#LocalNews
Published - 26 March 2022
ရန်ကုန်တိုင်း၏ မြို့နယ်အချို့တွင် အိမ်ကျော်နင်းဖောက်ထွင်းမှုဖြစ်စဥ်များ ပိုမိုများပြားလာနေတယ်လို့ ရန်ကုန်မြိုနေပြည်သူများထံမှ သိရပါတယ်။
တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ် အစရှိသည့် ဆင်ခြေဖုံးမြို့နယ်များတွင် အိမ် ဖောက်ထွင်းခံရမှုဖြစ်စဥ်များကို ပိုမိုကြုံတွေ့နေရပြီး လုယက်မှုဖြစ်စဥ်အချို့လည်းရှိနေကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သူများကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်ဒဂုံမြို့နယ်အတွင်းမှာ အိမ်ဖောက်ထွင်းခံရမှုတစ်မှုဖြစ်ပွားခဲ့ပြီး ဖောက်ထွင်းခံခဲ့ရသည့်အိမ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ၄င်းတို့နေအိမ်ဖောက်ထွင်းခံရမှုဖြစ်စဥ်အပေါ် ယခုလို ပြောပြပေးခဲ့ပါတယ်။
"ညအိပ်နေတဲ့အချိန်မှာ ဖြစ်တာပါ။ သူက ခြံကိုကျော်ပြီးဝင်လာတယ်။ ခြံထဲကနေတစ်ဆင့် ညီမအခန်း ပြတင်းတံခါးကနေ တစ်ဆင့် အိမ်ထဲဝင်လာတယ်။ ညီမဘေးမှာထားတဲ့ ဖုန်းကိုလုတယ်။ ညီမလည်း သူ့ဆီက ဖုန်းကို အတင်းပြန်လုတယ်။ ရုန်းကန်ဆန်ခတ်တွေ ဖြစ်ကုန်တာပေါ့။ ညီမတို့က သူခိုး သူခိုးလို့အော်မှ သူက ပြန်ပြေးထွက်သွားတယ် အိမ်ထဲကနေ ညီမဖုန်းတော့ သူ့ဆီပါသွားတယ်။လူကို အန္တရာယ်မပြုသွားတာပဲ တော်သေးတာပေါ့လို့ ဖြေတွေးလိုက်ရတယ်။ ဒါ တောင် ညီမတို့ အိမ်က ခြံတံခါးအိမ်တံခါးတွေ အထပ်ထပ်ရှိပါတယ်။ သူက အဲ့ဒါတွေကို ဖျက်ပြီး ဝင်လာတာပါ။ လူကို ဘာမှလုပ်မသွားတာပဲ ကံကောင်းတယ်လို့ ပြောရပါမယ်။" လို့ သူမက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဆင်ခြေဖုံး မြို့နယ်/ ရပ်ကွက်တွေမှာလည်း ဆွဲကြိုးဖြတ်ပြေးတာတွေ ပိုက်ဆံအိတ်လု ပြေးမှုတွေနဲ့ ဆိုင်ကယ်ဖြင့် လုယက်မှုတွေလည်း ယခုကာလများတွင် ပိုမိုများပြားလာခဲ့ပြီး ပြည်သူတွေက အဆိုပါဖြစ်စဥ်တွေကို နေ့စဥ်လိုလို ကြုံတွေ့ခံစားနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ အိမ် ၅ လွှာအထိ သူခိုးတက်တယ်။ အဲ့ဒါကို အံ့သြနေတာ ဒီအပေါ် ၅ လွှာအထိ ဘယ်လိုတက်လာလဲမသိဘူး။ အခု ညပိုင်းတွေဆို အတော်သတိထားနေရတယ်။ ပြတင်းပေါက်တံခါးတွေလည်း ဖွင့်မအိပ်ရဲတော့ဘူး။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်မှာ
နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ယခုကာလများတွင် ရန်ကုန်မြို့တွင်း ကားမှတ်တိုင်အချို့မှာ လုယက်မှုကျုးလွန်သူများကလည်း ကားမှတ်တိုင်များကိုအခြေပြုကာ မှတ်တိုင်များမှ ခရီးသွားပြည်သူများ၊ ယာဥ်ပေါ်အတက်အဆင်းပြုလုပ်ချိန်များတွင် လုယက်မှုများပြုလုပ်လာကြတယ်လို့ သိရပါတယ်။
