#Local_News
Published-8 December 2022
သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်လိုသူတွေအနေဖြင့် ဆက်လက်လျှောက်ထားနိုင်ကြောင်း ပညာရေးဌာနမှ အသိပေးကြေညာထားသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားရန် ကြေညာထားကြောင်း၊ ယင်းအပြင် သတ်မှတ်ကာလကျော်လွန်သွားသော်လည်း အမှန်တကယ် ဖြေဆိုလိုသူတွေအနေဖြင့် အခွင့်အရေးမဆုံးရှုံးစေရန် နေပြည်တော် (သို့မဟုတ်) ရန်ကုန်တွင်ရှိသည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တိုက်ရိုက်လာရောက် လျှောက်ထားမည်ဆိုပါက ခြွင်းချက်အနေဖြင့် လက်ခံပေးမည်ဖြစ်ကြောင်းသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၈၁,၇၅၁ ဦး ရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 8 December 2022
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်၍ တစ်နိုင်ငံလုံးကို မီးအလှည့်ကျ ပေးနေရကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ယခုကာလမှာ မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓါတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို့ ပြင်ဆင်ထိန်းသိမ်းနေခြင်း၊ လာမည့်နွေရာသီကာလ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေလှောင်တမံများရှိ သိုလှောင်ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်သောကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိအများပြည်သူများအား အလှည့်ကျ ဝန်အားလျှော့ချကာ ဓာတ်အားဖြန့်ဖြူးပေးနေရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ၅နာရီအတွင်း အုပ်စုခွဲ၍ အလှည့်ကျ ဓာတ်အားဖြန်ဖြူးပေးနေရပြီး နေ့ပိုင်းအချိန်အတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အတွက် စက်မှုဇုန်များကို ဦးစားပေးဓာတ်အားဖြန့်ဖြူးပေးထားကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန်ထားသည်။
ဆေးရုံများ၊ တက္ကသိုလ်ကျောင်းများ၊ဘုရားစေတီများနှင့် အရေးကြီးဌာနဆိုင်ရာများအား တတ်အားသမျှ ၂၄နာရီ ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် စီမံပေးထားပါသည်။
ညနေ ၅ နာရီမှ နောက်တစ်နေ့ နံနက်၉နာရီအထိ ဓာတ်အားစနစ်မှခွဲဝေရရှိသည့် လျှပ်စစ်စွမ်းအင်ပမာဏကို အများပြည်သူထံအတတ်နိုင်ဆုံးမျှတကာ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ယင်းအချိန်အတွင်း ဓာတ်အားစနစ် အတွင်းရှိ ဓာတ်အားလိုင်းများ ချို့ယွင်းခြင်း၊ ဓာတ်အားထုတ်စက် (Generator) များ ချို့ယွင်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုပျက်ပြားပြီး System Breakdown ဖြစ်ပေါ်ခြင်းမှကာကွယ်နိုင်ရန် အရေးပေါ်ဝန်အား လျှော့လျက်ဓာတ်အားပိတ်ရခြင်းများရှိသည့်အခါ ပြည်သူများ နေ့စဉ်လုပ်ငန်းဆောင်တာအခက်အခဲဖြစ်ပေါ်မည် ဖြစ်ကြောင်းလည်း ပန်ကြားထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 December 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်တွင် ဆင်လိမ္မာများ ဖျော်ဖြေမှုကို ယခုနှစ် စတင်မည်ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံက ပြောသည်။
“ဆင်စခန်းကို ဖွင့်ထားပေမဲ့ ရွှေစက်တော်ဘုရား ပွဲတော်ချိန်မဟုတ်တော့ လာရောက်သူ နည်းပါတယ်။ နည်းပါးတာပေါ့။ ဒီနှစ်မှာ ဆင်လိမ္မာလေးတွေ ကပြဖျော်ဖြေ ဧည့်ခံတဲ့အစီအစဉ်ကို ပထမဆုံး ထည့်သွင်းဖို့ စီစဉ်ထားပါတယ်"ဟု အဆိုပါ တာဝန်ခံက ပြောသည်။
