#Local_News
Published_ 15 September 2022
မြန်မာ့မီးရထား တိုင်းအမှတ် (၆) ၊ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်းကို စက်တင်ဘာ ၁၆ ရက်တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်မှစတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် သာရဝေါဘူတာမှ နံနက် ၆ နာရီခွဲတွင် ထွက်ခွာမှာ ဖြစ်ပါတယ်။
လက်ပံတန်းဘူတာသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိမည့် အမှတ် (၁၉၆) အစုန် ခရီးစဉ်နှင့် လက်ပံတန်းဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာပြီး သာရဝေါဘူတာသို့ ညနေ ၅ နာရီတွင် ရောက်ရှိမည့် အမှတ် (၁၉၅) အဆန်ခရီးစဉ်တို ဖြစ်ကြပါတယ်။
လမ်းခရီးတွင် ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင်သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊ ကညင်တို၊ ဇီးဖြူကုန်း၊ ဇီးဖြူကုန်းရွာမ (၉) ဘူတာ ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published-15 Setember 2022
ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် 92 တစ်လီတာ ၂၄၈၅ ကျပ်၊ 95 တစ်လီတာ ၂၅၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၅၀ ကျပ်ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာ ၂၄၁၀ ကျပ်၊ 95 တစ်လီတာ ၂၅၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၈၃၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၉၁၅ ကျပ်အထိကျဆင်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စက်သုံးဆီကို ရှရှားနိုင်ငံမှ မှာယူထားပြီး ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်ပေးထားကြောင်း၊ ယင်းအပြင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုကို သက်သာစေရန် ဗဟိုဘဏ်မှ ဈေးကွက်ထဲတွင် ကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published - 15 September 2022
ဘုရင့်နောင်ပွဲရုံရှိ “ အံ့ထူး” ငရုတ်သီးမှုန့်နှင့်ကုန်စုံဆိုင်မှ ထုတ်လုပ်သည့် အမှတ်တံဆိပ်မပါသည့် ငရုတ်သီးအကြမ်းမှုန့် ၊ ငရုတ်သီးအစိမ်းမှုန့် နှင့် ငရုတ်သီးခွဲခြမ်းမှုန့် ခြောက်မျိုးမှာ စားသုံးရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ဘုရင့်နောင်ပွဲရုံ “ အံ့ထူး” ငရုတ်သီးမှုန့်နှင့် ကုန်စုံဆိုင်သို့ ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ရာ ငရုတ်သီးမှုန့်များတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေကြောင်း တွေ့ရှိရကြောင်း၊ အဆိုပါ ငရုတ်သီးမှုန့်များအား စားသုံးခြင်းမပြုရန် ၊ စျေးကွက်အတွင်း ဖြန့်ဖြူးအရောင်းချခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _15 September 2022
နေပြည်တော်နယ်မြေအတွင်း ပြီးခဲ့သည့် ဩဂုတ်လကုန်မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့ပွားမှုနှုန်း မြန်ဆန်နေကြောင်း နေပြည်တော် သတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း အချိုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ထားသော ဆေးရုံ(ပုဗ္ဗသီရိမြိုနယ်ဆေးရုံ၊ ကုတင်-၃၀၀)၌ တက်ရောက်ကုသမှုခံယူ နေရကြောင်းလည်း၊ စက်တင်ဘာလ ၁၄ ရက်ထိ ကိုဗစ်အတည်ပြုလူနာ (၁၆၇) ဦးရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