လုယက်မှုကျူးလွန်သူများမှာ အဓိကအားဖြင့် လက်ကိုင်ဖုန်းများကို အာရုံစိုက်ကြည့်ရှုသူများကို
ပစ်မှတ်ထားကာ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့လုယက်ယူဆောင်ခြင်းဖြစ်တယ်လို့ လုယက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက YMG ကို အခုလိုပြောပြခဲ့ပါတယ်။
"ဗန္ဓုလတံတား အဆင်းက ကားမှတ်တိုင်မှာပါ။ ကျွန်မက ကားမှတ်တိုင်မှာကားစောင့်နေတာ အဲ့အချိန်မှာ ခါးပိုက်နှိက်က ကျမအိတ်ကိုဇစ်ဖွင့်ပြီး နှိုက်တာပေါ့။ ကျွန်မ သတိထားမိပြီး အိတ်ကို အ ရှေ့ပြန်ဆွဲပြီး ဘာလုပ်တာလဲလို့ သူ့ကိုလှမ်းအော်ပြီး ကြုံတဲ့လိုင်းကားပေါ်ကိုပဲ အမြန်တက်ခဲ့ရတယ်။ သတိထားတာမြန်လို့ ဘာမှတော့မပါသွားခဲ့ဘူး။ သူ့အသက်အရွယ်က အသက် ၄၀ လောက်တော့ရှိမယ်ထင်ပါတယ်။" လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက သူမကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်ကို ပြန်လည်ပြောပြခဲ့ပါတယ်။
ထို့အပြင် သခင်မြပန်းခြံကိုအခြေပြုကာ မြို့တွင်းပတ်ပြေးဆွဲနေသည့် ယာဥ်လိုင်းများပေါ်တွင် အုပ်စုဖွဲ့ကာ ခါးပိုက်နှိုက်ကျူးလွန်မှုများလည်း မကြာခဏဖြစ်ပွားနေပြီး အဓိကအနေဖြင့် ယာဥ်ပေါ်အတက်အဆင်းပြုလုပ်ရာတွင် အများဆုံးကျူးလွန်လေ့ရှိတယ်လို့ ဆိုပါတယ်။
ထိုသို့ လုယက်ခါးပိုက်နှိုက်ဖြစ်စဥ်တွေ များပြားလာသည့်အတွက် ရန်ကုန်မြို့နေပြည်သူများအ နေနဲ့ ပြင်ပသို့သွားလာရာမှာ အထူးဂရုပြုသွားလာနေကြတယ်လို့လည်း သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_26 March 26
သရုပ်ဆောင်ရဲတိုက်ကို စွဲချက်လျှောက်လဲချက်တင်ပြီးတဲ့နောက် မတ်လ ၃၀ ရက်နေ့မှာ ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 Mar 2022
၁။ လက်နက်ကိုင်ခေါင်းဆောင်များထိပ်သီးအစည်းအဝေးကျင်းပမည်
၂။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ ကားအတွင်း တရားမဝင်တင်ဆောင်လာသော မြန်မာနိုင်ငံသား ဖမ်းဆီးရမိ
၃။ မိုးလေဝသ သတင်း
၄။ ရုရှားမှတင်သွင်းသည့်မြေဩဇာများ အဆမတန်ဈေးတက်လာမှုကြောင့် ထိုင်းနိုင်ငံ၏ ကုန်ဈေးနှုန်းများမြင့်တက်လာ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 March 2022
လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဒေသခံများအတွက် နည်းပညာသင်တန်းပေးမှုများအား ဆင့်ပွားဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆင့်ပွားသင်တန်းပေးမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စံပြဥယျာဉ်ခြံအတွင်းတည်ဆောက်ထားသည့် မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ ဖြိုးရေးစင်တာ၌ ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းကနေ ဒေသခံများအတွက် နည်းပညာသင်တန်းပေးမှုများကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် လန်ချန်း- မဲခေါင်နိုင်ငံအသီးသီးနှင့်အတူ နည်းပညာဖလှယ်ခြင်း၊ အတွေ့အကြုံမျှဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်မည်ဖြစ်ပြီး ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်း အရည်အသွေးမြင့်မားလုပ်ငန်းတွင်ကျယ်ရေးကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အဆိုပါ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ထောက်ပံ့မှုဖြင့် “သရက်၊ ကျွဲကော၊ ပိန္နဲ၊ မာလကာမျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ရန် ခေတ်မီစံပြပျိုးခင်းနှင့် ပျိုးရုံတည်ထောင်ခြင်း” စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 26 March 2022
ခရီးလမ်းပန်းလုံခြုံစိတ်ချရမှုတွေ အားနည်းနေသေးသည့်အတွက် ကချင်ဒေသသို့ ခရီးသွားဝင် ရောက်မှုတွေက ပြီးခဲ့သည့်နှစ်များမှစလို့ ယခုအချိန်ကာလအထိ လျော့နည်းကျဆင်းလျက်ရှိတယ်လို့ အဆိုပါဒေသရှိခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
"ခရီးသွားတွေက ဝင်တာနည်းတယ်လေ၊ မရှိသလောက်ပါပဲ၊ အရင်လိုမဟုတ်ဘူး။ အခုက မဖြစ်မ နေ အလုပ်ကိစ္စလောက်ပဲလာကြတဲ့သူတွေရှိတယ်။ အရင်လို Express ကားကြီးတွေ ဘုရားဖူးကားတွေ ဒီနှစ်ပိုင်းတွေမှာလာတာ အလွန်နည်းသွားပြီ။ ခရီးသွားတွေကျတာက ကိုဗစ်ဖြစ်ထဲက ကျတာပေါ့ ။ အခုကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ ခရီးလမ်းပန်းလုံခြုံစိတ်ချရမှု အားနည်းတယ်၊ အဲ့အတွက် ဒီဘက်ကိုလာကြတဲ့ ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အတော်လေးနည်းသွားတယ်။ ဘာလို့လဲဆို သူက စစ်ကိုင်းတိုင်းထဲကနေ ဖြတ်ပြီး တော့လာရတာ စစ်ကိုင်းတိုင်းထဲဖြတ်ပြီးမှ ဒီဘက်ရောက်တာကိုး အဲ့တော့ လမ်းခရီးလာရတဲ့အပိုင်းမှာ အခက်အခဲလေးတွေရှိတယ်။ အခုကတော့ ဒီဘက်ကိုလာမယ်ဆိုရင် လေကြောင်းလမ်းတစ်ခုပဲရှိတာပေါ့။ ပြောရရင် ခရီးသွားလုပ်ငန်းတွေက အခုကာလမှာ တုန့်ဆိုင်းနေတဲ့သဘောပါပဲ။"လို့ မြစ်ကြီးနားမြို့အခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက YMG ကို ယခုလိုပြောပြခဲ့ပါတယ်။
ပြည်တွင်း၊ပြည်ပခရီးသွားတွေ စိတ်ဝင်တစားနဲ့ အများဆုံးလာရောက်လည်ပတ်ကြတဲ့ ကချင်ပြည်နယ်ရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ မနောပွဲတော်ကိုလည်း ကိုဗစ်အခြေအနေ တွေကြောင့် မကျင်းပနိုင်တဲ့ အနေအထားမှာရှိနေတာကြောင့် ခရီးသွားဝင်ရောက်မှုတွေ ကျဆင်းခဲ့တာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ဆိုပါတယ်။