၎င်းဆင်စခန်းသို့ လာရောက်အပန်း ဖြေသူများအား ခရီးသွားဝန်ဆောင်မှုများအနေဖြင့် ခရီးတိုဆင်စီး၍ သဘာဝရှုခင်းများ ကြည့်ရှုနိုင်စေရန်နှင့် မန်းချောင်းဘေးတွင် ဆင်များနှင့်အတူ ရေချိုး အပန်းဖြေအနားယူခြင်းတို့ကိုလည်း ပြုလုပ်နိုင်ရန် ယခုအခါ ယာယီတံတား၊ တည်းကျောင်း နှင့် ပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းတွင် ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်း ဆင် (၁၁)ကောင်ရှိကြောင်း၊ မကြာမီတွင် ဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်မည်ဖြစ်ပြီး ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်၊ ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်၊ ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တည်းခိုဆောင်ဘန်ဂလို(၁၁)လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၃၀၀၀၀ ကျပ်သတ်မှတ်ထားကြောင်းလည်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနအနေဖြင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွား လုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 8 December 2022
လာမည့် ၂၀၂၃ ခုနှစ်တွင် တက်ရောက်သင်ကြားမည့် (ပထမနှစ်) သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူ ၄၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။
ဝန်ကြီးဌာနတွင် သူနာပြုတက္ကသိုလ်နှစ်ခုနှင့် သူနာပြုသင်တန်းကျောင်း (၂၇) ကျောင်း၊ သားဖွားသင်တန်းကျောင်း (၂၃) ကျောင်း၊ နှီးနွယ်သင်တန်းကျောင်း (၃) ကျောင်းအပါအဝင် သင်တန်းကျောင်း (၅၃) ကျောင်း ရှိပြီး ယင်းတို့တွင် သင်တန်းသား၊ သင်တန်းသူ (၃၆၅၂) ဦးတက်ရောက်နေကြောင်းလည်း ယင်းစာရင်းများတွင် ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးသည့် သူနာပြုသားဖွား ဒီပလိုမာအောင်မြင်သူ (၁၅၇) ဦး အပါအဝင် သူနာပြုသားဖွားဒီပလိုမာ(၃)နှစ်သင်တန်းမှ (၈၄၃) ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရသူ (၄၂) ဦး၊ စုစုပေါင်း (၈၈၅) ဦးကိုလည်း သစ်လွင်သူနာပြုများအဖြစ် တာဝန်ပေးအပ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဒီဇင်ဘာလ ၇ ရက်က ပြုလုပ်သည့် သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာ ပေးအပ်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
သစ်လွင်သူနာပြုများကို အခမ်းအနားဖြင့် ရာထူးခန့်အပ်တာဝန် ပေးအပ်ခြင်းမှာ သူနာပြုစုစောင့်ရှောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စသည်ဖြင့် ရည်ရွယ်ခြင်း ဖြစ်ကာ အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်ပေးကြရမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
#ymg/tthl
#Yangon_Media_Group
#World_Military
Published 8 December 2022
ရုရှားသမ္မတ'ဗလာဒီမာပူတင်'က ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲခြင်းဟာ မျှော်လင့်ထားတာထက် ပိုပြီးကြာရှည်နေတယ်ဆိုတာကို ဗုဒ္ဓဟူးနေ့က ဝန်ခံလိုက်ပါတယ်။
ဒါပေမဲ့ နယ်မြေအသစ်တွေကို သိမ်းပိုက်ရရှိခဲ့ပြီး ရုရှားရဲ့နျူကလီးယားလက်နက်များကြောင့် စစ်ပွဲပဋိပက္ခတင်းမာမှုကို ဟန့်တားထားနိုင်ကြောင်း ဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရုရှားတို့စတင်ကျူးကျော်ခဲ့တဲ့ အချိန်ကစပြီး စစ်ပွဲ ၉ လကြာမြင့်လာချိန်မှာ လူသန်းပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး လူပေါင်းသောင်းချီ ဒဏ်ရာရသေကြေထားရပါတယ်။
ထိုမျှကြာရှည်နေပေမယ့် 'ပူတင်'ဟာ လက်လျှော့ဖို့မရှိသေးဘဲ ရုရှားနိုင်ငံရဲ့အကျိုးစီးပွား၊ ကာကွယ်ရေးတို့အတွက် ဆက်လက်တိုက်ခိုက်သွားမယ်လို့ အခိုင်အမာဆိုထားပါတယ်။
ရုရှားရဲ့လုံခြုံရေးအာမခံချက်တောင်းဆိုမှုများကို အနောက်နိုင်ငံက မလိုက်လျောခဲ့တာကြောင့် 'ပူတင်'အနေနဲ့ရွေးချယ်စရာမရှိဘဲ ရုရှားတပ်ဖွဲ့တွေ စေလွှတ်လိုက်ရတာဖြစ်တယ်လို့ ထပ်ခါထပ်ခါဆိုပါတယ်။