လက်ရှိ နေပြည်တော်၌ ပြန်လည်ဖွင့်လှစ်ပေးထားသော ကွာရန်တင်းစင်တာ(Quarantine Center) လေးခုရှိပြီး ယင်းတို့မှာ New Ayear၊ ခုတင် (၅၀) ဆံ့ ဒက္ခိဏသီရိ နှင့် ဥတ္တရသီရိ ၊လယ်ဝေးအားကစားရုံ တို ဖြစ်ကြောင်း၊ယင်းတွင် စက်တင်ဘာလ ၁၄ ရက်ထိ အဆိုပါ Quarantine Center များတွင်ထားရှိသော ထိတွေ့သူအရေအတွက် စုစုပေါင်း (၇၀)ဦးကိုထားရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
"ကိုဗစ်ကာကွယ်တဲ့အနေနဲ့ နေပြည်တော်ရုံးစိုက်တဲ့ဌာန၊ အဖွဲ့အစည်းတွေမှာဆိုရင် နေ့စဉ် ရုံးတက်ရမယ့် အဖွဲ့၊ နှစ်ပတ်တက်နှစ်ပတ်နား တစ်ဖွဲ့ အဲလိုမျိုးလုပ်ထားတယ်လို့ သိရတယ်။ အိမ်ကပဲ ရုံးအလုပ်ကို လုပ်ရမှာပေါ့၊ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းလိုမျိုးပေါ့"ဟု နေပြည်တော်၌ နေထိုင်သည့် အရာထမ်းတစ်ဦးက ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ Mask တပ်ရန်အတွက် Mask Campaign များ ဆောင်ရွက်ခြင်း၊ ကျောင်းများတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ နေ့စဉ် mask တပ်၍ စာသင်ကြားရန်နှင့် ဖျားနာခြင်း၊ သံသယလက္ခဏာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန် အသိပေးခြင်း၊စားသောက်ဆိုင်များ၊ ဈေးများနှင့် လူစုလူဝေးရှိသောနေရာများတွင် Mask တပ်ရန် ဆော်ဩခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published - 15 September 2022
ရွှေတုံး၊ ရွှေခဲတွေများကို အရောင်းအဝယ် ပြုလုပ်သည့်အခါတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေဆောင်ရွက်နိုင်ရေးအတွက်စီစဉ်နေကြောင်း နစကပြန်ကြားရေးသတင်းထုတ်ပြန်ချက်အရ သိရသည်။
ရွှေနှင့်ငွေကြေးဈေးကွက် ခိုင်မာစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌနှင့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း ၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီတို့မှ နေပြည်တော်တွင်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်ခိုင်မာစေရေးအတွက် တာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးမှုအတွင်း အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ဘဏ်များ၏ ပံ့ပိုးပေးမည့် အစီအမံတွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်တို့မှ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပြီး ရွှေလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို လည်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း ၃၀ အောက်ကျဆင်းနေပြီး YGEA အသင်းမှ ယနေ့ကြမ်းခင်းဈေးအဖြစ် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၉၈၅,၀၀၀ သတ်မှတ်ထုတ်ပြန်ထားသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published - 15 Setember 2022
နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) (သောက်ဆေး) ကိုဆေးတစ်ဘူး (၁၀လုံးကဒ် ၃ကဒ်) ကို ကျပ် ၂၅၀,၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း Pacific Medical Industries ကုမ္ပဏီလီမိတက်မှ ကြေညာထားသည်။
နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး (သောက်ဆေး) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) အပါအဝင် US FDA၊ UK MHRA၊ Korea FDA၊ Singapore FDA အစရှိသည့် ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်းများမှ ထောက်ခံထားသော PAXLOVID (Nirmatrelvir 150mg; Ritonavir 100mg) သောက်ဆေးအား နိုင်ငံတကာအဆင့်မီ အနောက်တိုင်းဆေးဝါးစက်ရုံ Pacific Medical Industries Ltd မှ branded generic “PACLOVID ” အမည်ဖြင့်ထုတ်လုပ် အောင်မြင်ခဲ့ပြီး Myanmar FDA မှ ထောက်ခံစာအမှတ် (2308ND012) ဖြင့် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
ယင်းအပြင် ဆေးစတင်ရရှိပြီဖြစ်သည့်အတွက် ယနေ့မှ စတင်၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။
PACLOVID ကိုဗစ်ကုသဆေးအား ကိုဗစ်ကုသရေးဆရာဝန်များ၊ ဆေးရုံဆေးခန်းများနှင့်ဆေးဆိုင်ကြီးများအနေဖြင့် ဆရာဝန်ဆေးညွှန်းစာ ၊ ဆေးအမှာစာ request letter များဖြင့် ယနေ့ စတင်၍ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးသည် Covid-19 ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း ၊ သေဆုံးမှုနှုန်းအား ၉၀% ထိလျော့ချပေးနိုင်ခြင်း ၊delta နှင့် omicron မျိုးစိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာ ကုသနိုင်ခြင်း၊ အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40kg အထက်ကလေးများအား ကုသမှုပေးနိုင်ခြင်း စသည့်ကောင်းကျိုးများရှိသည့် နောက်ဆုံးပေါ်ကိုဗစ်ကုသဆေး (သောက်ဆေး) ဖြစ်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_ 15 September 2022
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုစက်တင်ဘာလ (၁၄)ရက်တာအတွင်းကိုဗစ်ပိုးတွေ့လူနာ(၁၃၆၆)ဦးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊
စက်တင်ဘာလ(၁)ရက်မှ (၁၄)ရက်အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကိုဗစ်ပိုးတွေ့လူနာ(၂၂၃၈)ဦး အနက် ရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်ပိုးတွေ့လူနာ (၁၃၆၆)ဦးဖြင့် အများဆုံးတွေ့ရှိနေရခြင်းဖြစ်သည်၊၊
ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့မှုအများဆုံးမြို့နယ်များကတော့ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်များတွင် တွေ့ရှိမှုအများဆုံးဖြစ်နေပြီး လှည်းကူး၊ ဒလ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင်လည်း ပိုးတွေ့လူနာတွေ့ရှိမှုများနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်၊၊
ရန်ကုန်တိုင်းတွင် ပိုးတွေ့လူနာများနေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ Mask Campaign များ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်၊၊
