#World_Health
Published 28 November 2026

■ ကျန်းမာရေးကို ကြိုတင်ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ပုံမှန်သွေးစစ်ဆေးမှုတွေအပြင် မျိုးရိုးဗီဇစစ်ဆေးခြင်း၊ အဆင့်မြင့်ပုံရိပ်ဖော်စစ်ဆေးမှုတွေနဲ့ AI နည်းပညာတွေကိုပါ အသုံးပြုလာကြပါတယ်။

■ ဒါပေမဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို များများလုပ်လေ ကျန်းမာရေးပိုကောင်းလေဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့အသက်အရွယ်၊ မိသားစုမျိုးရိုးရာဇဝင်နဲ့ လက်ရှိကျန်းမာရေးအခြေအနေတွေအပေါ် မူတည်ပြီး သင့်တော်တဲ့စစ်ဆေးမှုတွေကိုသာ ရွေးချယ်သင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

■ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ India Today HealthWealth Summit မှာ ဆရာဝန်ကြီးတွေဖြစ်ကြတဲ့ Dr Navin Dang၊ Dr Harsh Mahajan နဲ့ Dr Arvind Lal တို့က ယနေ့ခေတ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေရဲ့ ပြောင်းလဲလာတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ၊ မျိုးရိုးဗီဇစစ်ဆေးမှု၊ တစ်ကိုယ်လုံး MRI ရိုက်ကူးစစ်ဆေးမှု၊ နှလုံးသွေးကြောဆိုင်ရာ Calcium Scoring၊ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ကျန်းမာရေးကဏ္ဍမှာ AI နည်းပညာအသုံးပြုမှုတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

■ ဆရာဝန်တွေက ဆေးဘက်ဆိုင်ရာနည်းပညာတွေ တိုးတက်လာတာကြောင့် ရောဂါဖြစ်နိုင်ခြေတွေကို စောစီးစွာ ရှာဖွေသိရှိနိုင်လာပေမဲ့ စစ်ဆေးမှုတွေကို မလိုအပ်ဘဲ အများကြီးပြုလုပ်ခြင်းက ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေတာတော့ မဟုတ်ဘူးလို့ အလေးပေးပြောကြားခဲ့ပါတယ်။

■ မျိုးရိုးဗီဇစစ်ဆေးမှုတွေ မပြုလုပ်ခင် ဆွေးနွေးတိုင်ပင်ဖို့လိုအပ်
Dr Harsh Mahajan က မျိုးရိုးဗီဇစစ်ဆေးမှု (Genetic Testing) ဟာ လူတစ်ဦးမှာ ရောဂါအချို့ ဖြစ်ပွားနိုင်ခြေ ပိုများမများကို ကြိုတင်သိရှိနိုင်ဖို့ အထောက်အကူပြုတယ်လို့ ပြောပါတယ်။
အထူးသဖြင့် မိသားစုဝင်အများအပြားမှာ ကင်ဆာရောဂါ ဖြစ်ဖူးတဲ့ မိသားစုတွေမှာ ဒီလိုစစ်ဆေးမှုတွေက အရေးပါနိုင်ပါတယ်။

■ ဒါပေမဲ့ စစ်ဆေးမှုမပြုလုပ်ခင် ရလဒ်က ဘာကိုဆိုလိုသလဲ၊ Positive ဖြစ်ရင် ဘာတွေ ဆက်လုပ်သင့်သလဲ၊ Negative ဖြစ်ရင် ဘာကို ဆိုလိုသလဲဆိုတာတွေကို ကျွမ်းကျင်သူတွေနဲ့ ကြိုတင်ဆွေးနွေးနားလည်ထားဖို့ လိုအပ်ပါတယ်။

■ လက်ရှိမှာ Genome Sequencing နည်းပညာဟာ အရင်ကထက် ပိုမိုလက်လှမ်းမီလာပေမဲ့ အိန္ဒိယနိုင်ငံမှာ လူအများစုအတွက် ကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

