#Local_News
Published-8 December 2022

သင်ရိုးစနစ်‌ဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်လိုသူတွေအနေဖြင့် ဆက်လက်လျှောက်ထားနိုင်ကြောင်း ပညာရေးဌာနမှ အသိပေးကြေညာထားသည်။

 

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားရန် ကြေညာထားကြောင်း၊ ယင်းအပြင် သတ်မှတ်ကာလကျော်လွန်သွားသော်လည်း အမှန်တကယ် ဖြေဆိုလိုသူတွေအနေဖြင့် အခွင့်အရေးမဆုံးရှုံးစေရန် နေပြည်တော် (သို့မဟုတ်) ရန်ကုန်တွင်ရှိသည့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တိုက်ရိုက်လာရောက် လျှောက်ထားမည်ဆိုပါက ခြွင်းချက်အနေဖြင့် လက်ခံပေးမည်ဖြစ်ကြောင်းသိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၈၁,၇၅၁ ဦး ရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group