၃ မတ် ၂၀၂၆

အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ပြည်သူသို့ အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာအောက်ပါအတိုင်းဖြစ်ပါတယ်။

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

နေပြည်တော်၊ မတ်လ ၃ ရက်

၁။ လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များသည် အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်-

(က) လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/----၊ 4A/---- စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 1A/----၊ 3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပါသည်။ (EV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်သည်။)

(ခ) နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ (Taxi)၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ အသုံးပြုနိုင်သည်။

(ဂ) စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန် ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသရွေ့ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

fuel