■ တစ်ကိုယ်လုံး MRI ရိုက်ကူးစစ်ဆေးမှုနဲ့ ကင်ဆာရောဂါ စောစီးစွာရှာဖွေခြင်းအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ရောဂါကို စောစီးစွာ သိရှိနိုင်ခြင်းက ကုသမှုအောင်မြင်နိုင်ခြေကို မြှင့်တင်ပေးနိုင်ပေမဲ့ သင့်တော်တဲ့ ဆေးဘက်ဆိုင်ရာအကြောင်းပြချက်ရှိမှသာ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း စစ်ဆေးသင့်တယ်လို့ဆိုပါတယ်။

■ Dr Arvind Lal ကတော့ ဟောလိဝုဒ်မင်းသမီး Angelina Jolie ရဲ့ BRCA1 မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားကြောင်း သိရှိခဲ့ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ဖြစ်ရပ်ကို ဥပမာပေးခဲ့ပါတယ်။

■ ဒါပေမဲ့ မျိုးရိုးဗီဇအရ ရောဂါဖြစ်နိုင်ခြေရှိတယ်ဆိုတာနဲ့ အဲဒီရောဂါကို မဖြစ်မနေ ခံစားရမယ်လို့ မဆိုလိုပါဘူး။ အရေးကြီးတဲ့ ကျန်းမာရေးဆုံးဖြတ်ချက်တွေကို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ ချမှတ်သင့်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

■ Widal Test နဲ့ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ
ဆွေးနွေးပွဲမှာ ပရိသတ်တစ်ဦးက ကျေးလက်ဒေသတွေမှာ တိုက်ဖွိုက်အဖျားရောဂါ စစ်ဆေးဖို့ Widal Test ကို အသုံးပြုနေကြတဲ့အကြောင်းနဲ့ မှားယွင်းတဲ့ Positive ရလဒ်တွေကြောင့် မလိုအပ်တဲ့ ပဋိဇီဝဆေးတွေ ပေးနေကြရတဲ့အခြေအနေကို မေးမြန်းခဲ့ပါတယ်။

■ Dr Arvind Lal က Widal Test ဟာ တိုက်ဖွိုက်ရောဂါ စတင်ဖြစ်ပွားတဲ့ အစောပိုင်းကာလမှာ Negative ပြနိုင်သလို မှားယွင်းတဲ့ Positive ရလဒ်တွေလည်း ထွက်နိုင်တာကြောင့် ရောဂါအတည်ပြုဖို့ ယုံကြည်စိတ်ချရတဲ့ တစ်ခုတည်းသောစစ်ဆေးမှုအဖြစ် မသတ်မှတ်သင့်ဘူးလို့ ရှင်းပြခဲ့ပါတယ်။

■ တိုက်ဖွိုက်ရောဂါကို အတည်ပြုဖို့အတွက် Blood Culture လို့ခေါ်တဲ့ သွေးထဲက ဘက်တီးရီးယားပိုးမွှားတွေကို မွေးမြူစစ်ဆေးတဲ့ နည်းလမ်းက အရေးကြီးပါတယ်။ ဘယ်လိုစစ်ဆေးမှုမျိုး ပြုလုပ်သင့်တယ်ဆိုတာကိုလည်း လူနာရဲ့ ရောဂါလက္ခဏာနဲ့ ဆေးဘက်ဆိုင်ရာအခြေအနေအပေါ်မူတည်ပြီး ဆရာဝန်ကဆုံးဖြတ်သင့်ပါတယ်။

■ Dr Navin Dang ကလည်း မယုံကြည်ရတဲ့ စစ်ဆေးမှုနည်းလမ်းတွေကို အသုံးပြုခြင်းနဲ့ မလိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ခြင်းကို သတိထားဖို့ပြောကြားခဲ့ပါတယ်။

■ အထူးသဖြင့် Antimicrobial Resistance လို့ခေါ်တဲ့ ပိုးသတ်ဆေးယဉ်ပါးမှုပြဿနာဟာ အနာဂတ်မှာ ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