နယ်မြေအသစ်ရရှိတာဟာ ထင်ရှားတဲ့အောင်မြင်မှုဖြစ်ပြီး အာဇော့ဗ်ပင်လယ်ကိုပါ ရုရှားပိုင်အဖြစ် သတ်မှတ်နိုင်ပြီလို့ ဆိုပါတယ်။
ယူကရိန်းတို့ကြံ့ကြံ့ခံခုခံခဲ့တာကြောင့် မြို့တော်ကိဗ်ကို မသိမ်းပိုက်နိုင်ခဲ့ဘဲ ရုရှားတို့က ယူကရိန်းတောင်ပိုင်းအနှံ့ကို သိမ်းပိုက်ခဲ့ကာ အာဇော့ဗ်ပင်လယ်ရဲ့ အချက်အခြာမာရီယူပိုလ်ဆိပ်ကမ်းကိုလည်း ရရှိခဲ့ပါတယ်။
ပူတင်ဟာ စက်တင်ဘာလမှာ ယူကရိန်းတောင်ပိုင်းက ခါဆန်၊ ဇာပိုရစ်ဇီယာ၊ အရှေ့ပိုင်းရှိ ဒိုနက်စ်နဲ့လူဟန့်စ်ဒေသ ၄ ခုကို အလုံးစုံမထိန်းချုပ်နိုင်သေးဘဲ သိမ်းပိုက်ကြောင်း ကြေညာခဲ့ပါတယ်။
၂၀၁၄ ခုနှစ်တုန်းကလည်း ယူကရိန်းထံမှ ခရိုင်းမီယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပါသေးတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းအတွက် လက်နက်၊ စီးပွားရေး၊ နိုင်ငံရေး၊ လူသားချင်းထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးနေမှုများအပြင် အနောက်တိုင်းခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်များကလည်း ရုရှားအတွက် ခံပြင်းစရာဖြစ်နေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ကိဗ်မြို့တော်နဲ့ ခါကိဗ်တို့မှ ဆုတ်ခွာရရုံမက ခါဆန်ဒေသကနေလည်း ဆုတ်ခွာနေကြရပါတယ်။
နောက်ထပ်ပြဿနာတစ်ခုက ယခုရက်သတ္တပတ်အတွင်း ရုရှားနိုင်ငံအတွင်းပိုင်းရှိ လေတပ်အခြေစိုက်စခန်းများ ဒရုန်းတိုက်ခိုက်ခံရခြင်းနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
ရုရှားကတုန့်ပြန်တဲ့အနေနဲ့ ယူကရိန်းလူနေအိမ်များနဲ့ ဓာတ်အားလိုင်းစနစ်များကို ဒုံးကျည်များ၊ အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Source: AP News
#Yangon_Media_Group
#Local_News
Published _ 8 December 2022
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်-အနောက် မြောက်ဘက်သို ရွေ့လျား၍ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မန်းဒပ်(စ်)(MANDOUS)” အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်လိုက်သည်။
ယင်းဆိုင်ကလုန်းမုန်တိုင်းမန်းဒပ်(စ်)(MANDOUS)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(CocoIsland)၏ အနောက်တောင်ဘက် ရေမိုင်(၅၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင်ဘက် ရေမိုင်(၇၀၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့(Jaffna)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၆၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို(Chennai)၏ အရှေ့တောင်ဘက် ရေမိုင် (၃၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင်ကပ္ပလီပင်လယ်ပြင်၌ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေကြောင်း၊ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင် နောက်ထပ် ၂၄ နာရီအတွင်း ခန်းမှန်းချက်အရ နေရာကွက်၍ မိုးကြီးကာ တစ်ခါတရံ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-8 December 2022
ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ၉၂ တစ်လီတာ ကျပ် (၁၉၀၀) အောက်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတတ်၊ အကျတည်ငြိမ်မှုမရှိကြောင်း၊ လက်ရှိဒီဇင်ဘာလ ဒုတိယအပတ်တွင်ပြည်တွင်းစက်သုံးဆီဈေးနှုန်းဖြစ်သည့် ၉၂ တစ်လီတာကို ၁၈၆၅ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။
ကျန်စက်သုံးဆီဈေးနှုန်းများဖြစ်သည့် ၉၅ တစ်လီတာ ၁၉၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်ထိ စက်သုံးဆီဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။ ယင်းအပြင် ဒီဇင်ဘာလ ၇ ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၅ ကျပ်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်တွေကို စိစစ်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 8 December 2022