"မနောပွဲတော်ကိုလည်း မကျင်းပနိုင်တာကြာခဲ့ပြီ။ ကိုဗစ်ဖြစ်ထဲကပေါ့၊ အားလုံးသိတဲ့အတိုင်း မ နောပွဲတော်ဆိုတာကလည်း တအားစည်တဲ့ပွဲတော်တစ်ခုဖြစ်တယ်။ ကချင်ပြည်နယ်ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တယ်။ ပွဲတော်ရက်ဆို ပြည်တွင်း၊ပြည်ပ ခရီးသွားတွေနဲ့ တအားစည်တယ်။ အခုနောက်ပိုင်းကာလတွေမှာ ဒီလိုပွဲတော်တွေကို ပြန်ပြီးတော့ ကျင်းပလာနိုင်မယ်ဆိုရင် ခရီးသွား တွေက ပြန်တက်လာမှာပေါ့။
ဒါပေမယ့် ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ကတော့ ကျွန်တော်ထင်ပါတယ်၊ အချိန်ကာလတစ်ခုအထိ စောင့်ရမှာပါ။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ကချင်ဒေသဟာ အထင်ကရ လည်ပတ်အပန်းဖြေစရာနေရာတွေ များပြားသည့်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
"ဒီဘက်ကတော့ လည်ပတ်စရာတွေက မြစ်ဆုံရှိမယ်၊ အင်းတော်ကြီးဒေသရှိမယ် ကျန်တဲ့လည်ပတ်စရာတွေ အပန်းဖြေစခန်းတွေလည်း အများကြီးပေါ့နော်။တချို့ခရီးသွားတွေကျတော့လည်း ပူတာအိုဒေသ ရေခဲတောင်တန်းတွေအထိ သွားရောက်လည်ပတ်ကြတာတွေရှိတယ်။" လို့ သူက ထပ်လောင်းပြောပြခဲ့ပါတယ်။
လက်ရှိ ကချင်ဒေသသို့ ခရီးသွားဝင်ရောက်မှုက ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းသာရှိနေပြီး ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ကိုလည်း ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက မျှော်လင့်လျက်ရှိနေကြပါတယ်။
ymg/kg
#Yangon_Media_Group
#Local_News
Published_ 26 March 2022
လှော်ကား ရေလှောင်ကန်သို့နေ့စဥ် ရေဂါလံ သန်း (၆၀) ဖြည့်ပေးနိုင်မည့် လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ အဆိုပါ စီမံကိန်းနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်မြို့တော်သို့ သောက်သုံးရေ လုံလောက်စွာပေးဝေနိုင်ရေးအတွက် လှိုင်မြစ်မှ ရေအား လှော်ကားရေလှောင်ကန်သို့ နေ့စဥ် ရေဂါလံ သန်း (၆၀) အား ဖြည့်ပေးနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဌာန (၃) ခုတို့ပူးပေါင်း၍ လှိုင်မြစ်- လှော်ကား ရေအားဖြည့်စီမံကိန်းအား ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့်လုပ်ငန်းများမှာ ရေစုကန် ၁ လုံး၊ အနည်စုဖွဲ့ကန် ၁ လုံး၊ အနည်ထိုင်ကန် ၁ လုံး၊ ဆေးခပ်စက်ရုံ ၁ လုံး၊ ရေကြည်စုကန် ၁ လုံး၊ ရေတွန်းစက်ရုံ ၁ လုံး၊ 500kw ၊ 20MGDရေတွန်းစက် - ၆ စုံ၊ တစ်ရက် ရေအားဖြည့်နိုင်မှု - ၆၀ ဂါလန်သန်း၊ 1600mmø HDPEပိုက်လိုင်း ၃.၂ မိုင်တို့ ဖြစ်ကြ ပါတယ်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှဆောင်ရွက်သည့် လုပ်ငန်းများမှာ ရေပေးတူးမြောင်း ၅.၃၅ မိုင်၊ 30"ø MS မြစ်ရေတင်ပိုက်လိုင်း - ၆ လိုင်း၊ Barge. - ၃ စီး၊ 250 kwMotor &40 Cusec ရေတင်စက် ၆ စုံတို့ ဖြစ်ကြပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဆောင်ရွက်သည့်လုပ်ငန်းများမှာ ၃၃ ကေဗွီကောင်းကင်ဓာတ်အားလိုင်း ၂ လိုင်း ၉ မိုင်၊ ၃၃/ ၆.၆ ကေဗွီ ၊ ၄ အမ်ဗွီအေ Y. C. D. C ရေတွန်းစက်ဓာတ်အားခွဲရုံ ၁ ရုံ၊ ၃၃/ ၃.၃ ကေဗွီ ၂.၅ အမ်ဗွီအေ ကန်ကလေး လျှပ်စစ်မြစ်ရေတင်ဓာတ်အားခွဲရုံ ၁ ရုံ တို့ ဖြစ်ကြပါတယ်။