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်နှင့် ပတ်သက်၍ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊ ဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးသောအဖွဲ့များ ဖွဲ့စည်းပေးခြင်း ၊Home isolationထားပြီး ကုသပေးခြင်း၊ လိုအပ်ပါက ဆေးရုံနှင့်ကိုဗစ်ကုသရေးစင်တာများတွင် ကုသနိုင်အောင်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး၏ ပြောပြချက်အရ သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Politics
Published 15 September 2022
ထိုင်ဝမ်သို့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိတဲ့ စစ်ဘက်ဆိုင်ရာအကူအညီများကို အမေရိကန်က တိုက်ရိုက်ထောက်ပံ့ခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီက ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၁၄ ရက်)မှာ ပထမဆုံးခြေလှမ်းစတင်လိုက်ပါတယ်။
တရုတ်နဲ့တင်းမာမှု မြင့်တက်နေတဲ့ကြားက ထိုင်ဝမ်ကို အကူအညီများထပ်တိုးထောက်ပံ့နေကာ ထိုင်ဝမ်နဲ့ဆက်ဆံရေးကို ပိုမိုပြီးတရားဝင်ဖြစ်လာအောင် အမေရိကန်က ကြိုးပမ်းနေတာဖြစ်ပါတယ်။
အမေရိကန်ဟာ ဆယ်စုနှစ်တွေတိုင်အောင် ထိုင်ဝမ်ကို လက်နက်တွေရောင်းချနေခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေအသစ်အရ ၄ နှစ်အတွင်း အမေရိကန်လုံခြုံရေးထောက်ပံ့မှုအတွက် ဒေါ်လာ ၄.၅ ဘီလီယံ ထပ်မံပေးအပ်သွားမည်ဖြစ်ရာ တရုတ်အတွက်တော့ အမျက်ထွက်စရာဖြစ်မှာ သေချာပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ကျွန်းကို တရုတ်ကအင်အားသုံးကျူးကျော်ပါက အရေးယူပိတ်ဆိုမှုတွေချမှတ်ဖိုအစီအစဉ်တွေလည်း ပါဝင်နေပါတယ်။
အကျယ်ပြန့်ဆုံး ဆက်ဆံရေးမြှင့်တင်မှုအဖြစ် ထိုင်ဝမ်မူဝါဒဥပဒေကို အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီက အတည်ပြုလိုက်ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်ခြင်းကိစ္စအပြင် အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့လာရောက်ခြင်းတို့ကြောင့် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်အတွက် စိုးရိမ်မှုမြင့်တက်နေတဲ့အချိန်မှာ လွှတ်တော်အမတ်တွေက အခုလိုအတည်ပြုလိုက်တာဖြစ်ပါတယ်။
ကော်မတီကိုဦးဆောင်နေတဲ့ ဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်'ဘော့မီနန်ဒက်ဇ်'က အမေရိကန်ဟာ စစ်ပွဲဖြစ်လာအောင် ကြံစည်နေတာမဟုတ်သလို တရုတ်နဲ့လည်း တင်းမာအောင်ဖန်တီးနေတာမဟုတ်ကြောင်း၊ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
"ထိုင်ဝမ်ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို လျော့ကျအောင် ဗျူဟာကျကျလုပ်ဆောင်နေတာပါ၊ ထိုင်ဝမ်ကိုကျူးကျော်ဖို့ တရုတ်ဘက်က ဘယ်လောက်ရင်းရနိုင်လဲ ဘယ်လောက်အထိ စွန့်စားရာကျပြီး အောင်မြင်နိုင်ချေနည်းလဲဆိုတာကို မြင်သာအောင် ပြုလုပ်နေပါတယ်"လို့ ပြောပြသွားပါတယ်။
ကော်မတီထဲမှ ထိပ်သီးရီပတ်ဘလစ်ကန် လွှတ်တော်အမတ်'ဂျင်မ်ရစ်ချ်'ကလည်း သိပ်နောက်မကျခင် ထိုင်ဝမ်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးကို အင်အားတောင့်တင်းအောင် ဆောင်ရွက်သင့်ကြောင်း ဆိုပါတယ်။
