#Local_News
Published_ 25 October 2022
အောက်တိုဘာလ (၂၅) ရက်နေ့မှာ နေတစ်စိတ်တစ်ပိုင်းကြတ်တာကို မြန်မာနိုင်ငံကမြင်ရမှာ မဟုတ်တဲ့အတွက် သက်ရောက်မှု အားနည်းမှာဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 October 2022
အောက်တိုဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၇၅ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ကြေညာထားသည်။
ကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ဈေးကွက်အတွင်း၌ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၉၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _25 October 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးအဖွဲ့များက ယာဉ်အသွားအလာများကို စစ်ဆေးရာမှ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများကို ဖမ်းမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
အောက်တိုဘာလ ၂၄ ရက် ညနေ ၅ နာရီခန့်က မောင်တောမြို့ဘက်မှ ဘူးသီးတောင်မြို့သို့ ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် မာမတ်ရော်ဖီး မောင်းနှင်လာသည့် ၃ ဘီးယာဉ်ကို စစ်ဆေးရေးအဖွဲ့များက ရပ်တန့် စစ်ဆေးစဉ် ယဆိုပါ ဘင်္ဂါလီ ၄ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေးဦးမှာ ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြိုနယ်၊ မော်နီဂူနာ ကျေးရွာနေ အသက်(၂၀)အရွယ် အီနှစ်၊ အသက် ၂၄ နှစ်အရွယ် အီစမိုင်၊ တက္ကနပ်ဖ်မြို့နယ်ရှိ ဘာလူခါလီဒုက္ခသည်စခန်းမှ အသက်(၁၅)နှစ်အရွယ် ချူချီဒါ၊ နှင့် အသက်(၁၆)နှစ်အရွယ် နူရ်ဆာဒီယာ တို့ ဖြစ်ကြောင်း၊ ယင်းတို့မှာ မည်သည့်အထောက်အထား တစ်စုံတစ်ရာမျှ မပါရှိကြကြောင်း သိရသည်။
ယခုအခါ တစ်ဖက်နိုင်ငံမှနတ်မြစ်ကိုဖြတ်ကူး၍ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကိုလည်း လူကုန်ကူးမှုအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_25 October 2022
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ CNG ရရှိမှု အခက်အခဲကြောင့် ယာဉ်အစီးရေ လျှော့ချပြေးဆွဲနေရကြောင်း ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
YBS ယာဉ်လိုင်းများ အစီးရေလျှော့ချပြေးဆွဲမှုကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွင် ခရီးသည်များအနေဖြင့် ယာဉ်ရှားပါးသည့်ပြသနာကြုံတွေ့နေရကြောင်း၊ ယာဉ်လိုင်းပြေးဆွဲမှု၏ သုံးပုံနှစ်ပုံမှာ CNG ဂတ်စ်တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
“ယာဉ်အစီးရေ ထပ်တိုးပြေးဆွဲတာတို့၊ ခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲတာတို့ကို လတ်တလောမှာမရှိသေးဘူး။ ဘာလို့ဆို CNG ကလည်းမရဘူး။ သုံးပုံတစ်ပုံပဲ ကားကထွက်နိုင်တော့တယ်။ ခရီးသည်တွေကတော့ ပြောကြတယ်။ ကားကရှားတယ်၊ ထွက်တာကျဲတယ်ဆိုပြီးတော့ပေါ့။ အဓိက CNG မရတာပါ”ဟု Omni Focus ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၀၃၇ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၁ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေရကြောင်း သိရသည်။ ယင်းအပြင် ယာဉ်စီးခနှုန်းထားကိုလည်း YRTC မှ ခရီးစဉ်တစ်ပိုင်းလျှင် ၂၀၀ ကျပ်၊ ခရီးစဉ်အစအဆုံး ၃၀၀ ကျပ်ကောက်ခံခွင့်ပြုထားကြောင်း သိရသည်။