အကျိုးသက်ရောက်မှု နွေရာသီကာလလိုအပ်သည့် ရေပမာဏကို လှော်ကားရေလှောင်ကန်သို့အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ယခုစီမံကိန်းကြီး ဆောင်ရွက်ခြင်းဖြင့် လှော်ကားရေလှောင်ကန်သို့ တစ်နေ့လျှင် ရေဂါလန် (၆၀) သန်း ဖြည့်တင်းပေးနိုင်သဖြင့် လှော်ကားရေလှောင်ကန်မှ ရေပေးဝေလျက်ရှိသော မြို့နယ်များအနေဖြင့် နေ့စဉ်ပုံမှန်ရေရရှိသည့် အကျိုးကျေးဇူးများကို ခံစားရမှာဖြစ်ပါတယ်။
ယခုစီမံကိန်းကို ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့က စတင်ခဲ့ပြီးယနေ့ ယခုနှစ်မတ် ၂၅ တွင် ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဆောင်ရွက်ချိန် ၁၁ လခန့်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published -26 Mar 2022
မတ်လ ၂၅ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ Denko ဆီဆိုင်ကို သေနတ်၊လက်ပစ်ဗုံးများဖြင့်ပစ်ခတ်ကာငွေများလုယက်သွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဥ်မှာ မတ် ၂၅ ည ၈နာရီကျော်အချိန် ခန့်ကဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ Denko စက်သုံးဆီဆိုင်အတွင်းသို့ သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့်ပစ်၍ ငွေလုယက်မီးရှိသွားကြောင်းလုံခြုံရေးတပ်ဖွဲ့က သတင်းအရ သွားရောက်စိစစ်ခဲ့ရာ Denko စက်သုံးဆီဆိုင်အတွင်းသို့ Probox အဖြူရောင်(စိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ လူငယ် (၆)ဦး(စိစစ်ဆဲ)မှ ဆင်းကာ လူငယ် (၃)ဦးမှ သေနတ်၊ ကျန်လူငယ်(၃)ဦးတို့မှ ဓါးဖြင့် ခြိမ်းခြောက်၍ ဆိုင်ဝန်ထမ်းများနှင့် ဆီလာထည့်သည့် ယာဉ်နှင့်လူမျာအားစု၍ ထိုင်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့မှ သေနတ်ဖြင့် မိုးပေါ် (၄)ချက်ခန့် ထောင်ဖောက်၍ ငွေသိမ်းကောင်တာအတွင်းရှိ စက်သုံးဆီရောင်းရငွေ ငွေကျပ်သိန်း (၆၀)အား ယူဆောင်ပြီး သွားခဲ့တယ်လို့သိရပါတယ်။
