီတာ၊ အမျိုးသမီးတွေမှာ ၂.၇ လီတာရှိပြီး စားသောက်ရာကနေ ရမယ့်အရည်တွေပါ ထည့်တွက်ထားတာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် လှုပ်ရှားမှုအတိုင်းအတာ၊ ရာသီဥတု အခြေအနေတို့ကလည်း ရေလိုအပ်ချက်ကို ပြောင်းလဲစေနိုင်ပါတယ်။
▪️ ကျောက်ကပ်ကျန်းမာရေးအတွက် ရေကအရေးကြီးပြီး သွေးထဲက အညစ်အကြေး စွန့်ပစ်ခြင်း၊ အီလက်ထရိုလိုက် ထိန်းညှိခြင်း၊ အရည်ထိန်းသိမ်းခြင်းတို့ကို ကျောက်ကပ်က လုပ်ဆောင်ရတယ်လို့ နယူးဒေလီ BLK Max Super Speciality ဆေးရုံမှ ကျောက်ကပ်အထူးကု ဒေါက်တာ ဘာနုမစ်ရှရာက ပြောသွားပါတယ်။
▪️ ရေလိုအပ်ချက်က တစ်ယောက်နဲ့တစ်ယောက် တစ်ချိန်နဲ့တစ်ချိန် မတူညီနိုင်ပါဘူး။
▪️ ကိုယ်အလေးချိန် များသူတွေ၊ လှုပ်ရှားမှုများသူတွေ၊ ရာသီဥတု ပူနွေးတဲ့နေရာမှာ နေထိုင်သူတွေ၊ အငန်ဓာတ် အစားများသူတွေ၊ အမျိုးသားတွေ၊ ငယ်ရွယ်သူတွေ၊ အယ်လ်ကိုဟော ကဖင်းသောက်သုံးသူတွေဟာ ရေဓာတ်ပိုမိုလိုအပ်နိုင်ပါတယ်။
▪️ ရေဓာတ်များလွန်းရင်လည်း သွေးထဲက ဆိုဒီယံပမာဏ လျော့နည်းကာ မူးဝေအော့အန်ခြင်းလိုမျိုး ပြဿနာ ခံစားရနိုင်ပါတယ်။
▪️ ဒါ့အပြင် ကျောက်ကပ်မကောင်းသူတွေမှာ ပိုလျှံတဲ့အရည်တွေကို စွန့်ပစ်ဖို့ ခက်ခဲနိုင်ပြီး ဖိအားပိုဖြစ်စေနိုင်ပါတယ်။
▪️ ကျောက်ကပ်ကျန်းမာရေး အကောင်းဆုံးဖြစ်ဖို့ သန့်စင်ထားတဲ့ ရေကိုသာ ရွေးချယ်သင့်ပါတယ်။
#Source: India Today
#World_Science
Published 24 February 2025
▪️ အယ်လ်ဘေးနီးယားတောင်ပိုင်း ဗရိုမိုနာဒေသရှိ လိုဏ်ခေါင်းတစ်ခုထဲကနေ ကမ္ဘာ့အကြီးဆုံး မြေအောက်အပူထိန်းရေကန်ကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြရာ ဘူမိသုတေသနကဏ္ဍမှာ ထူးခြားတဲ့အောင်မြင်မှုကြီး ဖြစ်လာပါတယ်။
▪️ ဒီကန်ကို ၂၀၂၁ က ချက်ပြည်သူ့သမ္မတနိုင်ငံမှ သုတေသီများ တွေ့ရှိခဲ့ကြပေမယ့် တိုင်းတာဖို့ ကိရိယာများ မရှိခဲ့ကြပါဘူး။
▪️ Neuronဖောင်ဒေးရှင်းမှ သိပ္ပံပညာရှင်အဖွဲ့က ၂၀၂၄မှာတော့ စကင်နာများယူဆောင်ကာ ရေကန်ဆီ သွားခဲ့ကြပြီး ကန်ထဲက ထိန်းသိမ်းဖုံးကွယ်ထားတဲ့ ရေတွေဟာ အကြီးမားဆုံးဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
▪️ ဖောင်ဒေးရှင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရေကန်ကို Neuronလို့ အမည်ပေးခဲ့ကြကာ အလျား ၁၃၈.၃ မီတာ၊ အကျယ် ၄၂ မီတာနဲ့ ပတ်လည်က ၃၄၅ မီတာရှိပြီး အပူထိန်းသတ္တုရေက ၈၃၃၅ ကုဗမီတာ ရှိပါတယ်။
▪️ ထုံးကျောက်တောင်ထုကနေ ထွက်နေတဲ့ ရေနွေးငွေ့အမြင့်ကြီးကြောင့် မီတာရာနဲ့ချီနက်တဲ့ ချောက်တစ်ခုကို တွေ့ရှိခဲ့ကြတယ်လို့ Neuron Atmos စူးစမ်းလေ့လာရေးမှ အကြီးအကဲ မာရက်ခ်အော်ဒီက ဖော်ပြထားပါတယ်။
