#Local_News
Published _12 October 20222
မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသား Toru Kubota ကို လဝက ဥပဒေ ၁၃(၁)အတွက် ဖြင့် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Toru Kubota ကို ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရနှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးပုဒ်မ ၃၃(က)တို့အတွက် အမှုနှစ်ခုတစ်ပေါင်းတည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သေးသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်က အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူ ဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဟု နစက က သတင်းထုတ်ပြန်ခဲ့သေးသည်။
"အခုလောလောဆယ်တော့ ပြည်နှင်ဒဏ်ပေးတာမျိုးဆိုတဲ့ အဲလိုကိစ္စမျိုးကို မဆောင်ရွက်သေးပါဘူး"ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ယနေ့ ပြောသည်။
မစ္စတာ Toru Kubota ဆိုသူမှာ အသက် ၂၆ နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို တွေ့ဆုံရာတွင် မစ္စတာ Toru Kubota တိုရုကူဘိုတာ၏အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_12 October 2022
ယနေ့ အောက်တိုဘာလ( ၁၂ ရက်နေ့ )ရန်ကုန်မြို့တွင် ရောင်းချသည့် မီးလင်းရွှေအတုံးအခဲ (၁၂) ပိဿာကျော်ချခဲ့ပြီး အဆိုပါ ရွှေအားလုံးရောင်းကုန်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က YMG ကို ပြောသည်။
အဆိုပါ မီးလင်းရွှေအတုံးအခဲ (၁၂) ပိဿာကျော်ကို ၂၅ သိန်းကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်ကို အမေရိကန်ဒေါ်လာ ၁၆၆၄ အထိကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာနေကြောင်းသိရသည်။ ယနေ့အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေးနှုန်းမှာ ၁၉၅၈၀၀၀ ဖြစ်ပြီး အဆိုပါဈေးနှုန်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်သည်။
ရန်ကုန်တွင် လာရောင်းသည့်အားပေါ်မူတည်ပြီး ရောင်းချပေးသွားမည်ဖြစ်သည့်အတွက် သတ်မှတ်ထားတာမရှိကြောင်း၊ ယင်းအပြင်ရောင်းချပေးနေသည့် ရွှေတုံး/ရွှေခဲတွေကို နေ့စဉ် ရွှေပေါက်ဈေးထက် လျှော့ချရောင်းချပေးတာဖြစ်ပြီး ရွှေလုပ်ငန်းရှင်များအသင်းက ရောင်းချသည့် ရွှေကို သက်ဆိုင်ရာ တံဆိပ်အတိုင်း ရွှေဆိုင်များတွင် ပြန်လည်ရောင်းချနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ အတတ်အကျမရှိပဲ အရောင်းအဝယ်အေးနေပြီး အရောင်းကပိုများနေကြောင်း YGEA အသင်းမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 12 October 2022
မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရခိုင်ပြည်နယ်ဘက်မှ လာရောက်ကြသည့် အလုပ်သမားရှစ်ဦးဟာ ပွဲစားနှင့်ချိတ်ဆက်၍ တရားမဝင်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံကို ဖြတ်ကျော်လာစဉ် ရနောင်းခရိုင်လုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၁၂ ရက် ည ၁ နာရီဝန်းကျင်လောက်တွင် ရနောင်းခရိုင်ခြေစိုက် အမှတ် (၂၅) ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့တပ်မမှူး ဗိုလ်မှူးကြီး ဖူမိဖတ် ဘွန်ရန်ခေါင်အား ၎င်းတာဝန်ရှိသည့် နယ်နမိတ်အနားတွင် ပွဲစားများ တရားမဝင် အလုပ်သမားတင်သွင်းသည့် လုပ်ငန်းရှိကြောင်း သတင်းပေးပို့မှုကြောင့် စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဆီးအုန်းတောတစ်တောကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးမှုပြုလုပ်ရာ၌ နှစ်ရက်တိတိ အဆိုပါတောထဲမှာ ပွဲစားစွန့်ပစ်ထားခဲ့သည့် မြန်မာလုပ်သားအမျိုးသား ခုနစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းရှစ်ဦးတို့ကို ထိုင်းအာဏာပိုင်များမှ မြင်တွေ့ခဲ့သည်။