"ဖြစ်စဥ်ကိုအတည်ပြုပါတယ် ဆက်လက်စုံစမ်းဆောင်ရွက်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အဆိုပါငွေများယူဆောင်သွားသည့်ဆီပန့်အနီးသို့ လက်ပစ်ဗုံးဖြင့်ပစ်၍ မီးတုတ်(၂)ခုဖြင့် မီးရှို့ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ လက်ပစ်ဗုံးပေါက်ကွဲမှု၊ မီးလောင်မှုများကြောင့် လူထိခိုက်မှုမရှိဘဲ ဆီပန့်(၂)ခု မီးလောင်ပျက်ဆီး၊ ငွေသိမ်းကောင်တာရှိ ကာရံထားသည့်မှန်များ ကွဲအက်ပျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုအား ဆိုင်ဝန်ထမ်းများမှ မီးသတ်ဆေးဗူးများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း၊ ပေါက်ကွဲသည့်နေရာမှ သစ်သားမီးတုတ် (၂)ခုနှင့် လီဗာတံ (၁)ခု တွေ့ရှိခဲ့ ကာ တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published - 26 March 2022
အမျိုးသားများအသုံးပြုနိုင်မယ့် သန္ဓေတားဆေးဖော်ထုတ်နိုင်ဖို့ နှစ်ပေါင်းများစွာကြိုးပမ်းမျှော်လင့်ထားကြရာ အခုအခါလက်တွေ့ထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ကိုယ်ဝန်ရရှိနိုင်ချေကို ၉၉ ရာခိုင်နှုန်းလျှော့ချပေးနိုင်ခြင်းဖြင့် အမျိုးသမီးသန္ဓေတားဆေးများကဲ့သို့ ထိရောက်မှုရှိနေမှာဖြစ်ပါတယ်။
YCT529 လို့ခေါ်တဲ့ အဆိုပါတားဆေးဟာ ဟော်မုန်းမပါဝင်တဲ့ဆေးဖြစ်ပြီး ကြွက်များနဲ့စမ်းသပ်ခဲ့ရာမှာ ထင်ရှားတဲ့ဘေးထွက်ဆိုးကျိုးမတွေ့ခဲ့ရပါဘူး။ ကြွက်တွေမှာ တားဆေးအသုံးပြုနေခြင်းကိုရပ်တန့်ပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း သန္ဓေအောင်နိုင်ချေပြန်လည်ရရှိလာခဲ့ပါတယ်။
ဒီဆေးဟာ သုတ်ပိုးဖြစ်ပေါ်စေတဲ့ပရိုတိန်းတစ်မျိုးကို တားဆီးပိတ်ပင်ခြင်းဖြင့် သန္ဓေတားခြင်းပြုလုပ်ပေးတာဖြစ်ပါတယ်။ မင်နီဆိုတာတက္ကသိုလ်မှ သုတေသီတွေက ယခုနှစ်နှောင်းပိုင်းမှာ လူသားတွေနဲ့စမ်းသပ်ဖို့ စီစဉ်နေကြပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက လူသားတွေနဲ့စမ်းသပ်ဖူးတဲ့ဆေးတွေရှိခဲ့ပေမယ့် YCT529 ကတော့ အမျိုးသားသန္ဓေတားဆေးတွေထဲမှာ ရှေ့အရောက်ဆုံးဖြစ်နေပါတယ်လို့ ပရော်ဖက်ဆာ'ဂန်ဒါဂျော့ဂျ်'က ပြောပြပါတယ်။
သိပ္ပံပညာရှင်တွေဟာ ၁၉၅၀ ခုနှစ်တွေကတည်းက သောက်ဆေး၊ ဂျယ်လ်၊ ထိုးဆေးတို့ ဖြင့် အမျိုးသားတွေအတွက် ထိရောက်တဲ့သန္ဓေတားဆေး ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
အမျိုးသမီးတွေမှာ တားဆေးတွေက တစ်လတစ်ခါမျိုးဥကြွေတာကို တားဆီးခြင်းဖြင့် ကိုယ်ဝန်မရရှိအောင်ပြုလုပ်ပေးပါတယ်။ အမျိုးသားတွေမှာတော့ သုတ်ပိုးတွေနေ့စဉ်သန်းနဲ့ချီပြီးထွက်ရှိနေတာကို တားဆီးရမှာဖြစ်ပါတယ်။
အရင်ကစမ်းသပ်ခဲ့တဲ့အမျိုးသားသန္ဓေတားဆေးတွေဟာ ကျားဟော်မုန်းတက်စတိုစထရုန်းကို တားဆီးပေးပြီး သုတ်ပိုးဆဲလ်တွေထုတ်လုပ်မှုလျော့ကျသွားအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။
ဒါပေမဲ့ တက်စတိုစထရုန်းဟော်မုန်းကိုတားဆီးခြင်းက အမျိုးသားတွေမှာ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကိုလက်စထရောတက်ခြင်းများ ဖြစ်ပွားနိုင်ပါတယ်။