ဒီဥပဒေကြမ်းဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တစ်ခုလုံး အသိအမှတ်ပြုရဦးမှာဖြစ်သလို သမ္မတ'ဂျိုးဘိုင်ဒန်'က လက်မှတ်ထိုးပေးမှာလားဆိုတာ မသိရသေးပါဘူး။
ဒါပေမဲ့ ဥပဒေကြမ်းကို ထောက်ခံမှုမြင့်မားတာကြောင့် အာဏာသုံးငြင်းပယ်မယ်ဆိုရင်တောင် ကွန်ဂရက်လွှတ်တော်က ကျော်လွှားသွားနိုင်တဲ့ သဘောလည်းရှိနေပါတယ်။
အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲဝန်ကြီး'ကာရင်ဂျင်းပီယာရဲလ်'က ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်အမတ်များ ပြောဆိုလျက်ရှိကြောင်း၊ ထိုင်ဝမ်အရေးအတွက် ပါတီနှစ်ဖွဲ့စလုံးက ထောက်ခံနေကြတာကို ဝမ်းသာမိကြောင်း ပြောကြားသွားပါတယ်။
Source: CNA
#Yangon_Media_Group
#Local_News
Published_ 15 September 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄ဝဝဝ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅ဝ ကီလို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့နယ်၊ မယ်ဟုတ်(ရွာသစ်)ကျေးရွာ အနီးတွင် မယ်ယန်းကျေးရွာမှ မယ်ဟုတ်(ရွာသစ်)ဘက်သို့ စိုင်းဆိုင်လူ မောင်းနှင်လာသည့် Mark-II မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးပြီး လမ်းဘေးခြံစည်းရိုး အုတ်တံတိုင်းအား တိုက်မိ၍ ရပ်တန့်သွားခဲ့ပါတယ်။
ထို့နောက် ထိန်းသိမ်းစစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ် သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စိုင်းဆိုင်လူအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Science
Published 15 September 2022
နိုင်ငံတော်လုံခြုံရေးကို ထိပါးမှာစိုးတဲ့အတွက် အမေရိကန်ရေတပ်က အမျိုးအမည် မသိယာဉ်ပျံ(UFO)များကို ရိုက်ကူးရမိတဲ့ ဗီဒီယိုများအား ထုတ်ဖော်ပြသမှာ မဟုတ်ကြောင်း အသိပေးလိုက်ပါတယ်။
၂၀၂၀ ခုနှစ်တုန်းက အမျိုးအမည်မသိ နည်းပညာမြင့်ယာဉ်ပျံအချို့အား ရေတပ်မှမောင်းနှင်သူများ ရိုက်ကူးမိခဲ့တဲ့ ဗီဒီယိုများကို ရေတပ်က ထုတ်ဖော်ခဲ့ပါသေးတယ်။
အစိုးရသတင်းဖွင့်ချရေး(Black Vault)က ရေတပ်ကခေါ်ဝေါ်သတ်မှတ်ထားတဲ့ အမျိုးအမည်မသိယာဉ်ပျံဖြစ်စဉ်(UAP) နဲ့ပတ်သက်ပြီး အခြားဗီဒီယိုများကိုလည်း တောင်းဆိုခဲ့ပါတယ်။
ဒီဗီဒီယိုမှာ ရေတပ်ကာကွယ်ရေးဌာနရဲ့ အရေးကြီးအချက်အလက်တွေ၊ လုပ်ငန်းစဉ်တွေပါဝင်နိုင်တဲ့အတွက် ထုတ်လွှင့်လိုက်ပါက နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေလိမ့်မယ်လို့ ရေတပ်လက်ထောက်ညွှန်ကြားရေးမှူး 'ဂရက်ဂေါ်ရီကေဆန်'က ပြောပြသွားပါတယ်။
အရင်ဗီဒီယို ၃ ခုကတော့ မီဒီယာတွေဆီ ပေါက်ကြားသွားပြီး လူအများကြားရောက်ရှိသွားတဲ့အတွက် ရေတပ်က ပြသခဲ့တာဖြစ်ကြောင်း 'ကေဆန်'က ရှင်းပြပါတယ်။
ဒီသတင်းတွေမှာပါဝင်တဲ့ အချက်အလက်များအရ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေလောက်တဲ့ အကြောင်းအရာများ မပါဝင်ဘူးလို့ ဆိုပါတယ်။
ထုတ်လွှင့်ပြသသည် မပြသသည်ဖြစ်စေ ပင်တဂွန်က UFO အန္တရာယ်ကို အလေးထားဆောင်ရွက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း ပင်တဂွန်မှ UAP အမျိုးအစားယာဉ်ပျံ ၄၀၀ ကျော်လောက် တွေ့ရှိခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်းကထက် ၁၄၄ ကြိမ်ပိုများနေပါတယ်။