“မနက်အလုပ်သွားလို့ရှိရင် တစ်နာရီလောက်ကြိုထွက်ရတယ်။ ကားကတော်တော်နဲ့မရဘူး။ ကားကလာတာကျဲတော့ တစ်စီးတစ်စီးကို ခရီးသည်တွေကအပြည့်ပဲ။ အဲ့တိုင်းလည်း ဖြစ်သလိုလိုက်စီးနေရတာ။ ကားကတော်တော်ဒုက္ခရောက်တယ် စီးရတာအဆင်မပြေဘူး”ဟု YBS စီးခရီးသည်တစ်ဦးဖြစ်သူ မထက်ထက်အောင်က ပြောသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _25 October 2022
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက်နှင့် နောင်ကား ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းကို စတင်နေပြီ ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
လက်ရှိဖောက်လုပ်မည့် မီးရထားလမ်းအရှည် ၁၅ မိုင်ခန့်ရှိပြီး လက်ရှိ တောင်ကြီး- ဆိုက်ခေါင် ရထားလမ်းမှ တစ်ဆင့်ခွဲထွက်ကာ နောင်ကား-ပင်းပက် သံမဏိစက်ရုံသို့ ရထားလမ်းဖောက်လုပ်မည် ဖြစ်ကြောင်း၊ယင်းစီမံကိန်းတွင် ပါဝင်သွားသည့် မြေဧရိယာ (၂၈၁ ဒသမ ၈၂) ဧက ရှိသည့်အနက် စိုက်ပျိုးမြေတွင်ပါဝင်သည့် (၂၁၇ ဒသမ ၂၇) ဧကအတွက် တောင်သူ(၁၈၇)ဦးအား မြေယာလျော်ကြေးငွေ သိန်းနှစ်ထောင်ကျော်ကို ပြီးခဲ့သည့် မေလ ၉ ရက်ကပင် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားက သိရသည်။
အဆိုပါရထားလမ်းသစ်ကို ဖောက်လုပ်ရန် မြန်မာ့မီးရထားအနေဖြင့် လိုအပ်သည့် ကွန်ကရစ်ဇလီဖားတုံးသယ်ယူသည့်လုပ်သန်း နှင့် သံလမ်း သယ်ယူသည့် လုပ်ငန်းတို့အတွက် အိတ်ဖွင့်တင်ဒါ (Open Tender)ကို ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
တင်ဒါခေါ်ယူရာတွင် တိုင်း (၄) ကလောနယ်မြေ ပင်းပက်-နောင်ကားရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းအတွက် ၂၅၀၀-တန် ရှိ ကွန်ကရစ်ဇလီဖား (၁၅၀၀၀)တုံး ကို သာစည်ဘူတာမှ ပင်းပက် - နောင်ကားလမ်းပိုင်းသို့ လည်းကောင်း၊(၇၅)ပေါင် သံလမ်း (၃၉)ပေ အရှည် ၁၃၆၉ ဒသမ ၃၅ တန်ရှိသည့် ၃၁၄၆ ချောင်း ကို သာစည်ဘူတာမှ ပင်းပက် - နောင်ကားလမ်းပိုင်းသို့လည်းကောင်း သယ်ပို့ခြင်းလုပ်ငန်းများအတွက် ဟု ဖော်ပြထားသည်။
ယင်းအပြင် မြန်မာ့မီးရထားအနေဖြင့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ကွန်ကရစ်ဇလီဖား (၁၀၆၆၆) တုံး၊ (၇၅)ပေါင် သံလမ်း(၃၉) ပေ (၈၆၇)ချောင်း နှင့် Point & Crossing (၁၂)စုံ၊ စုစုပေါင်း (၂၁၈၂ ဒသမ ၆၈ - တန်) ကို သာစည် ဘူတာမှ (အေးသာယာ ၊ ပေါမူ၊ ထီသိမ်၊ တောင်ကြီး) ဘူတာများသို့ သယ်ပို့ခြင်းလုပ်ငန်းအတွက်လည်းကောင်း၊ ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းအတွင်း ပြွန်တန်ဆာဘူတာ အဆင့်မြှင့်မွမ်းမံခြင်းလုပ်ငန်း (172-4-40'-0”)(Brick Nogging) နှင့်ဆက်စပ်လုပ်ငန်းများ (လုပ်ငန်းဆက်)အတွက်လည်း ကောင်း အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။
ယင်းလုပ်ငန်းများအားလုံးကို မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူခြင်း ဖြစ်ကြောင်းနှင့် လာမည့် နိုဝင်ဘာလ ၈ ရက်တွင် တင်ဒါ နောက်ဆုံးတင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 25 October 2022
