#WorldHealth
Published- 15 February 2022
ခန္ဓာကိုယ်ခုခံအားစနစ်တွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တီဆဲလ်တွေဟာ အချို့သောလူတွေမှာ အိုမီခရွန်ကို ထိရောက်စွာမကာကွယ်နိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးပြီးတဲ့အခါနဲ့ ရောဂါကူးစက်ခံရပြီးတဲ့အခါတွေမှာ တီဆဲလ်တွေက ရောဂါပိုးမွှားတွေကို သိရှိမှတ်မိအောင်ပြုလုပ်ပါတယ်။ရောဂါပိုးတွေက ပဋိပစ္စည်း antibody ကို ကျော်ဖြတ်လာတဲ့အခါ ရောဂါပြင်းထန်ခြင်းမဖြစ်စေရန် တီဆဲလ်တွေက တိုက်ခိုက်ပေးပါတယ်။
သုတေသီတွေက စမ်းသပ်ခံမည့်သူ ၇၆ ဦးကို လေ့လာကြည့်တဲ့အခါ လူအများစုမှာ ပဋိပစ္စည်း antibody တွေက မကာကွယ်နိုင်ခဲ့ရင်တောင် တီဆဲလ်တွေက အိုမီခရွန်ကိုသိရှိပြီး ဆက်လက်ခုခံပေးတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းသောလူဦးရေမှာတော့ အခြားမျိုးဗီဇကွဲတွေထက်စာရင် အိုမီခရွန်ကို တီဆဲလ်တွေရဲ့ခုခံတုန့်ပြန်မှုက တဝက်ကျော်လောက်အထိ လျော့နည်းနေတာဖြစ်ပါတယ်။
ဒါတွေဟာ မျိုးရိုးဗီဇကွဲပြားမှုကြောင့် ဖြစ်နိုင်တယ်လို့ ရေဂွန်တက္ကသိုလ်မှ ဒေါက်တာ'ဂူရက်ဗ်ဂိုင်ဟာ'က ပြောပြခဲ့ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကို တီဆဲလ်ရဲ့မှတ်မိနိုင်စွမ်းလျော့နည်းသွားခြင်းက သေချာမရှင်းလင်းပေမယ့် ရောဂါပြင်းထန်ခြင်းတွေကို ကာကွယ်နိုင်စွမ်းလျော့ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။
SARS-CoV-2 က တီဆဲလ်မမှတ်မိနိုင်လောက်တဲ့အထိ ဆင့်ကဲပြောင်းလဲသွားနိုင်ပါတယ်။
ဒါကြောင့် နောင်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေကို ခုခံနိုင်ဖို့အတွက် ကာကွယ်ဆေးတွေဆက်လုပ်ထုတ်လုပ်ဖို့ လိုအပ်နေပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ရောဂါပိုးစစ်ဆေးခြင်းများ စတဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း 'ဂိုင်ဟာ'က ဖြည့်စွက်ပြောကြားထားပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေးတွေက တီဆဲလ်တွေရဲ့ အိုမီခရွန်ကာကွယ်နိုင်စွမ်းကို အဆ ၂၀ လောက်အထိ တိုးမြှင့်ပေးကြောင်းလည်း ဆိုခဲ့ပါတယ်။
Source: Reuters
Published 14 Feb 2022
ဘက်စုံပို့ဆောင်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကို နစက,က ယနေ့ထုတ်ပြန်ကြေညာခဲ့ရာ ဖော်ပြပါအတိုင်းဖြစ်ပါတယ်။
Published_ 14 Feb 2022
အာဆီယံတွင် နိုင်ငံတိုင်းတန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဟူသည့် မူနှင့် ထုံးတမ်းစဉ်လာများကို သွေဖည်နေသည့်အတွက် မလွှဲမရှောင်သာသော အခြေအနေ ကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက် နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ် တက်ရောက်စေနိုင်မည်မဟုတ်ကြောင်း နစကရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏သီးသန့်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်ကြတဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ စုံညီစွာ ပါဝင် တက်ရောက်ရန် ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ကြိုးပမ်း ဆောင်ရွက်မှုကို မြန်မာက အသိအမှတ်ပြုပါတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက် နိုင်ရေး အာဆီယံဥက္ကဋ္ဌအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သော်လည်း အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေး တွင် ယခင်အာဆီယံ အလှည့်ကျဥက္ကဋ္ဌက တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာဖိတ်ကြားသွားရန် ဆုံးဖြတ်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားကြောင်း ဖော်ပြထားပါတယ်။
