၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်း၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အလေးထားပြောကြားခဲ့သည်။ ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ပါဝင်ရန် ထပ်မံဖိတ်ခေါ်ခဲ့ပြီး သဘောထားကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရေး၊ လူနည်းစုအခွင့်အရေးကို လေးစားရေးနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ကို ဟန်ချက်ညီဆောင်ရွက်ရေးတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ မိန့်ခွန်းပါ အဓိကသဘောထားများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အချက် ၁၂ ချက်ဖြင့် အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြပါသည်။

၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်အဖြစ် NCA ကို အလေးထားခြင်း

NCA သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သာမက လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရန် သဘောတူထားသည့် နိုင်ငံရေးကတိကဝတ်နှင့် မူဘောင်ဖြစ်ကြောင်း ပြောကြားသည်။

၂။ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များအားလုံးကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း ပြောကြားသည်။ အထူးသဖြင့် KNU၊ CNF နှင့် ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ထပ်မံဖိတ်ခေါ်သည်။

၃။ PDF အဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် တိုက်တွန်းခြင်း

PDF အဖွဲ့များအနေဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် တိုက်တွန်းသည်။ ဒီမိုကရေစီရည်မှန်းချက်များကို စည်းကမ်းရှိသည့် ဒီမိုကရေစီကျင့်စဉ်များ၊ အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရန် ပြောကြားသည်။

၄။ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေး၍ ဖြေရှင်းရန် တိုက်တွန်းခြင်း

လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အဖြေရှာရန် တိုက်တွန်းသည်။ ဖြစ်သင့်ဖြစ်ထိုက် သည့်အရာများနှင့် လက်တွေ့ဖြစ်နိုင်သည့်အရာများအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရန် ပြောကြားသည်။

၅။ ရှိပြီးသားကတိကဝတ်များကို လေးစားလိုက်နာ၍ NCA ကို ဆက်လက်အကောင်အထည်ဖော်ခြင်း

သက်ဆိုင်သူအားလုံးအနေဖြင့် ရှိပြီးသား NCA သဘောတူညီချက်များနှင့် ကတိကဝတ်များကို လေးစား လိုက်နာရန် တိုက်တွန်းသည်။ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်း ဆက်လက်ဖိတ်ခေါ်ညှိနှိုင်းသွားမည်ဟု ပြောကြားသည်။

၆။ ယခင်ရရှိထားသည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက် နှင့် ပြည်ထောင်စု သဘောတူ  စာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ တို့ကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုပြီး အပိုင်းလိုက် အကောင်အထည်ဖော်သွားမည်ဟု ပြောကြားသည်။

၇။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ခြင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားမည်ဟု ပြောကြားသည်။ ဖက်ဒရယ်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာခွဲဝေကျင့်သုံးခြင်းဟု ရှင်းလင်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဥပဒေပြုခွင့်နှင့် တရားစီရင်ခွင့်တို့ကို ဖော်ပြသည်။

၈။ လူနည်းစုအခွင့်အရေးနှင့် မတူကွဲပြားသည့် သဘောထားများကို လေးစားခြင်း

အများဆန္ဒကို လေးစားသကဲ့သို့ လူနည်းစု၏ဆန္ဒနှင့် အခွင့်အရေးများကိုလည်း အလေးထားရန် ပြောကြားသည်။ သဘောထားမတူသူများကို ရန်သူအဖြစ်သတ်မှတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူ့အသိုင်း အဝိုင်းမှ ဖယ်ကြဉ်ခြင်းနှင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတို့ကို ရှောင်ရှားရန် တိုက်တွန်းသည်။

၉။ ဒေသခံတိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်သည့် ပြည်နယ်အမည်များ စဉ်းစားခြင်း

ပြည်နယ်တစ်ခုသည် ထိုဒေသတွင် နေထိုင်သည့် တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်ကြောင်း ပြောကြား သည်။ ဒေသခံအားလုံးကို ကိုယ်စားပြုနိုင်မည့် ပြည်နယ်အမည်သတ်မှတ်ရေးနှင့်ပတ်သက်၍ အမျိုးသား  စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ဝိုင်းဝန်းစဉ်းစားအဖြေရှာရန် တိုက်တွန်းသည်။

၁၀။ ငြိမ်းချမ်းရေးကော်မတီများကို ပြင်ဆင်ဖွဲ့စည်း၍ တာဝန်ခွဲဝေခြင်း

ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ပြင်ဆင် ဖွဲ့စည်းထားကြောင်း ပြောကြားသည်။ လုပ်ငန်းကော်မတီက အချိန်ဇယားနှင့် မဟာဗျူဟာများ ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု တာဝန် ခွဲဝေထားသည်။

၁၁။ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးအထိ ဆက်လက်ညှိနှိုင်းခြင်း

အလွတ်သဘောဆွေးနွေးမှုများ၊ တရားဝင်ဆွေးနွေးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန် နှစ်ဖက်ဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ NCA အရ တရားဝင် အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအထိ ညှိနှိုင်းသွားမည်ဟု ဖော်ပြသည်။

၁၂။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီ ဆောင်ရွက်ခြင်း

ငြိမ်းချမ်းရေးသည် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးတို့နှင့် တိုက်ရိုက်ဆက်စပ်ကြောင်း အလေးထားပြောကြားသည်။ မျိုးဆက်သစ်များအတွက် တည်ငြိမ်သည့်အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းပေးနိုင်ရေး ရေရှည်ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

အရင်းအမြစ်- နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပြည့်အစုံ