■ ဘက်တီးရီးယားပိုးတွေဟာ အသုံးပြုနေကျ ပဋိဇီဝဆေးတွေကို တုံ့ပြန်နိုင်စွမ်း လျော့နည်းလာတဲ့အခါ ရောဂါကုသဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။

■ ဒါကြောင့် မလိုအပ်ဘဲ ပဋိဇီဝဆေးတွေ သောက်သုံးခြင်းကိုရှောင်ကြဉ်ဖို့နဲ့သင့်တော်တဲ့ စစ်ဆေးမှုရလဒ်တွေအပေါ် အခြေခံပြီးမှဆေးဝါးကုသမှုခံယူဖို့လိုအပ်ပါတယ်။

■ နှလုံးသွေးကြောစစ်ဆေးမှုနဲ့ ကျန်းမာရေးစစ်ဆေးရမှာ ကြောက်ရွံ့ခြင်း
ဆွေးနွေးပွဲမှာ နှလုံးသွေးကြောဆိုင်ရာ Coronary Calcium Scoring နဲ့ CT Coronary Angiography စစ်ဆေးမှုတွေအကြောင်းကိုလည်း ရှင်းပြခဲ့ကြပါတယ်။

■ ပရိသတ်တစ်ဦးက သူ့ရဲ့ Calcium Score ဟာ ၁,၀၁၃ ရှိနေကြောင်း ပြောကြားခဲ့တဲ့အခါ Dr Navin Dang က Calcium Scoring ဟာ နှလုံးကို သွေးပို့ပေးနေတဲ့ သွေးကြောတွေမှာ အဆီနဲ့ ကယ်လ်စီယမ်အနည်အနှစ်တွေ စုပုံနေမှုကို အကဲဖြတ်နိုင်တဲ့ စစ်ဆေးမှုဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

■ CT Coronary Angiography ကတော့ Contrast Dye လို့ခေါ်တဲ့ ဆေးရည်ကို အသုံးပြုပြီး နှလုံးသွေးကြောတွေရဲ့ အခြေအနေကို ပုံရိပ်ဖော်စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

■ ဒီနည်းလမ်းက Calcium Scoring နဲ့ မမြင်နိုင်တဲ့ Soft Plaque လို့ခေါ်တဲ့ သွေးကြောနံရံမှာ စုပုံနေတဲ့ အဆီပြားတွေကိုပါ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အဲဒီအဆီပြားတွေ ပေါက်ပြဲသွားပါက သွေးခဲဖြစ်ပေါ်ပြီး နှလုံးသွေးကြောပိတ်ခြင်းနဲ့ နှလုံးဖောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

■ ဒါကြောင့် ဘယ်လိုစစ်ဆေးမှုမျိုး လိုအပ်သလဲဆိုတာကို နှလုံးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

■ တစ်ဖက်မှာလည်း ဆေးစစ်ရမှာ ကြောက်လို့ ရှောင်နေသူတွေနဲ့ Continuous Glucose Monitor၊ Fitness Tracker စတဲ့ ကျန်းမာရေးစောင့်ကြည့်ကိရိယာတွေရဲ့ ရလဒ်တွေကို အလွန်အကျွံ စိုးရိမ်နေသူတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။

■ Dr Navin Dang က စစ်ဆေးမှုရလဒ် ပုံမှန်ဖြစ်နေတာဟာလည်း ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်တဲ့ အသုံးဝင်တဲ့ အချက်အလက်တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

■ Dr Arvind Lal ကတော့ ကျန်းမာရေးစစ်ဆေးမှုတွေအပေါ် အလွန်အကျွံ စိုးရိမ်ပူပန်နေခြင်းဟာလည်း ပညာရှင်တွေရဲ့ အကူအညီ လိုအပ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

■ AI နည်းပညာက ဆရာဝန်တွေကို ကူညီနိုင်ပေမဲ့ အစားထိုးလို့မရ
နောက်ဆုံးဆွေးနွေးချက်မှာတော့ ကျန်းမာရေးကဏ္ဍအတွင်း AI နည်းပညာအသုံးပြုမှုအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။

