၂၆ ဖေဖော်ဝါရီ၊၂၀၂၆

အမေရိကန်နဲ့ တရုတ်ကြားမှာ ကုန်သွယ်ရေးတင်းမာမှုတွေ လျှော့ချထားတယ်ဆိုပေမယ့် အမေရိကန် လေကြောင်းအာကာသနဲ့ ချစ်ပ် (chip) ကုမ္ပဏီတွေဆီ ပစ္စည်းသွင်းပေးနေတဲ့ သူတွေဟာ မြေရှားသတ္တု ပြတ်လပ်မှုတွေကို ပိုဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ အခြေအနေဘယ်လောက်ဆိုးလဲဆို ကုမ္ပဏီ နှစ်ခုက ဖောက်သည်တချို့ကိုတောင် လက်မခံနိုင်ဘဲ ငြင်းနေရတဲ့အထိပဲ။ ဒီကိစ္စက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမှာ မတွေ့ဆုံခင် သီတင်းပတ်အနည်းငယ်အလိုမှာ ဖြစ်နေတာပါ။

အစ်ထရီယမ်နှင့် စကင်ဒီယမ်များပြတ်လတ်နေ

အဓိက ပြတ်လပ်နေတာက အစ်ထရီယမ် (yttrium) နဲ့ စကင်ဒီယမ် (scandium) လို မြေရှားသတ္တုတွေ ပါ။ သူတို့က ဒြပ်စင် ၁၇ မျိုးပါတဲ့ အုပ်စုဝင်တွေဖြစ်ပြီး ကာကွယ်ရေးနည်းပညာ၊ လေကြောင်းအာကာသနဲ့ ချစ်ပ်ပြားတွေမှာ နည်းနည်းပဲသုံးရပေမယ့် အရမ်းအရေးပါတယ်။ ပြီးတော့ ဒီသတ္တုတွေကို တရုတ်နိုင်ငံ  ကပဲ နီးပါးလုံးဝ ထုတ်လုပ်နေတာဖြစ်တယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်က ကန့်သတ်ချက်တွေလုပ်ခဲ့ပြီးနောက်ပိုင်း မြေရှားသတ္တု အများအပြားကို ပြန်တင်ပို့ခွင့်ပေးခဲ့ပေမယ့် အောက်တိုဘာလမှာ ဝါရှင်တန်နဲ့ တင်းမာမှုတွေ ဖြေလျှော့ခဲ့တဲ့တိုင်အောင် အမေရိကန်ဆီကိုတော့ ရောက်လာတာ အရမ်းနည်းနေသေးတယ်။ လာမယ့် မတ်လ ပေကျင်းမှာ ထရမ့်နဲ့ ရှီတို့ တွေ့ဆုံတဲ့အခါ တရုတ်က ဒီ ဓာတ်သတ္တုတင်ပို့မှု ကန့်သတ်ချက်တွေကို ဆိုင်းငံ့ပေးဖို့ အပါအဝင် ကုန်သွယ်ရေးတင်းမာမှု ဖြေလျှော့မယ့်ကိစ္စတွေကို ဆွေးနွေးကြလိမ့်မယ်။

ဒီထဲမှာ အဓိက အခက်အခဲကတော့ အစ်ထရီယမ်ပြတ်လပ်တာပါပဲ။ သူ့ကို အင်ဂျင်တွေ၊ တာဘိုင်တွေ အပူချိန်လွန်ကဲပြီး အရည်မပျော်အောင် သုတ်ရတဲ့ အပေါ်ယံသုတ်ဆေးတွေမှာ သုံးတယ်။ ဒီဆေးတွေ မသုတ်ထားရင် အင်ဂျင်တွေ သုံးလို့မရဘူး။ နိုဝင်ဘာလတုန်းက ဒီပြတ်လပ်မှုအကြောင်း ရိုက်တာ  သတင်းဌာနက စတင်ဖော်ပြခဲ့ပြီးကတည်းက ဈေးတွေက ၆၀% ထိ ခုန်တက်သွားပြီး အခုဆို အရင် တစ်နှစ်ကထက် ၆၉ ဆတောင် ပိုများနေပြီ။ သုတ်ဆေးထုတ်တဲ့ ကုမ္ပဏီတချို့ဆိုရင် ကုန်ကြမ်းတွေကို ခွဲတမ်းနဲ့ စပေးနေရပြီ။

မြောက်အမေရိကက သုတ်ဆေးထုတ်ဖို့ အစ်ထရီယမ်ဝယ်တဲ့ ကုမ္ပဏီနှစ်ခုရဲ့ အမှုဆောင်တွေပြောတာ ကတော့ ပစ္စည်းပြတ်လို့ ထုတ်လုပ်မှုကို ယာယီရပ်ထားရတယ်တဲ့။ ကုမ္ပဏီတစ်ခုဆိုရင် သတ်မှတ်ထားတဲ့ အင်ဂျင်ထုတ်လုပ်တဲ့ ဖောက်သည်ကြီးတွေအတွက် ပစ္စည်းချန်ထားချင်လို့ ဖောက်သည်အသေးတွေနဲ့ ပြည်ပဖောက်သည်တွေကိုပါ ငြင်းနေရတယ်။ နောက်ထပ် သုတ်ဆေးကုမ္ပဏီတစ်ခုဆိုရင်လည်း ပစ္စည်း  ပြတ်သွားလို့ အစ်ထရီယမ်အောက်ဆိုဒ်ပါတဲ့ ထုတ်ကုန်တွေ ရောင်းတာကို ရပ်လိုက်ရတယ်။

အမေရိကန်ထုတ်လုပ်သူများစိုးရိမ်နေ

ဒီအစ်ထရီယမ်နဲ့ စကင်ဒီယမ် ပြတ်လပ်မှုက ဂျက်အင်ဂျင်တွေ၊ ချစ်ပ်ပြားတွေ ထုတ်လုပ်မှုကို အခုထိတော့ ကြီးကြီးမားမား မထိခိုက်သေးဘူး။ ဒါပေမယ့် အမေရိကန် ထုတ်လုပ်သူတချို့တော့ တရုတ်ဆီက မြေရှား  သတ္တုတချို့ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ အမေရိကန် အစိုးရအရာရှိတစ်ဦးက ဆိုတယ်။ ကိန်းဂဏန်း  တွေအရဆို ဧပြီလ ကန့်သတ်ချက်တွေ စလုပ်ပြီးနောက် ၈ လအတွင်း တရုတ်က အမေရိကန်ကို အစ်ထရီ  ယမ် ၁၇ တန်ပဲ ပို့ခဲ့တယ်။ ကန့်သတ်ချက် မလုပ်ခင် ၈ လတုန်းက ၃၃၃ တန်တောင် ပို့ခဲ့တာ။ ဇယားတွေ  အရ ဂျာမနီနဲ့ ကိုရီးယားကိုတော့ တင်ပို့မှုတွေ ပြန်ဦးမော့လာပေမယ့် အမေရိကန်ကိုတော့ တမင်ပိတ်   ထားတဲ့သဘောဖြစ်နေပါတယ်။

အိမ်ဖြူတော်အရာရှိတစ်ဦးကတော့ ထရမ့်အစိုးရအနေနဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် ဒီလိုအရေးပါတဲ့ ဓာတ်သတ္တုတွေရအောင် လုပ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုတယ်။ ဒီအထဲမှာ တရုတ်နဲ့ ညှိနှိုင်းတာ၊ သမ္မတရှီနဲ့ လုပ်ထားတဲ့ သဘောတူညီချက်တွေကို လိုက်နာမှုရှိမရှိ စောင့်ကြည့်တာနဲ့ လိုအပ်  ရင် တခြားထောက်ပံ့ရေးလမ်းကြောင်းတွေ ရှာဖွေတာတွေ ပါဝင်တယ်။ ဒီသတင်းအတွက် ရိုက်တာက အမေရိကန် အရာရှိတွေ၊ လေကြောင်းအာကာသနဲ့ ချစ်ပ်ကုမ္ပဏီ အမှုဆောင်တွေ၊ လေ့လာဆန်းစစ်သူ စုစု  ပေါင်း ၂၀ နီးပါးလောက်ကို မေးမြန်းခဲ့တာဖြစ်ပြီး တရုတ် စီးပွားကူးသန်းဝန်ကြီးဌာနကတော့ မေးခွန်း  တွေကို ဘာမှပြန်မဖြေခဲ့ပါဘူး။