ဖမ်းဆီးခံရသည့် အလုပ်သမားများရဲ့ထွက်ဆိုချက်အရ ၎င်းတို့ဟာ ရခိုင်ပြည်နယ်ဘက်မှ ကားနှင့်လေးရက်ကြာ စီးနင်ပြီး ကော့သောင်းမြို့သို့ လာရောက်ခဲ့ကြကြောင်း ထွက်ဆိုခဲ့ကြသည်။
ကော့သောင်းမြို့ကမ်းဘက်မှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ကမ်းဘက်ခြမ်းသို့ ပဲ့ချိတ်လှေဖြင့် တရားမဝင်လာခဲ့ကြကြောင်းလည်း ထွက်ဆိုခဲ့သည်။
ယင်းအလုပ်သမားများစာ မလေးရှားနိုင်ငံ၌ အလုပ်ရရန်အတွက် ပွဲစားကြေး ဘတ်နှစ်သောင်းပေးခဲ့ရကြောင်း သိရှိခဲ့ရပြီး အဆိုပါ ငွေပမာဏဟာ တစ်ယောက်ခြင်းစီ၏ အခကြေးငွေဟုတ်၊ မဟုတ်ကို ထိုင်းစစ်တပ်သတင်းပြန်ကြားရေးမှ အတိကျမဖော်ပြထားခြင်းမရှိဘဲ ပွဲစားတွေ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်ပေးခဲ့သည့် မြန်မာလုပ်သားရှစ်ဦးဟာ ထိုဆီအုန်းတောအထဲ၌ နှစ်ရက်အတိတိ အစားအစာပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ကြကြောင်း သိရသည်။
တောထဲ၌ ငှက်ပျောအူနှင့် ကဇွန်းဉတို့ဖြင့်သာ ဝမ်းစာဖြည့်ပြီး အသက်ဆက်ခဲ့ရကြောင်း မြန်မာလုပ်သားတွေရဲ့ ပြောကြားချက်များအရ သိရှိရပြီး ဖမ်းဆီးရမိသူအားလုံးကို တရားဉပဒေအရ ဆက်လက်အရေးယူရန် ကနဦးပါ့(က်)ကျန်ရဲစခန်းမှာ ချုပ်နောင်ထားရှိကြောင်း ရနောင်းခြေစိုက်အမှတ်(၂၅)ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့သတင်းပြန်ကြားရေးရဲ့ လူမှုစာမျက်နှာ၌ ရေးသားဖော်ပြထားရှိသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _12 October 2022
ကျိုက်ထီးရိုးကင်မွန်းချောင် တောင်တက်ကားဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၊ ဘုရားဖူးလာရောက်သူ ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်မြတ်စွာဘုရား၊ ကင်းမွန်းချောင် တောင်တက်ကားဂိတ်ကို ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့သောကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ လက်နက်ကိုင်များက ဆောင်နိုင်ကြီးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ကင်းမွန်းချောင် တောင်တက်ကားဂိတ်ကို အကြောင်းမဲ့ ပစ်ခတ်ကာ ဆောင်နိုင်ကြီး ရွာဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြကြောင်း ဘုရားဖူးလာရောက်သူများအနက် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ဝ ဦး ၊ စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"အခု ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ ထားတယ်။ ကျွန်တော်တို့လည်း လိုက်ပါကူညီနေကြတယ်"ဟု ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
ထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကို ထပ်မံပို့ဆောင်ထားကြောင်း၊ ယခုအခါ အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရသည်။
"ဟိုရက်ပိုင်းက အဝေးကနေ တစ်ခါလာပစ်တယ်။ ဒီနေ့ကတော့ နီးတယ်။ ဘုရားဖူးလာသူ ထိတာပေါ့။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကို အံ့သြမိတယ်။ ရဲကင်းကိုလာပစ်တယ်ဆိုပေမဲ့ တစ်ယောက်ချင်း ပစ်တာမဟုတ်ဘူးလေဗျာ၊ လှမ်းပစ်တာဆိုတော့ ဘုရားဖူးသူတွေကို ထိတာပေါ့။ တော်တော့ကို စိတ်မကောင်းစရာပဲ"ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ သာသနာ့ နယ်မြေအတွင်း ရက်စက်သော အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်မှုမှာ ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့ အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု ( Counter-terrorism Action ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများ ပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှု သတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားရန် အသိပေး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိနေကြပြီး ကျိုက်ထီးရိုးတောင်တက်လမ်းကိုလည်း ယာယီ ပိတ်ထားရကြောင်း သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published – 12 October 2022
အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၃၈၈၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိဈေးကွက်ထဲတွင်လည်း စားအုန်းဆီးဈေးနှုန်းမှာ တစ်ပိဿာ ၇၀၀၀ ဝန်းကျင်အထိ ကျင်းလာကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။ ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိပြိး နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _12 October 2022
မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခံရသော လျှပ်စစ်ဓာတ်တာဝါတိုင် ၆၄ တိုင် ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများ စတင်လုပ်ဆောင်ခဲ့ကြစဉ်အချိန်ကစ၍ အောက်တိုဘာလ ၁၁ ရက်ထိ စာရင်းများအရ ၆၆ ကေဗွီဓာတ်အားလိုင်း ၉ လိုင်း၏ တာဝါတိုင် ၁၉ တိုင် ၊ ၂၃၀ ကေဗွီ နှင့် ၁၃၂ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ၆ လိုင်းတို့၏ တာဝန်တိုင် ၄၅ တိုင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အကြမ်းဖက်သမားများကအချို့ ဒေသများတွင် ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်းတာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေကြကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


#ymg/mt
#Yangon_Media_Group
Published 12 Oct 2022
တိုရိုတာမော်တော်ကားကုမ္ပဏီက ၁၉လကြာ နှောင့်နှေးခဲ့ပြီးမှ ရန်ကုန်မြို့အနီးက ယင်းရဲ့ တပ်ဆင်စက်ရုံစတင်လည်ပတ်နေပြီလို့ နီကေးအေးရှားက သတင်းရေးသားပါတယ်။
အဆိုပါစက်ရုံဟာ သီလဝါ အထူးစီးပွားရေးဇုန်မှာတည်ရှိပြီး ယခင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စတင်လည်ပတ်ရန် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လကုန်ပိုင်းမှာတော့ တိုယိုတာဟာ အထူးစီးပွားရေးဇုန်အာဏာပိုင်တွေထံ စက်ရုံစတင်လည်ပတ်မယ့် အစီအစဉ်ကိုတင်ပြခဲ့ပါတယ်။ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်အရ ဟိုင်းလပ် ပစ်ကပ်ကားတပ်ဆင်ထုတ်လုပ်တဲ့အဆိုပါ စက်ရုံဟာ စက်တင်ဘာမှာ ထုတ်လုပ်မှုကို အရေအတွက် အနည်းငယ်နှင့် စတင်ခဲ့တယ်လို့သိရပါတယ်။ လစဉ် ထုတ်လုပ်မှုဟာ ဒါဇင်အနည်းငယ်ပဲရှိပါသေးတယ်။
အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံက တိုရိုတာ အရောင်းလုပ်ငန်းတွေက ဟိုင်းလတ်ပစ်ကပ် အော်ဒါတွေ စတင်လက်ခံနေပြီလို့ ကြေညာခဲ့ပါတယ်။
နီကေးက ဆက်သွယ်မိတဲ့ အရောင်းလုပ်ငန်းတစ်ခုကတော့ ထုတ်လုပ်တဲ့ အရေအတွက်က ကန့်သတ်ထားတဲ့အတွက် ကားဘယ်အချိန်ရမယ်ဆိုတာ အာမမခံနိုင်ဘူးလို့ပြောပါတယ်။
၂၀၁၉ခုနှစ် မေလမှာကြေညာခဲ့တဲ့ မူလအစီအစဉ်အရ တိုယိုတာဟာ အဆိုပါစက်ရုံအတွက် ဒေါ်လာ ၅၂.၆သန်း ရင်းနှီး မတည်ရန်ရှိပြီး တစ်နှစ်ကို ဟိုင်းလပ်ပစ်ကတ်ကား အစီးရေ ၂၅၀၀ထုတ်လုပ်ဖို့ လျာထားခဲ့ပါတယ်။ တိုယိုတာမြန်မာ ကုမ္ပဏီကို တိုယိုတာက ၈၅ ရာခိုင်နှုန်းနှင့် တိုယိုတာ ဆူရှိုက ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်တာဖြစ်ပါတယ်။
Source: Nikkei_Asia
#Toyota_Myanmar
#Thilawa_SEZ
#Hilux_Pickup
#Local_News
