#Local_News
Published-8 December 2022

 

ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ၉၂ တစ်လီတာ ကျပ် (၁၉၀၀) အောက်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အတတ်၊ အကျတည်ငြိမ်မှုမရှိကြောင်း၊ လက်ရှိဒီဇင်ဘာလ ဒုတိယအပတ်တွင်ပြည်တွင်းစက်သုံးဆီဈေးနှုန်းဖြစ်သည့် ၉၂ တစ်လီတာကို ၁၈၆၅ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

 

ကျန်စက်သုံးဆီဈေးနှုန်းများဖြစ်သည့် ၉၅ တစ်လီတာ ၁၉၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်ထိ စက်သုံးဆီဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။ ယင်းအပြင် ဒီဇင်ဘာလ ၇ ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၉၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၀၀၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၇၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၅ ကျပ်ဖြစ်ကြောင်း သိရသည်။

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်တွေကို စိစစ်ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group