ကျိုင်းတောင်းမြို့၏ အနောက်တောင်ဘက် (၁၄) မိုင်ခန့်အကွာ၊ နမ့်တိန်ချောင်း ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး စီမံကိန်းတစ်ခုလုံး ၂၀၂၅ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား (၁၈၀၀) ပေ အမြင့် (၂၃၀) ပေရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ (၁၀၄၀၀၀) ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇) သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ပါတယ်။
အဆိုပါ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမယ့် လျှပ်စစ် ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိ လာသည့် လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။



#ygm_mnn
#Yangon_Media_Group
#Local_News
Published _25 October 2022
မြန်မာကျပ်ငွေ ၁၅ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) တစ်တန်ကျော်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကာလိဘက်မှ မိုင်းပျဉ်းဘက်သို့ စိုင်းဖြိုးဝေသန့်(ခ) အိုက်လျန်း မောင်းနှင်ပြီး စိုင်းအိုက်မွန်း လိုက်ပါလာသည့် UD TRUCKS ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေစဉ် အထက်ပါအတိုင်း ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်သည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၀၉၆ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ ယခုအခါ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 25 October 2022
ရန်ကုန်မြို့ရှိ လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများကြောင့် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၄ ရက်ကကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကော်မတီဝင်နှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
တောင်းရမ်းစားသောက်သူ ကလေးသူငယ်များ မရှိစေရေး စည်းကမ်းထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပညာပေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါတယ်။
ထို့ပြင် မြို့တော်ဝန်က နေကြာစိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန်၊ လဂွန်းပြင် ရေသန့်စင်စက်ရုံမှ တိုးချဲ့ပေးဝေနိုင်ပြီဖြစ်သဖြင့် မြို့နယ်၊ ရပ်ကွက်များသို့ ရေဆက်သွယ်ပေးမှုများနှင့် စက်မှုဇုန်များသို့ ရေးပေးဝေနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့ ဆိုပါတယ်။
ရုံးအဆောက်အဦနှင့် နေအိမ်ခြံဝင်းများ သန့်ရှင်းသာယာသပ်ရပ်ရေး မြို့တော် သတင်းစာနှင့် မြို့တော်အသံလွှင့်ဌာနမှ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်ရန်၊ ယာဉ်ကြောပြမျဉ်း ဆေးဆွဲအမှတ်အသားများ၊ လမ်းညွှန်ဆိုင်းဘုတ်များ သစ်လွင်စေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 25 October 2022
ဒိန်းမတ်-မြန်မာစီမံကိန်းမှ ကမ်းနီးငါးလုပ်ငန်း စစ်ဆေးရေးရေယာဉ်နှစ်စီး လွှဲအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက မြိတ်မြို့ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါးချဆိပ်ကမ်းတွင် ကျင်းပခဲ့ပါတယ်။