▪️ ကြမ်းပြင်မှာဆိုရင် အပူစီးဆင်းမှုရှိပြီး ကြီးမားလှတဲ့ ရေကန်ရှိနေကြောင်း၊ သိပ္ပံနည်းကျ သုတေသနနဲ့ တိကျတဲ့ တိုင်းတာမှုတွေ ပြုလုပ်ရန်လိုအပ်ကြောင်း ပြောထားပါတယ်။
▪️ ချက်နိုင်ငံမှ သိပ္ပံပညာရှင်တွေကို ထောက်ပံ့ပေးနိုင်တဲ့အတွက် အလွန်ဂုဏ်ယူရတယ်လို့ Neuronဖောင်ဒေးရှင်းမှ တွဲဖက်တည်ထောင်သူ မော်နီကာရာဆာဗွန်ဒရာကိုဗာက ပြောသွားပါတယ်။
#Source: WION
#World_Lifestyle
Published 23 February 2025
▪️ သိပ္ပံပညာရှင်တွေက ကြက်ဥပြုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ဖော်ထုတ်လိုက်ပါတယ်။
▪️ ကြက်ဥပြုတ်ကြတဲ့နေရာမှာ ကြက်ဥအနှစ်နဲ့ အကာကို အသင့်လျော်ဆုံး အနေအထားရဖို့ ခက်ခဲတတ်ပါတယ်။
▪️ အကောင်းဆုံးကြက်ဥပြုတ်ဆိုတာ အနှစ်နူးညံ့ပြီး အကာက ပျော့ပျောင်းလုံးခဲနေရပါမယ်။
▪️ ဒီလိုရဖို့အတွက် အချိန်အတိအကျအားဖြင့် ၃၂ မိနစ်ကြာမြင့်မယ်လို့ ဖော်ပြထားပါတယ်။
▪️ အီတလီသိပ္ပံပညာရှင်များက ပုံပန်းသဏ္ဍာန်၊ အရသာနဲ့ အာဟာရပိုင်းအရ ကြက်ဥပြုတ်တဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းရဖို့အတွက် ကြက်ဥ ၃၀၀ ဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
▪️ ကြက်ဥလုံးဝအကျက်ပြုတ်၊ မကျက်တကျက်ပြုတ်နဲ့ အပူချိန်ပြောင်းလဲပြုတ်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။
▪️ အပူချိန်ပြောင်းလဲပြုတ်ခြင်း နည်းစနစ်က အနှစ်က အရသာပိုရှိကာ အကာပိုပျော့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ အပူချိန်ပြောင်းလဲပြုတ်ခြင်း နည်းလမ်းက ရေနွေးပူနဲ့ ရေအေးတို့ကြား ၈ ကြိမ်လောက် ပြောင်းလဲပေးရပါတယ်။
▪️ ရေနွေးပူထဲ ၂ မိနစ်ထည့်၊ ပြီးရင် ရေအေးထဲ ၂ မိနစ်ထည့် ၊ ပြီးရင် ရေနွေးပူထဲ ၂ မိနစ်ပြည့်ထည့်၊ ထိုကဲ့သို့ ၆ ကြိမ်ခန့် ပြောင်းလဲခြင်းကို ၃၂ မိနစ်လောက်ကြာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
▪️ ဒီနည်းလမ်းဖြင့် ကြက်ဥအကာကို အပူပေးကာ အနှစ်ကို အပူချိန်တစ်ခုမှာ ရတဲ့အထိ အအေးခံစေပါတယ်။
▪️ အကာက အပူချိန် ၈၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ထိန်းသိမ်းထားပြီး အနှစ်က ၆၅ ဒီဂရီလောက်မှာ အကောင်းဆုံးဖြစ်ပါတယ်။
▪️ အရေးကြီးတာက ဆူနေတဲ့ရေက ကြက်ဥကိုဖယ်ပြီး အနှစ်လုံးဝမကျက်သွားဖို့ ရေအေးထဲ စိမ်ရတာ ဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 23 February 2025
▪️ အရက်နာကျခြင်းမှ ကာကွယ်နိုင်မယ့် စားစရာအကြောင်းကို ဖလော်ရီဒါတောင်ပိုင်းမှ အဆုတ်အထူးကု ဒေါက်တာ နီနာချန်ဒရာဆယ်ခရန်က အကြံပြုသွားပါတယ်။
▪️ အရက်မသောက်ခင် ချိစ်စားသုံးခြင်းဖြင့် အရက်နာကျခြင်းအန္တရာယ် လျော့ကျစေနိုင်တယ်လို့ TikTokမှာ ဖော်ပြထားပါတယ်။