အစ်ထရီယမ် နည်းနေတာက အင်ဂျင်ထုတ်လုပ်မှုကို မထိခိုက်သေးပေမယ့် ထုတ်လုပ်သူတွေကတော့ စိုးရိမ်နေကြတယ်။ လေကြောင်းအာကာသ ထောက်ပံ့ရေး ကျွမ်းကျင်သူ ကယ်ဗင်မိုက်ကယ်က "ဒါဟာ တရုတ်က သူ့ရဲ့ မြေရှားသတ္တု သြဇာကို ဘယ်လိုအသုံးချနေလဲဆိုတဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်လို့ စောင့်ကြည့်ရမယ့်အရာပဲ" လို့ ပြောတယ်။ အခုဆို လေကြောင်းလိုင်းတွေရဲ့ အပိုပစ္စည်း လိုအပ်ချက်နဲ့ ဘိုးအင်းလေယာဉ်တွေ ပိုထုတ်လာတာတွေကြောင့် အင်ဂျင်ထုတ်လုပ်သူတွေ အတော်လေး ရုန်းကန်  နေရချိန်လည်း ဖြစ်နေပါတယ်။

မျိုးဆက်သစ် 5G ချစ်ပ်တွေ ထုတ်လုပ်ရေးကိုပါထိခိုက်

အစ်ထရီယမ်အပြင် အမေရိကန် ချစ်ပ်ထုတ်လုပ်သူတွေအတွက် စကင်ဒီယမ်ပါ ပြတ်လပ်နေတယ်။ ဒီတော့ မျိုးဆက်သစ် 5G ချစ်ပ်တွေ ထုတ်လုပ်ရေးအတွက်ပါ အန္တရာယ်ရှိနေပြီလို့ SemiAnalysis ရဲ့ CEO ဒိုင်လန်ပတဲလ်က ပြောတယ်။ စကင်ဒီယမ်က တစ်နှစ်ကို တစ်ကမ္ဘာလုံးမှာ တန်ချိန် ဒါဇင်နည်းနည်းပဲ ထွက်တာဖြစ်တယ်။ သူက လောင်စာဆဲလ်တွေ၊ လေယာဉ်သုံး အလူမီနီယမ်သတ္တုစပ်တွေနဲ့ အဆင့်မြင့် ချစ်ပ်ပြားလုပ်ငန်းတွေအတွက် အရေးပါတယ်။

အမေရိကန်က အဓိက ချစ်ပ်ထုတ်လုပ်သူတွေ အကုန်လုံးက 5G ဖုန်းတွေနဲ့ အခြေစိုက်စခန်းတိုင်းမှာ ပါဝင်မယ့် ချစ်ပ်တွေလုပ်ဖို့ ဒီ စကင်ဒီယမ်ကို အားထားနေရတာပါ။ ပြီးခဲ့တဲ့လတွေမှာ တရုတ်ဆီက စကင်ဒီယမ် ပို့ကုန်လိုင်စင်အသစ်ရဖို့ ကြန့်ကြာနေလို့ ချစ်ပ်ထုတ်လုပ်သူတွေက ဝါရှင်တန်ကို အကူအညီ  တောင်းထားရတယ်။ ကုမ္ပဏီတော်တော်များများက တတိယနိုင်ငံတွေကနေတစ်ဆင့် ဝယ်ခဲ့ပေမယ့် အခု တရုတ်က နောက်ဆုံးသုံးစွဲသူ ဘယ်သူလဲဆိုတာကိုပါ ကြေညာခိုင်းနေတယ်။ "အမေရိကန်ရဲ့ တစ်ပိုင်းလ  ျှပ်ကူးပစ္စည်း (semi) လုပ်ငန်းကို တရုတ်က တိတိကျကျ ပစ်မှတ်ထားနေတယ်လို့ ကျွန်တော်တို့ ယူဆတယ်" လို့ အမေရိကန်အရာရှိက ပြောတယ်။ အမေရိကန် ချစ်ပ်လုပ်ငန်းအသင်းကတော့ မှတ်ချက်   ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

"အမေရိကန်မှာ ပြည်တွင်း စကင်ဒီယမ်ထုတ်လုပ်မှု လုံးဝမရှိသလို၊ တရုတ်ပြင်ပမှာ လက်တွေ့လည်ပတ်  နေတဲ့ အစားထိုးစရာ လမ်းကြောင်းလည်း မရှိဘူး။ လက်ကျန်သိုလှောင်ထားတာတွေကလည်း နှစ်နဲ့ချီပြီး မခံတော့ဘဲ လပိုင်းလောက်ပဲ သုံးလို့ရတော့မယ်" လို့ ပတဲလ်က ဖြည့်စွက်ပြောပြခဲ့ပါတယ်။

သတင်းအရင်းအမြစ်-ရိုက်တာ