ဒိန်းမတ်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့တဲ့ အဆိုပါ ကမ်းနီးငါးလုပ်ငန်း စစ်ဆေးရေး ရေယာဉ်နှစ်စီးကို ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုဖြင့် သတ်မှတ်ရေပြင် ဧရိယာများအတွင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း၍ မိတ်ဖက်နိုင်ငံများ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ငါးများနေထိုင်ကျက်စားရာ စားကျက်ရေပြင် ဧရိယာများ၊ သားပေါက်ရာ ရေပြင် ဧရိယာများနှင့် ငါးများကြီးထွားရာ ရေပြင်များ၌ တရားမဝင် ဖမ်းဆီးမှုများ ပပျောက်စေရန်၊ ငါးသယံဇာတ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် သယံဇာတကို မှီခိုအားထားနေကြသည့် ဒေသခံရေလုပ်သားများ၏ လူမှုစီးပွားဘဝကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပြီး ပင်လယ်ပြင်ကမ်းနီး ငါးလုပ်ငန်း ဧရိယာအတွင်း ပုံမှန်စစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Astrology
Published 25 October 2022
ရူပဗေဒနယ်ပယ်မှ နက္ခတ္တဇီဝနယ်ပယ်အထိ သိပ္ပံပညာရှင်ကျွမ်းကျင်သူများကို စုစည်းကာ နာဆာ(NASA)က ပထမဆုံးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ပြီး အစိုးရက "အမည်မသိဝေဟင်ဖြစ်စဉ်များ" လို့သတ်မှတ်ထားတဲ့ UFOs လို့လူသိများတဲ့ လေ့လာမှုကို တနင်္လာနေ့ကစတင်ခဲ့ပါတယ်။
အဖွဲ့ဝင် ၁၆ ဦးပါဝင်တဲ့ အဖွဲ့ဟာ အစိုးရနဲ့ အခြားအဖွဲ့အစည်းများမှ ရရှိထားတဲ့ အချက်အလက်တွေနဲ့ အမျိုးအမည်မသိမြင်တွေ့မှုများကိုသာ လုံးဝအာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နာဆာရဲ့အဆိုအရ သိရပါတယ်။
ဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေဟာ လေတပ်၊ အမေရိကန်ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးများမှ တင်ပြထားတဲ့ အမည်မသိဝေဟင်ဖြစ်စဉ်များ(UAP)ကို ပင်တဂွန်အခြေစိုက်စုံစမ်းစစ်ဆေးမှုတွေကနေ ကွဲပြားနေပါတယ်။
၁၉၄၀ ခုနှစ်တွေကစတင်ကာ အမည်မသိယာဉ်ပျံများ(UFO)များ လေ့လာခဲ့ပြီးနောက် အခု နာဆာနဲ့ ပင်တဂွန်တို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေက အမေရိကန်အစိုးရအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ဖို့ရှိနေပါတယ်။
ပန်းကန်ပြားပျံများနဲ့ အာကာသဂြိုဟ်သားယာဉ်များကို UFO လို့ခေါ်တွင်ခဲ့ရာမှ တရားဝင်အစိုးရကနေ UAP လို့ အစားထိုးခေါ်ဝေါ်လာပါတယ်။
ဇွန်လက အဖွဲ့စတင်ဖွဲ့စည်းရာမှာ နာဆာပြောကြားခဲ့ရာမှာတော့ UAP တွေက ကမ္ဘာမြေပြင်ပကဆိုတဲ့ အထောက်အထားမရှိဘူးလို့ သိရပါတယ်။
အလားတူပင် ၂၀၀၄ ခုနှစ်ကစတင်တဲ့ ပင်တဂွန်စစ်ဌာနချုပ်အစီရင်ခံစာမှာ စစ်ဘက်ဆိုင်ရာမှ မှတ်တမ်းထင်ထားတဲ့အထဲမှာလည်း မြင်တွေ့ရမှုပေါင်း ၁၄၀ ကျော်ဟာ ယုံကြည်ရလောက်တဲ့ အချက်အလက်များ လုံလောက်မှုမရှိကြောင်း ဖော်ပြထားပါတယ်။
UAP အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု လမ်းပြမြေပုံမထုတ်ခင် အဆိုပါအဖွဲ့အစည်းဟာ ကိုယ်ပိုင်နည်းဗျူဟာဖြင့် ၉ လကြာအသုံးချသွားမယ်လို့ နာဆာကဆိုပါတယ်။
သူတို့ရဲ့ ပထမဆုံးအစီရင်ခံစာကို ၂၀၂၃ ခုနှစ် နှစ်လယ်မှာ လူသိရှင်ကြားထုတ်ပြန်မှာဖြစ်ပါတယ်။
ပတ်ဝန်းကျင်မှာ အမည်မသိဝေဟင်ဖြစ်စဉ်များအကြောင်း သိရှိနားလည်ခြင်းဖြင့် ကောင်းကင်မှာဘာတွေဖြစ်နေလဲဆိုတာကို သိပ္ပံနည်းကျကောက်ချက်ချနိုင်မှာဖြစ်ကြောင်း၊ အချက်အလက်ဆိုတာက သိပ္ပံပညာရှင်များအတွက် အဓိကဖြစ်ပြီး ရှင်းမပြနိုင်တာတွေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း နာဆာမှ စီမံခန့်ခွဲရေးအရာရှိ'သောမတ်စ်ဇာဘူချန်'က ပြောပြခဲ့ပါတယ်။