Published_ 12 October 2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၁၃၅ မဂ္ဂါဝပ်ရှိ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစက် စတင်လည်ပတ်ခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၀ ရက်က အဆိုပါစက်ရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ယနေ့ နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သော စီမံကိန်းတစ်ခုအနေဖြင့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ရခိုင်ပြည်နယ်မှ နိုင်ငံတော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရွှေသဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၂၂ သန်းအသုံးပြု၍ ၁၃၅ မဂ္ဂါဝပ် စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၀ ခန့်ထုတ်လုပ်နိုင်မည့် ကျောက်ဖြူ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားပါတယ်။
အဆိုပါစက်ရုံရဲ့ စက်တပ်ဆင်အင်အားမှာ ၁၅၉ မဂ္ဂါဝပ်ရှိပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့်ဓာတ်အားပေးစက်များအား တပ်ဆင်အသုံးပြုထားကြောင်းသိရပါတယ်။
စက်ရုံတွင် စွန့်ပစ်အပူကိုပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေအစား ပင်လယ်ရေကိုသာ အသုံးပြုခြင်းစတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းပညာများကို အသုံးပြုထားပါကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် GIS ခွဲရုံတပ်ဆင်အသုံးပြုထား၍ ဓာတ်အားစနစ်တည်ငြိမ်စိတ်ချရမှုနှင့် စက်ရုံရေရှည် တည်တံ့မှုရှိမှာ ဖြစ်ပါတယ်။
ကျောက်ဖြူ ၂၃၀ မဂ္ဂါဝပ် ဓာတ်အားခွဲရုံမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။
ygm_mnn
#Yangon_Media_Group



Published 12 Oct 2022
ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဖြစ်သူ ဦးစန်းလွင်ဟာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက် မနက်မှာ နေပြည်တော်မှာ ကွယ်လွန်သွားတယ်လို့သိရှိရပါတယ်။
ဦးစန်းလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် (၇၁)နှစ်ရှိပြီးဖြစ်ပြီး နှလုံးသွေးကြောပိတ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ကွယ်လွန်သူနှင့် နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဦးစန်းလွင်ဟာ ၂၀၂၁ခုနှစ် မတ်လ(၄)ရက်နေ့မှာ ဒုတိယရှေ့နေချုပ်အဖြစ်လည်းကောင်း၊အဆိုပါနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့မှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။
-ymg/knl
#Local_News
Published_12 October 2022
သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီကို ဖျက်သိမ်းသိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း အဆိုပါ ပါတီက ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ဖွဲ့စည်းရန် စတင်ဆောင်ရွက်စဉ်မှအစ ပါတီတည်ထောင်ပြီး စည်းရုံးလှုပ်ရှားမှုနှင့် ရွေးကောက်ပွဲဝင်ပြီးနောက် ယခုနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဆုံးဖြတ်လုပ်ဆောင်သည့် အချိန်အထိ ငွေ၊ ပစ္စည်း၊ လုပ်အားတို့ဖြင့် ပါဝင်ကူညီအားပေးခဲ့ကြသူများအား အထူးကျေးဇူးတင် အမှတ်ရနေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
သူရဦးရွှေမန်းက ၎င်းနှင့်အတူ ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များအနေဖြင့် ယခုအခါ အသက်အရွယ် ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူများ၊ လူမှုရေးနှင့် အခြားအခက်အခဲများ ရှိလာကြသည့်အပြင် ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိကြတော့ခြင်းကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းရန် ဗဟိုအလုပ်အမှုဆောင်များ သဘောတူ ဆုံးဖြတ်ခဲ့ကြကာ အောက်တိုဘာလ ၁၁ ရက်မှစ၍ ဖျက်သိမ်းခြင်းကို အတည်ပြုနိုင်ပါရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 12 October 2022
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများစားသုံးခြင်းဖြင့် ကင်ဆာကိုတိုက်ထုတ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။