ဒီလိုဘေးထွက်ဆိုးကျိုးတွေမဖြစ်ပေါ်စေဖို့ ဟော်မုန်းမပါဝင်တဲ့ အမျိုးသားသန္ဓေတားဆေးကို ထုတ်လုပ်ချင်ခဲ့တာဖြစ်ကြောင်း YCT529 ဆေးထုတ်လုပ်ရေးမှာပါဝင်တဲ့ 'အက်ဘ်ဒူလာအယ်နိုမန်'က ပြောကြားခဲ့ပါတယ်။
အမျိုးသားတွေမှာ ကွန်ဒုံးအသုံးပြုခြင်းနဲ့ သားကြောဖြတ်ခြင်းတို့ ဖြင့်သာ သန္ဓေတားလို့ ရနေတာဖြစ်ပါတယ်။ အမျိုးသမီးတွေအသုံးပြုတဲ့သန္ဓေတားဆေးက ထိရောက်မှုရှိပြီး သုံးစွဲမှုရပ်တန့်လိုက်ရင် ကိုယ်ဝန်ပြန်ရနိုင်ချေရှိနေတာကြောင့် အမျိုးသားတွေအတွက်လည်း ဒီလိုဆေးမျိုးလိုအပ်နေပါတယ်။
ဒီဆေးက တိရိစာ္ဆန်တွေနဲ့စမ်းသပ်ရာမှာ ထိရောက်မှုရှိပေမယ့် လူသားတွေနဲ့စမ်းသပ်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ခန့်မှန်းရခက်နေပါတယ်လို့ ပရော်ဖက်ဆာ'ဂျော့ဂျ်'ကဆိုပါတယ်။
အမျိုးသားသန္ဓေတားဆေး စမ်းသပ်ထုတ်လုပ်နိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလိုအပ်နေပါတယ်လို့ ပြောကြားသွားပါတယ်။
Source: DailyMail
#WorldHealth
Published - 26 March 2022
ကိုဗစ်ရောဂါခံစားရဖူးတဲ့အသက်ဆုံးပါးခါနီးလူနာတွေ လှူဒါန်းလိုက်သည့်အတွင်းအင်္ဂါများဟာ အစားထိုးခွဲစိတ်ဖို့ အတွက် ဘေးကင်းစိတ်ချရကြောင်း အမေရိကန်နဲ့ အီတလီမှအစားထိုးခွဲစိတ်ရေးအဖွဲ့ များက နောက်လမှာပြုလုပ်မယ့် အဏုဇီဝနှင့်ကူးစက်ရောဂါဆိုင်ရာ ဥရောပအစည်းအဝေးမှာ တင်ပြသွားဖို့ ရှိနေပါတယ်။
အဖွဲ့နှစ်ဖွဲ့စလုံးက သူတို့ရဲ့စမ်းသပ်လေ့လာချက်တွေကို ထုတ်ဖော်ပြသဖို့မျှော်မှန်းထားကြပါတယ်။ မြောက်ကယ်ရိုလိုင်းနား ဒုခ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဒေါက်တာ'ကမ်မရွန်ဝုဖ်'နဲ့ ဒေါက်တာ'အမ်မလီအိုင်ချန်ဘာနာ'တို့က အဆုတ်နဲ့အူအင်္ဂါများကိုတော့ အလှူရှင်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း ရက် ၂၀ ကျော်ကြာပြီးတဲ့အချိန်မှသာ အသုံးပြုသင့်ပြီး အခြားအင်္ဂါများကိုတော့ အလှူရှင်က ကိုဗစ်ရောဂါနဲ့ဆုံးပါးတာမျိုးမဟုတ်ရင် အစားထိုးအသုံးပြုနိုင်သလို သွေးခဲခြင်းဖြစ်စဉ်အမြောက်အများရှိမနေဘူးဆိုရင်လည်း အသုံးပြုနိုင်ပါတယ်လို့ အစည်းအဝေးကြီးကြပ်စီစဉ်သူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီတလီနိုင်ငံ အင်ဆူဘရီယာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ပေါ်လိုဂရော့စီ'နဲ့အဖွဲ့ဟာ SARS-CoV-2 ဗိုင်းရပ်စ်ရှိနေတဲ့အလှူရှင်များထံမှ အသည်း၊ နှလုံး၊ ကျောက်ကပ်အင်္ဂါများဖြင့် အစားထိုးခွဲစိတ်ခဲ့ကြပါတယ်။
"၂၀၂၂ ခုနှစ်ထဲကိုရောက်လာတဲ့အချိန်မှာ ကိုဗစ်ရောဂါဖြစ်ပွားဖူးတဲ့သူတွေရဲ့ အင်္ဂါအမျိုးမျိုးကို အသုံးပြုရနိုင်တဲ့အခြေအနေတွေ မလွဲမသွေရှိလာမှာပါ" လို့ 'ဂရော့စီ'က ရေးသားဖော်ပြခဲ့ပါတယ်။