▪️ ချိစ်မှာ ပရိုတိန်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်အစုအဖွဲ့တို့ ကြွယ်ဝစွာပါဝင်ပြီး အစာအိမ်ဖုံးအုပ်ပေးကာ အယ်လ်ကိုဟော စုပ်ယူခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
▪️ ချိစ်က ခန္ဓာကိုယ်မှာ ဘီယာနဲ့ ကော့တေးလ်တို့ကို ကောင်းစွာချေဖျက်နိုင်စေကာ အသည်းထိခိုက်ခြင်းကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။
▪️ ၂၀၂၃ ကိုရီးယားလေ့လာချက်တစ်ခုမှာ Lactococcus lactis နဲ့ Lactiplantibacillus plantarum ဘက်တီးရီးယားတို့ ပါဝင်တဲ့ ပရိုဘိုင်အိုတစ်ချိစ်တွေဟာ အသည်းရဲ့ အယ်လ်ကိုဟော ချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အရက်နာကျလက္ခဏာ လျော့နည်းစေတယ်လို့ တွေ့ခဲ့ပါတယ်။
▪️ ဒါ့အပြင် အယ်လ်ကိုဟောကြောင့် ဆုံးရှုံးသွားတဲ့ အာဟာရဓာတ်တွေကိုလည်း ပြန်ဖြည့်ပေးနိုင်တယ်လို့ ချန်ဒရာဆယ်ခရန်က ပြောပါတယ်။
အရက်နာကျခြင်းကို ဓာတ်ခွဲခန်းမှာ ပုံစံတူလုပ်ယူဖို့ ခက်ခဲတာကြောင့် သုတေသနလုပ်ဖို့လည်း ခက်ခဲနေပါတယ်။
▪️ အယ်လ်ကိုဟောသောက်ရင်း ရေပါသောက်ပေးပါက အရက်နာကျလက္ခဏာ အဓိကဖြစ်စေတဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့တော့ ကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
▪️ နယူးယော့ခ် အာဟာရပညာရှင် အကြံပြုချက်မှာ အရက်နာကျနေတယ်ဆိုရင် ငှက်ပျောသီး၊ ထောပတ်သီး၊ ဂျင်းတို့ စားသုံးသင့်ပြီး ဆီကြော်များ၊ အနှစ်များပြီး ပူစပ်တဲ့အစာ၊ ကော်ဖီတို့ ရှောင်ရှားသင့်ပါတယ်။
#Source: New York Post
အမေရိကန်မှာ ပျံ့ပွားနေတဲ့ ငှက်တုပ်ကွေးရောဂါကြောင့် ကြက်ဥဈေးနှုန်းမြင့်တက်လာပြီး ကြက်အငှားဝန်ဆောင်မှု လိုချင်သူများပြားလာပါတယ်။
လူတွေက ဥဥပေးတဲ့ ကြက်တွေကို အချိန်ကာလတစ်ခုအထိ ငှားရမ်းတာဖြစ်ပြီး လတ်ဆတ်တဲ့ကြက်ဥများ ပုံမှန်ရရှိစေပါတယ်။
#World_News
Published 22 February 2025
#ငှက်တုပ်ကွေး #ကြက်ဥဈေးနှုန်းမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 February 2025
၁။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း Long Stop Date မတိုင်ခင်လုပ်ငန်းများပြီးပြတ် အောင်ဆောင်ရွက်ရမည်
၂။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ရန်ပြည်ပမှ နည်းပညာအကူအညီများရယူဆောင်ရွက်မည်
၃။ ရွှေလုပ်ငန်းရှင်များအား ဈေးတက်နိုင်သည့် နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုကြရန် အသိပေး
၄။ ငှက်တုပ်ကွေးကြောင့် အမေရိကန်တွင် ကြက်ဥဈေးနှုန်းမြင့်တက်ကာ ကြက်မငှားရမ်းမွေးမြူသူများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 118 of 1007