ပရင့်စ်တက္ကသိုလ် နက္ခတ္တရူပဗေဒဌာနအကြီးအကဲဟောင်းဖြစ်သူ 'ဒေးဗစ်စပါဂျယ်လ်'က ထိုအဖွဲ့အစည်းကို ကြီးမှူးနေတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 25 October 2022
အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး စီမံကိန်းဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းအစိတ်အပိုင်းအဖြစ် ပလက်ဝ - ဇိုရမ်ပူရ်လမ်း (၂) လမ်းသွားဖောက်လုပ်မယ်လို့သိရပါတယ်။
အဆိုပါ လမ်းစီမံကိန်းကို အိန္ဒိယအထောက်အပံ့ဖြင့်ဆောင်ရွက်နေတာဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ အောက်တိုဘာ ၂၃ရက် သွားရောက်စစ်ဆေးကြည့်ရှုစဉ် လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်က ရှင်းလင်းတင်ပြခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုဝန်ကြီးဟာ စီမံကိန်းဆိပ်ကမ်း ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် မင်းဘူး - အမ်း - စစ်တွေလမ်း ကွန်ကရစ်လမ်းခင်းနေမှု၊ ဆတ်ရိုးကျတံတား ကြံ့ခိုင်မှုနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းသို့လည်း သွားရောက် ကြည့်ရှုစစ် ဆေးခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဘူး-အမ်း-စစ်တွေလမ်း (စစ်တွေမြို့နယ်အပိုင်း) (၂၄) ပေအကျယ် ကွန်ကရစ်လမ်းခင်းနေမှုကိုကြည့်ရှုစစ်ဆေးစဉ် ဒုဝန်ကြီးက သတ်မှတ်ချိန် ပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အလေးဂရုပြု ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဆက်လက်၍ စစ်တွေမြို့၊ လမ်းမတော်ရပ်ကွက်နှင့် ဆတ်ရိုးကျကျေးရွာအား ဆက်သွယ်ထားသည့် ဆတ်ရိုးကျတံတား ကြံ့ခိုင်မှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေလယ်တိုင်များကြံ့ခိုင်မှုနှင့် တံတားကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်သော စည်းကမ်းမဲ့ယာဉ်များ သွားလာမှု မရှိစေရေးနှင့် ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် ပင်မတံတား ရေလယ်တိုင်နှင့် ချဉ်းကပ်တံတားကြံ့ခိုင်မှု ထိခိုက်မှုမရှိစေရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _25 October 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်း (ချောင်းတောင်)ကို အောက်တိုဘာလ ၂၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က Drone ယာဉ် တစ်စီးအသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းကြောင့် ကျောင်းအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ရကြောင်း၊ တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဝန်းအတွင်း ဆရာ၊ ဆရာမများနေထိုင်ရန် အသစ် ဆောက်လုပ်ထားသည့် ၂ ထပ်ဆောင်ပေါ်သို့ ဗုံးသီး ၂ လုံး၊ ကျောင်းနှင့်ကပ်လျက်ရှိ ဒေါ်ခင်သန်းနွယ် နေအိမ်ပေါ်သို့ ဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ကျောင်းဆောင် အမိုးများ ပေါက်ပြဲ ပျက်စီးခဲ့ကာ အမှတ်(၂) ရပ်ကွက်နေ ဒေါ်ခင်သန်းနွယ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ရေးနှင့် မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမ များ နှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားသည့်နေရာများကို ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည် ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
Page 1383 of 1841