■ Dr Harsh Mahajan က ChatGPT လို အထွေထွေ AI နည်းပညာတွေနဲ့ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေအတွက် အထူးဖန်တီးထားတဲ့ Medical AI စနစ်တွေဟာ မတူညီကြောင်း ရှင်းပြခဲ့ပါတယ်။

■ လူတွေဟာ ChatGPT လို AI ကိရိယာတွေကို အသုံးပြုပြီး ဆေးဘက်ဆိုင်ရာဝေါဟာရတွေကို နားလည်အောင် လေ့လာနိုင်သလို ကျန်းမာရေးဗဟုသုတတွေကိုလည်း တိုးပွားစေနိုင်ပါတယ်။

■ ဒါပေမဲ့ AI ရဲ့ အဖြေတွေကိုသာ အားကိုးပြီး ကိုယ့်ဘာသာရောဂါရှာဖွေတာ၊ ဆေးဝါးကုသမှု ဆုံးဖြတ်တာမျိုး မပြုလုပ်သင့်ဘူးလို့ သတိပေးခဲ့ပါတယ်။

■ ဆေးဘက်ဆိုင်ရာ AI စနစ်တွေကိုလည်း လက်တွေ့အသုံးမပြုခင် မှန်ကန်မှုရှိမရှိ စမ်းသပ်စစ်ဆေးခြင်း၊ အရည်အသွေးအတည်ပြုခြင်းနဲ့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အကဲဖြတ်ခြင်းတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။

■ ဒါ့အပြင် ဆေးရုံနဲ့ ရောဂါရှာဖွေရေးဌာနတွေမှာ အသုံးပြုတဲ့ AI စနစ်တွေကို စမ်းသပ်ခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းနဲ့ ပုံမှန်စောင့်ကြည့်ခြင်းတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Carpel.ai ပလက်ဖောင်းအကြောင်းကိုလည်း မိတ်ဆက်ဆွေးနွေးခဲ့ပါတယ်။

■ AI နည်းပညာကို တာဝန်ယူမှုရှိရှိ အသုံးပြုနိုင်မယ်ဆိုရင် ဆေးစစ်ချက်ရလဒ်တွေ ထုတ်ပေးတဲ့အချိန်ကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ခြင်း၊ အမှားအယွင်းတွေ လျှော့ချနိုင်ခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေ လျှော့ချနိုင်ခြင်းတို့မှာ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

■ ယနေ့ခေတ်မှာ ကျန်းမာရေးစစ်ဆေးမှုနည်းပညာတွေ အလျင်အမြန် တိုးတက်လာတာကြောင့် ရောဂါတွေကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုများပြားလာပါတယ်။

■ ဒါပေမဲ့ ကျန်းမာရေးကောင်းဖို့ဆိုတာ ဆေးစစ်မှုတွေ အများကြီးပြုလုပ်နေရုံနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ အသက်အရွယ်၊ မိသားစုမျိုးရိုးရာဇဝင်၊ လက်ရှိကျန်းမာရေးအခြေအနေနဲ့ ရောဂါဖြစ်နိုင်ခြေတွေကို အခြေခံပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့က ပိုအရေးကြီးပါတယ်။

■ အဓိကအားဖြင့် ဆရာဝန်တွေရဲ့ အကြံပြုချက်ကို လိုက်နာခြင်း၊ နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ခြင်းနဲ့ လိုအပ်တဲ့အချိန်မှာ စောစီးစွာ ဆေးစစ်ခြင်းတို့ဟာ ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အရေးပါတဲ့ အချက်တွေဖြစ်ပါတယ်။

■ ကျန်းမာရေးကောင်းဖို့အတွက် ဆေးစစ်မှုတွေ များများလုပ်ဖို့ထက် ကိုယ့်အတွက် တကယ်လိုအပ်တဲ့ ဆေးစစ်မှုကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့ကပိုအရေးကြီးပါတယ်။

Source-India Today