အဲဒီထဲကမှ ၁၁ ကြိမ်ဟာ စစ်တပ်လေယာဉ်များနဲ့ မတိုက်မိရုံသာ ဖြတ်သန်းခဲ့ကြ ဖူးပါတယ်။
ဒီအဖြစ်အပျက်တွေက အခြားဂြိုဟ်တွေနဲ့ ဆက်စပ်နေနိုင်လားဆိုတာကိုတော့ အစိုးရက မပြောပြခဲ့ကြောင်း ပင်တဂွန်ထိပ်တန်းစုံစမ်းရေးအရာရှိ 'ရော်နယ်မိုလ်ထရီ'က ဆိုပါတယ်။
ဒီအဖြစ်အပျက်တွေကို ဖုံးအုပ်ရမှာမဟုတ်ဘဲ ဘာတွေလဲဆိုတာ သဘောပေါက်အောင် လေ့လာရမှာဖြစ်ပါတယ်။
"ကျွန်တော်တို့လည်း အမျိုးအမည်မသိတဲ့အရာတွေကို သိချင်နေပါတယ်၊ သက်တမ်းရင့် စုံစမ်းရေးအရာရှိအနေနဲ့ စိတ်မရှည်ဖြစ်မိပါတယ်၊ ဒီအရာတွေအတွက် ဖြေရှင်းချက် ချက်ချင်းလိုချင်နေပါတယ်၊ ဒါပေမဲ့ ဒါတွေကိုနားလည်ဖို့က ကြိုးစားအားထုတ်မှုနဲ့ အချိန်များစွာလိုအပ်ပါတယ်"လို့ ရေတပ်စုံစမ်းရေးလက်ထောက်ညွှန်ကြားရေးမှူး'စကော့ဘရေး'က ဥပဒေရေးရာအမတ်များကို ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်၊ ရေတပ်၊ လေတပ်တို့မှ တွေ့ရှိမိတဲ့ UFO တွေကို သီးသန့်လေ့လာတင်ပြနိုင်ရန် အစိုးရမှငွေကြေးထောက်ပံ့ထားတဲ့ ရုံးအသစ်တစ်ခုဖွင့်လှစ်သွားမှာဖြစ်ကြောင်း ပင်တဂွန်က ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published _15 September 2022
ရွေးကောက်ပွဲနှင့်ပတ်သက်၍ အချိန်ကာလအခြေအနေ ကြည့်ရှုဆုံးဖြတ်မည်ဟု နစက ဥက္ကဌ က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် က မေးမြန်းစဉ် ပြောကြားခဲ့သည်။
"ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေနဲ့ သုံးသပ်ဆွေးနွေးသွားတဲ့ အချက်တွေပေါ်မှာ စဉ်းစားသုံးသပ်ကြည့်တဲ့ အခါမှာ လာမယ့် ကာလတိုကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိနိုင်ဟု သုံးသပ်မိပါတယ်။ အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းဖို့ရှိပါသလား"ဟု ရုရှားသတင်းထောက်က မေးမြန်းသည့်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
"ကျွန်တော်တို့ အခုချိန်မှာပြောဖို့ စောသေးတယ်။ နောက်ထပ်အချိန် လေးငါးလ လောက်ကျန်သေးတယ်။ ဒီအပေါ်မှာ အခြေအနေ ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ချက်ချင်းကောက်ပြီးတော့ ကြိုပြီးဆုံးဖြတ်လို့ မရပါဘူး။ အခြေအနေကို ကျွန်တော်တို့ကြည့်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
အင်တာဗျူးပြုလုပ်သည့် အစပိုင်းတွင် "လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအတွင်းမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ ဖြစ်နိုင်မလား၊ သင့်တော်မလား"ဟု မေးမြန်းစဉ်ကလည်း အတတ်နိုင်ဆုံးကျွန်တော်ကြိုးစားဆောင်ရွက်နေကြောင်းနှင့် ရွေးကောက်ပွဲဖြစ်ရေး၊ မဖြစ်ရေးကိစ္စမှာ ငြိမ်းချမ်းရေးနှင့် စီးပွားရေး အားကောင်းလာရန်၊ နိုင်ငံရေးတည်ငြိမ်အေးချမ်းရန် ဟူသည့်အပေါ် မူတည်ကြောင်း၊ သို့သော်လည်း အတတ်နိုင်ဆုံး ပြောထားသည့်အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း ပြောကြားထားသည်။