ချပြထားတဲ့အချက်အလက်တွေက အားရစရာကောင်းပေမယ့် ဒီလို ကိစ္စတွေမှာ အလှူရှင်တွေရဲ့ ဘေးကင်းစိတ်ချရမှုက အဲဒီလောက်တော့စိတ်ချရခြင်းမရှိပါဘူး။
Source: Reuters
#LocalNews
Published_25 March 2022
Bus ကားမှတ်တိုင်တွေမှာရပ်တဲ့ Taxi တွေနဲ့ Light truck ကားတွေကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က အရေးယူဖို့ရှိနေပါတယ်။
#Yangon_Media_Group
Published 25 March 2022
မြောက်ကိုးရီးယားက ကမ္ဘာ့တိုက်ကြီးတစ်ခုမှ တစ်ခုသို့ ပစ်ခတ်နိုင်တဲ့ အကြီးဆုံးဒုံးကျည်ကို မတ်လ၂၄ ရက် စမ်းသပ်ပစ်လွှတ် ခဲ့ပါတယ်။ အဲသလိုပစ်လွှတ်တာကို မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုန်းအမ်ကိုယ်တိုင် လာရောက်ကြီးကြပ်တာကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ စတိုင်အပြည့်နှင့် ရုပ်ရှင်ဆန်ဆန်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။
မြောက်ကိုးရီးယားဟာ အမေရိကန်ပြည်ထောင်စုနှင့် ကာလရှည်ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာကို အသေအချာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံက သတင်းတင်ဆက်ပါတယ်။
ယခုနောက်ဆုံး စမ်းသပ် ပစ်လွှတ်လိုက်တဲ့ ICBM ဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးကို မည်သည့်နေရာကိုမဆို တိုက်ခိုက် နိုင်အောင် ဒီဇိုင်းလုပ်ထားတာလို့ ပြောပါတယ်။
အစိုးရမီဒီယာတွေဟာ သားရေဂျာကင်အနက်ရောင်နှင့် နေကာမျက်မှန်အမည်းကို ဝတ်ဆင်ထားတဲ့ ကင်မ်ဟာ ဒုံးကျည် အကြီးကြီးတစ်ခုရဲ့ရှေ့က ကတ္တရာလမ်းပေါ် ခြေလှမ်းကျဲကျဲနှင့် ဖြတ်လျှောက်သွားတာကိုရိုက်ကူးထားပါတယ်။ နောက်ပုံတွေ မှာတော့ ယူနီဖောင်းဝတ်စစ်အရာရှိကြီးတွေနှင့်အတူ စမ်းသပ်ထုတ်လွှင့်မှုအပေါ် အောင်ပွဲခံနေတဲ့ လှုပ်ရှားမှုပုံတွေ ဖြစ်ပါ တယ်။
“ ယခုတိုက်ကြီးတစ်ခုနှင့်တစ်ခုအကြားပစ်လွှတ်တဲ့ ဒုံကျည်အသစ်ဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်တပ်အင်အားရဲ့ ပါဝါကို တကမ္ဘာလုံးက ရှင်းရှင်းလင်းလင်းသတိထားမိစေလိမ့်မယ်” လို့ ကင်မ်က ပြောတယ်လို့ ကိုရီးယားဗဟိုသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ အခုဆို မြောက်ကိုးရီးယားဟာ အမေရိကန် နယ်ချဲ့တွေကို ကြာမြင့်စွာ ထိပ်တိုင်ရင်ဆိုင်ဖို့ အဆင် သင့် ရှိနေပြီလို့လည်း ဖြည့်စွက်ပြောပါတယ်။
Source AFP/KCTV
#LocalNews
Published - 25 March 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ နေ့စဉ်နဲ့အမျှလုယက်မှုဖြစ်စဉ်တွေ များပြားလာသည့် အတွက် မြို့နေဒေသခံများအနေနဲ့ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1378 of 1464