အဆိုပါ အစားအစာထဲမှာ သံလွင်ဆီ၊ အခွံမာသီး၊ ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ဂျုံစပါးတို့ပါဝင်ပါတယ်။
အဲဒီကရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ နှလုံးသွေးကြောရောဂါလည်း ပါဝင်ပြီး အသက်ရှည်ကျန်းမာစေမှာဖြစ်ပါတယ်။
ဒါက အရေပြားကင်ဆာဝေဒနာရှင်တွေကြား ခုခံအားကုထုံးရဲ့ထိရောက်မှုကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသီများ ပြသနိုင်ခဲ့ပါတယ်။
အဆိုပါ အစားအစာအတိုင်းစားပြီး ဆေးဝါးအသုံးပြုခဲ့သူတွေက အသက်ရှင်နိုင်ချေပိုများခဲ့ပြီး ၁၂ လကြာပြီးနောက် ရောဂါမဆိုးရွားလာတော့ပါဘူး။
နယ်သာလန် ဂရိုနင်ဂျန်ဆေးဘက်ဆိုင်ရာတက္ကသိုလ်နဲ့ ယူကေတို့မှ သုတေသီများက အရေပြားကင်ဆာတစ်မျိုးဖြစ်ထားတဲ့ လူနာ ၉၁ ဦးရဲ့ စားသောက်ပုံများကို လေ့လာခဲ့ကြပါတယ်။
ဂျုံစပါးနဲ့ ပဲအမျိုးမျိုးစားသုံးသူများက ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ကာ အသားကြီးငါးကြီးနဲ့ အသင့်ထုပ်ပိုးထားတဲ့အသားတွေကို စားသုံးသူတွေကတော့ ဘေးထွက်ဆိုးကျိုး ပိုခံစားရစေပါတယ်။
အစာခြေခြင်းနဲ့ပတ်သက်တဲ့ကင်ဆာတွေမှာ မတူညီတဲ့အကျိတ်အမျိုးအစားများ စမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပါတယ်။
တွေ့ရှိချက်များကို ၂၀၂၂ ဥရောပယူနိုက်တက်အစာအိမ်လမ်းကြောင်းဆွေးနွေးပွဲမှာ တင်ပြသွားမှာဖြစ်ပါတယ်။
အရေပြားကင်ဆာအမျိုးအစားက ပြီးခဲ့တဲ့နှစ်များအတွင်း သိသိသာသာအဖြစ်များလာကြောင်း အမေရိကန်ကင်ဆာအဖွဲ့အစည်းက ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း အမေရိကန်မှာ အရေပြားကင်ဆာဖြစ်ပွားသူ ၉၉,၇၈၀ ဦးရှိတယ်လို့ ခန့်မှန်းရပြီး ၇,၆၅၀ ဦးသေဆုံးခဲ့တယ်လို့ မျှော်မှန်းရပါတယ်။
လူမည်းလူမျိုးတွေထက်စာရင် လူဖြူတွေက အရေပြားကင်ဆာဖြစ်နိုင်ချေ အဆ ၂၀ ပိုများပါတယ်။
ဒီကင်ဆာက အမျိုးသားတွေမှာ ပိုအဖြစ်များပေမယ့် အသက် ၅၀ မတိုင်ခင်မှာတော့ အမျိုးသမီးတွေက ပိုအဖြစ်များပါတယ်။
အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အဖြစ်အများဆုံး ပျမ်းမျှအရွယ်ကတော့ ၆၅ နှစ်ဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _12 October 2022
ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့်ပတ်သက်သည့်အမှုအတွက် ယနေ့အောက်တိုဘာလ ၁၂ ရက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများ ကပြောသည်။
"ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နဲ့ ၄/၂၀၂၂ အတွက် တစ်မှုကို ၃ နှစ် ချတယ်။ တစ်ပေါင်းတည်း ကျခံရမှာဖြစ်လို့ စုစုပေါင်း ၃ နှစ် ကျခံရမှာပါ "ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲမှ စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ ငွေလှူသည်ဆိုသော အမှုမှာ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် တရားလွှတ်တော်ချုပ်၌ ရှေ့နေအဖွဲ့က ချေဖျက်ခွင့်တင်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်က ပယ်ချခြင်းကို ခံခဲ့ရသေးသည်။
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ် ကလည်း အဆိုပါဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူခဲ့သည်ကိုလည်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုပြီးလည်း ဖြစ်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲ ဖြစ်သော ရဟတ်ယာဉ်အမှု ၅ မှုလုံးနှင့် ပတ်သက်၍ တရားလိုပြသက်သေ ညွှန်ကြားရေးမှူးတစ်ဦးအား စစ်ဆေးခဲ့ကာ နောက်တစ်ပတ်တွင် အပြီးသတ် လျှောက်လဲချက် ပေးကြရတော့မည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၃ ကို ချမှတ်ခံထားရပြီး ဖြစ်သောကြောင့် ယနေ့ ချမှတ်သည့် ထောင်ဒဏ်နှင့်ဆိုပါက စုစုပေါင်း ထောင်ဒဏ်၂၆ နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1381 of 1817