"မြို့နယ်တစ်ခုမှာ ရွေးကောက်ပွဲလုပ်တိုင်း လုပ်နိုင်တဲ့အရေအတွက်ကကျသွားတယ်ဆိုရင် အဲဒီနေရာမှာရှိတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးတာကို ဖော်ပြတာဖြစ်တယ်။ တကယ်တော့ ရွေးကောက်ပွဲမှာ ပြည်သူတွေအားလုံး ဒီမိုကရေစီ အခွင့်အရေးကို ရပိုင်ခွင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေး ဖြစ်ပါတယ်။ ဒါကြောင့် စောစောက ခင်ဗျားမေးခဲ့တဲ့မေးခွန်းထဲက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုပါတယ်။ ဒါတွေက ရွေးကောက်ပွဲနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်ငြိမ်းချမ်းရေးရအောင် လုပ်ပြီးတော့မှ အဲဒီနယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ ရွေးကောက်ပွဲကို ဝင်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကျွန်တော်ကြိုးစား ဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲဖြစ်ရေး၊ မဖြစ်ရေးဆိုတာကတော့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး အားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီးတည်ပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောလိုပါတယ်။ ဒီမှာလည်းတစ်ချက်ရှိတာပေါ့၊ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပဲ။ နောက်ပြီးတော့ အပြင်ကနေ ဖိအားတွေပေးပြီးတော့မှ မဲထည့်စေတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖို့လိုပါတယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိဖို့ သိပ်အရေးကြီးပါတယ်၊ ဒါမှသာ သူတို့ရဲ့ ခံစားချက်ကို သူတို့ဆန္ဒဖော်ထုတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါက ဒီဟာကိုရအောင် ကျွန်တော်တို့ကြိုးစားနေတာ ဖြစ်ပါတယ်"ဟု နစက ဥက္ကဌက ဆိုသည်။
မြန်မာနိုင်ငံတွင်၂၀၁၀ ပြည့်နှစ်က ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်က ဒုတိယအကြိမ်၊ ၂၀၂၀ ပြည့်နှစ်ကတတိယအကြိမ် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ပထမအကြိမ်က ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ် ပြုလုပ်နိုင်ခဲ့ကာ ဒုတိယအကြိမ်တွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၃ မြို့နယ် ပြုလုပ်နိုင်ခဲ့ကြောင်း၊ တတိယအကြိမ်ပြုလုပ်စဉ်က မြို့နယ်ပေါင်း ၃၃၀ အနက် ၃၁၅ မြို့နယ်သာပြုလုပ်နိုင်ခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသွားသည်။
"ဒီမိုကရေစီမှာ ရွေးကောက်ပွဲက သိပ်အရေးကြီးပါတယ်။ ရွေးကောက်ပွဲဖြစ်ပြီးမှသာ ရွေးကောက်ပွဲက တက်လာတဲ့ အမတ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တခြားနိုင်ငံတော် အဆင့်က ဖွဲ့စည်းပြီး တာဝန်ပေးတာတို့၊ ရွေးချယ်တာတို့ လုပ်ပါတယ်။ ဆိုလိုတာကတော့ ပြည်သူတွေက ဒီအခွင့်အရေးကို အားလုံးရဖို့ လိုတယ်"ဟု နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
photo-moi
#ymg/mt
#Yangon_Media_Group
Published 15 Sept 2022
ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ဘေးကို အဆုံးသတ်ဖို့ ယခုလို ပိုမိုကောင်းမွန်လာတဲ့ အနေအထား တစ်ခါမှ မရှိခဲ့သေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါဟာ လူခြောက်သန်းကျော်သေဆုံးခဲ့ရတဲ့ နှစ်ရှည် ကျန်းမာရေးအကျပ်အတည်းအပေါ် သူ့ရဲ့ အကောင်းအမြင်ဆုံး ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။