ယမန်နေ့ ဒီဇင်ဘာလ ၇ရက်နေ့ မနက် ၇နာရီ ၃၀မိနစ် အချိန်ခန့်တွင် ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စု ကမ်းနားပိုင်း(ကွက်သစ်)ရှိ ဦးရွှေထွန်း၏ နေအိမ်၌ ဖယောင်းတိုင်မီး(ဘုရားမီး) ပူဇော်ရာမှတဆင့် သစ်သားဘုရားကျောင်းဆောင်သို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသနေ လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပေါင်မြို့နယ်မှ တာဝန်ရှိသူများ၊ ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး ၈နာရီ၁၃မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဂရုဏာရှင် လူမှုကူညီရေးအသင်းမှသိရသည်။
မီးလာင်မှုကြောင့် လူနေအိမ်(၅)လုံး ပျက်စီးဆုံး ရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း အိမ်ထောင်စု(၅)စုနှင့် လူဦးရေ (၃၁)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အသင်းမှသိရသည်။

#ymg/NN
#Yangon_Media_Group
#Local_News
Published_8 December 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၈၇ ဦး စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်သမားများမှာ ကုန်ထုတ်လုပ်သားသစ် (၄၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၄) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၈၇) ဦးကို ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ဒီဇင်ဘာ ၁၂ ရက်တွင် Regular (ကုန်ထုတ်လုပ်သား) ၁၂၈ ဦး၊ Regular(စိုက်ပျိုး/မွေးမြူရေးလုပ်သား) ၉ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၁၃ ဦးစေလွှတ်သွားမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၄ ရက်တွင် Re-entry ကုန်ထုတ်လုပ်သား ၃၇ ဦးထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၇၂၉ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 8 December 2022
သာမန်ရောဂါတစ်ခုအတွက် သောက်လေ့ရှိတဲ့ဆေးဟာ ကိုဗစ်ကိုလည်း ကာကွယ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက အခိုင်အမာဆိုလိုက်ပါတယ်။
အသည်းရောဂါအတွက် အသုံးပြုတဲ့ဆေးတွေဆိုရင် ကိုဗစ်မျိုးဗီဇကွဲတွေထံမှ ကာကွယ်ပေးနိုင်ဖွယ်ရှိကြောင်း ယူကေမှသုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
ထိုအတွက် အသုံးပြုတဲ့ အာဆိုဒီအောက်ဆီကိုလစ်အက်ဆစ် (UDCA)ဟာ ကိုဗစ်ဝင်လာရင် လက်ခံပေးတဲ့ဆဲလ်တွေကို ပစ်မှတ်ထားနိုင်ကာ နောင်ထွက်ပေါ်လာမယ့် ကိုရိုနာမျိုးဗီဇကွဲတွေကိုပါ ကာကွယ်နိုင်ဖွယ်ရှိနေပါတယ်။
ဆေးရဲ့ထိရောက်မှုကို ပညာရှင်များက အတည်ပြုခဲ့ကာ ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့သူတွေမှာ အရေးပါလာနိုင်ပါတယ်။
ကာကွယ်ဆေးဆိုတာက ကိုယ်ခံအားနည်းတဲ့သူတွေမှာ အလုပ်မဖြစ်သလို လူတိုင်းကလည်း ကာကွယ်ဆေးထိုးခွင့် ရရှိတာမဟုတ်ပါဘူး။
အဲဒီအခါမှာ ကာကွယ်ဆေးမတိုးတော့တဲ့ မျိုးဗီဇကွဲအသစ်တွေ ပေါ်ပေါက်လာပါတယ်။
နောက်ထပ်စမ်းသပ်မှုမှာတော့ ကိုဗစ်ကူးစက်ထားတဲ့ ဟမ်းစတားကြွက်တွေနဲ့ ဆေးကိုစမ်းသပ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ စမ်းသပ်ခံမယ့် လူ ၈ ဦးကို ဆေးသုံးစွဲစေပြီး နှာခေါင်းတွင်းတို့ဖတ်စနမူနာရယူခဲ့ရာ ဗိုင်းရပ်စ်က ကူးစက်နိုင်ချေနည်းပါးသွားကြောင်း တွေ့ရှိခဲ့ပါတယ်။
ချဉ်းကပ်ပုံနည်းလမ်းအားလုံးအရ လက်ရှိဆေးတွေက ဗိုင်းရပ်စ်ဝင်မလာအောင် တားဆီးပေးကာ ကိုဗစ်ရောဂါမှကာကွယ်ပေးနိုင်ကြောင်း ကိမ်းဘရစ်ခ်ျတက္ကသိုလ်မှ 'ထရီဇာ'က ပြောကြားလိုက်ပါတယ်။
