#World_News
Published 28 November 2026

■ အမေရိကန်လေတပ်ရဲ့ အရေးကြီးတဲ့ Cloud One ကွန်ပျူတာစနစ်ကို ဟက်ကာတွေက ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ Reuters သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။

■ အခုတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ အချက်အလက်တွေ၊ စစ်ဘက်ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်အလက်တွေ အန္တရာယ်ကျရောက်လာနိုင်တယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူ သုံးဦးက ပြောပါတယ်။

■ Cloud One စနစ်ကို အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေစဉ် လွန်ခဲ့တဲ့ တစ်လခန့်က ဟက်ကာတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် စနစ်တစ်ခုလုံးမှာ လုပ်ငန်းဆောင်ရွက်မှု အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

■ ဒါပေမဲ့ ဟက်ကာတွေဟာ ဘယ်သူတွေလဲ၊ စနစ်အတွင်း ဘယ်လောက်အထိ ဝင်ရောက်နိုင်ခဲ့သလဲ၊ အချက်အလက်တွေ ခိုးယူသွားတာရှိ၊ မရှိဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

■ အမေရိကန်လေတပ်ကလည်း သီးခြားကွန်ရက်တွေနဲ့ စနစ်တွေရဲ့ လုံခြုံရေးအခြေအနေ၊ အားနည်းချက်တွေနဲ့ လုပ်ငန်းလည်ပတ်မှုအခြေအနေတွေကို မှတ်ချက်ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။

■ ဒါပေမဲ့ လေတပ်ရဲ့ အချက်အလက်တွေနဲ့ စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင်ရည်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေကို အမြဲတမ်းလုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

■ Cloud One ကို ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အမေရိကန်လေတပ်ရဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာ လုပ်ငန်းအားလုံးကို တစ်နေရာတည်းကနေ စီမံခန့်ခွဲနိုင်ဖို့ ရည်ရွယ်ထားတာပါ။

■ ဒီစနစ်မှာ Microsoft၊ Amazon၊ Oracle နဲ့ Alphabet စတဲ့ နည်းပညာကုမ္ပဏီကြီးလေးခုရဲ့ ဝန်ဆောင်မှုတွေကို ပေါင်းစပ်အသုံးပြုထားပါတယ်။

■ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေ၊ လစာပေးချေမှု၊ စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးနဲ့ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေအပါအဝင် အက်ပလီကေးရှင်းအများအပြားကို ဒီစနစ်ကနေ လည်ပတ်ပေးနေတာဖြစ်ပါတယ်။

■ အဲဒီအထဲမှာ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ စနစ်တွေလည်း ပါဝင်ပါတယ်။

Source-Reuters