“ ကျွန်တော်တို့ အဲဒီနေရာတေ့ မရောက်သေးဘူး။ ဒါပေမယ့် နိဂုံးကို မြင်နေရပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဟာနွမ် ဂီဘရီယက်ဆတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကပ်ဘေးကို သုံးလကြာပြီးမှ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှာ နိုင်ငံတကာ အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်း ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စိတ်အချမ်းသာရဆုံး အကဲဖြတ်ချက်ဖြစ်ပါတယ်။
၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်က စတင်ဖြစ်ခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ အခုဆို ကမ္ဘာပေါ်မှာ လူ ၆.၅သန်းနီးပါးကို သေစေခဲ့ပြီး ၆၀၆သန်းဟာ ကူးစက်ခံခဲ့ကြရပါတယ်။ ကမ္ဘာ့စီးပွားရေးကို တွန်းချခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုလည်း ဒုက္ခအကြီးအကျယ်ပေးခဲ့ပါတယ်။
ကာကွယ်ဆေးတွေနှင့် ကုထုံးတွေ ပေါ်လာတာဟ သေဆုံးမှုနှင့်ဆေးရုံတက်ရတာတွေကို ပိတ်ဆိုံပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပေါ်ပေါက်ခဲ့တဲ့ အိုမီခရွန်မျိုးကွဲဟာ ရောဂါပြင်းထန်မှုလျော့နည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က တစ်ကမ္ဘာလုံး သေဆုံးတဲ့အရေအတွက်ဟာ ၂၀၂၀ မတ်လကတည်းကဆိုရင် အနိမ့်ဆုံးဖြစ်ကြောင်း ကုလအေဂျင်စီဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံထားပါတယ်။
နိုင်ငံတွေအနေနှင့် ဆက်လက်ပြီး နိုးကြားသတိရှိနေကြဖို့ သူက ဆော်ဩလိုက်ပြီး ကပ်ဘေးကို မာရသွန်ပြေးပွဲနှင့် သူက ခိုင်းနှိုင်းသွားပါတယ်။
နိုင်ငံတွေဟာ ဆေးပစ္စည်းကိရိယာတွေ နှင့် ကျန်းမာရေးလုပ်သားတွေ လုံလုံလောက်လောက် ဆက်လက်ထားရှိဖို့ လိုတယ် လို့လည်း သူကပြောပါတယ်။
“ အနာဂတ်မှာ ကူးစက်မှုလိုင်းအသစ်တွေကို မျှော်လင့်နိုင်သေးတယ်။ အိုမီခရွန်မျိုးကွဲတွေက ဒါမှမဟုတ် အခြားမျိုးကွဲတွေ ကနေ ဖြစ်လာနိုင်သေးတယ်” လို့တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးတန်းကပ်ဘေးပညာရှင် မာရီယာဗန် ကာကော့က ပြောပါတယ်။
ဒီနှစ်တစ်နှစ်တည်းမှာ လူတစ်သန်းသေဆုံးခဲ့ရတဲ့အတွက် ကပ်ဘေးဟာ ကမ္ဘာ့တစ်ခုလုံးအလိုက် ဒါမှမဟုတ် အချို့သော နိုင်ငံတွေအတွင်းမှာ အရေးကြီးကျန်းမာရေး အခြေအနေဆက်ရှိနေပါတယ်။
“ အိုမီခရွန် BA.4 နှင့် BA.5တို့ကြောင့် ကိုဗစ်-၁၉ဟာ နွေရာသီလှိုင်းတစ်ခုဖြစ်ခဲ့တယ်။ ဘာကိုပြသလဲဆိုရင် ရောဂါကပ်ဘေးဟာ မပြီးဆုံးသေးဘဲ ဥရောပနှင့် ဥရောပကိုကျော်လွန်ပြီး ဗိုင်းရပ်စ်ဟာ လှည့်လည်နေတုန်းပဲ” လို့ ဥရောပ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
လာမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပညာရှင်အစည်းအဝေးမှာ အောက်တိုဘာမှ သက်တမ်းကုန်မယ့် အများပြည်သူကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေဟာ ဆက်လက်ရှိနေတုန်းပဲလားဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
Source: AFP
#Tedros_Adhanom_Ghebreyesus
#Covid_19
#WHO
Page 1385 of 1774