ဒီဆေးတွေဟာ ဈေးနှုန်းအလွန်သက်သာပြီး အချိန်တိုအတွင်း များများထုတ်လုပ်နိုင်ပါတယ်။
ဒီဆေးက ကိုဗစ်တိုက်ဖျက်ရာမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်လာနိုင်ကြောင်း ဒေါက်တာ'ဆမ်ပါဇီအိုတစ်'က ပြောပြခဲ့ပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_ 8 Decamber 2022
မြန်မာ-ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အာဆီယံ အပေါင်း နိုင်ငံများက အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ ဒုတိယ အကြိမ် စီမံကိန်းရေးဆွဲရေးအစည်းအဝေးကို ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်တို့တွင် Video Teleconferencing စနစ်နဲ့ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးတွင် အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ Vice-Admiral Berezovsky D.V တို့က နှုတ်ခွန်းဆက်စကားများပြောကြားပြီး ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် အာဆီယံနိုင်ငံများ၊ ဆွေးနွေးဘက်နိုင်ငံများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အစည်အဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဘက် နိုင်ငံများဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါတယ်။
မြန်မာနှင့် ရုရှားတို့သည် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 8 December 2022
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်ဒေသတွင် တွေ့ရှိရတဲ့ ဒေသရင်း ငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း ၉၀ ကျော် တွေ့ရှိရကြောင်း သိရပါတယ်။
အင်းတော်ကြီးအိုင်ဒေသတွင် အများဆုံးတွေ့ရှိရတဲ့ ငါးမျိုးစိတ်များမှာ ငါးဂျောင်း၊ ငါးဘတ်၊ ငါးခုံးမ၊ ငါးဖယ်၊ တီလားပီယား၊ ငါးလဘိ၊ ငါးဇင်ရိုင်း၊ ငါးဇင်ဇပ်၊ ငါးဒေါင်းဇင်း၊ ငါးပြေမ၊ ငါးခူ၊ ငါးရံ့နှင့် ငါးမြစ်ချင်းစသည်တို့ ဖြစ်ကြပါတယ်။
ထို့ပြင် ရှားပါးငါးမျိုးစိတ်များဖြစ်တဲ့ မိကျောင်းသွားကြားထိုးတံ ငါးမျိုးစိတ်နှင့် ရေနယားငါးမျိုးစိတ် နှစ်မျိုးအပါအဝင် သိပ္ပံလောက၌ နောက်မျိုးစိတ်သစ် (၆) မျိုးကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပြီး သိပ္ပံလောကတွင် မှတ်တမ်းတင်ခြင်းမရှိသေးသော ငါးမျိုးစိတ်များလည်း ရှိတယ်လို့ ဆိုပါတယ်။
အင်းတော်ကြီးအိုင်သည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်၍ ပထမအကြီးဆုံးနှင့် ဒုတိယအကြီးဆုံးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံရှိ တုန်လီဆက်ကန်(Tonle Sap Lake) နှင့် ဖိလစ်ပိုင်နိုင်ငံရှိ လာဂူနာဒီဗေးကန်(Lagunade Bay)တို့ဖြစ်ကြပြီး ၎င်းအိုင်အတွင်း တွေ့ရှိရတဲ့ ငါး၊ ပုစွန်၊ ဂဏန်း၊ ယောက်သွား၊ ဖား၊ မြွေနှင့် ငှက်မျိုးစုံများ အပါအဝင် ရေနေသတ္တဝါမျိုးစုံတို့ နေထိုင်ကျက်စားလျက်ရှိပါတယ်။
အင်းတော်ကြီးအိုင်ဝန်းကျင်၌ နေထိုင်ကျက်စားလျှက်ရှိတဲ့ ဆောင်းခိုငှက် မျိုးစိတ်များအပါအဝင် ဒေသငှက်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် အရေးပါသော အစားအစာသာဖြစ်ပြီး ၎င်းအိုင်းနှင့် ဝန်းကျင်ရှိ ချောင်းများတွင် ဒေသရင်း ငါးမျိုးစိတ်များအပါအဝင် ငါးမျိုးစိတ်ပေါင်း ၉၀ ကျော် ရှင်သန်တွေ့ရှိရတာ ဖြစ်ပါတယ်။
အိုင်ပတ်လည်တွင် ကျေးရွာအုပ်စု (၁၁) စုနှင့် ကျေးရွာပေါင်း (၃၃) ရွာရှိတဲ့အနက် ကျေးရွာ(၁၇)ရွာမှ ဒေသခံပြည်သူရေလုပ်ငန်း လုပ်ကိုင်ကြသူ (၃၀၀)ကျော်ရှိပြီး နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသန်မျိုးစိတ်အကောင်ရေ သုံးသိန်းကျော်ခန့် စိုက်ထည့် ပေးလျက်ရှိကြောင်း MOI မှာ ဖော်ပြထားပါတယ်။

ygm_mnn
#Yangon_Media_Group
Page 1380 of 1913