အဆိုပါဆုံးဖြတ်ချက်သည် နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုစသည့် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မြန်မာနိုင်ငံခြားရေးမူဝါဒတို့နှင့် သွေဖည်နေသည့်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ တွင် မြန်မာနိုင်ငံကပါဝင်တက်ရောက်နိုင်မှုမရှိခဲ့ကြောင်းဆက်လက် ဖော်ပြထားပါတယ်။
မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုရရှိရန် အာဆီယံ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံတို့က မည်သို့ပင်ကြိုးပမ်းစေကာမူ မြန်မာနိုင်ငံက “မူ”အရ လက်မခံ နိုင်သည့် ယခင်ဆုံးဖြတ်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ကို စိတ်မကောင်း စွာတွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ တန်းတူရည်တူရှိရမည့် “မူ” နှင့်အညီ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြုသဘောဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
#WorldTech
Published 14 February 2022
ဘရာဇီးလ်နိုင်ငံမှာ ဆိုလာစွမ်းအင်လုပ်ငန်း အလျင်အမြန်ထွန်းကားလာပြီး ၂၀၂၁ ခုနှစ်တစ်နှစ်တည်းမှာပင် အလုပ်အကိုင်နေရာပေါင်း ၁ သိန်းခွဲအထိ ဖန်တီးပေးနိုင်ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံမှ ဆိုလာကုမ္ပဏီများအဖွဲ့အစည်းရဲ့ စစ်တမ်းကောက်ယူခြင်းတွေအရ သိရှိရပါတယ်။
#Yangon_Media_Group
Published 14 Feb 2022
ကမ္ဘောဒီးယားဟာ အမျိုးသား အင်တာနက်ဂိတ်ဝေး အသစ်ကို စတင်သက်ဝင်စေတော့မှာဖြစ်ပါတယ်။ဒီလိုလုပ်တာဟာ နိုင်ငံမှာ ပြသနာဝိုင်းနေတဲ့ အတိုက်အခံအသံတွေကို ပိုပြီးတိတ်သွားအောင်လုပ်လိုက်သလိုပဲလို့ တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ(၁၆)ရက်ကစပြီး အဲဒီအမျိုးသားအင်တာနက်ဂိတ်ဝေးကြောင့် ဝက်ဘ်အသွားအလာတွေအာလုံးဟာ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အဝင်ဂိတ်နေရာကနေသာ ဖြတ်သန်းသွားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ရေးလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ် အကြီးအကျယ်ထိခိုက်စေတော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။
Source AFP
Published 14 Feb 2022
ကုလသမဂ္ဂ ဝန်ထမ်း(၅)ဦးဟာ စစ်ဒဏ်ခံနေရတဲ့ ယီမင်နိုင်ငံတာင်ပိုင်း မှာ ပြန်ပေးဆွဲခံရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက တနင်္ဂနွေနေ့ကပြောလိုက်ပါတယ်။ သူတို့ငါးဦးဟာ ကွင်းဆင်းလုပ်ငန်းတွေဆောင်ရွက်ပြီးစီးလို့ အေဒင်ဆိပ်ကမ်းမြို့ကို အပြန်မှာ တောင်ပိုင်းက အေဘီယန်အုပ်ချုပ်ရေးဒေသမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီရီကန်နီကိုက ပြောပါတယ်။
Source AFP
#LocalNews
Published - 14 Feb 2022
ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ တမူးမြို့ အဝင်အထွက်ဂိတ်များကို ပြန်ဖွင့်ပေးဖို့ ဒေသခံများလိုလားလျက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Localpolitics
#Published - 14 Feb 2022
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့သစ် နဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC တို့ ဒီလထဲမှာ တွေ့ဆုံဖို့ရှိနေတာကြောင့် နိုင်ငံရေးပါတီ ၉၀ ကျော်ပြန်လည်တွေ့ဆုံပြီး ပါတီအစုအဖွဲ့ကို ပြင်ဆင်သွားဖို့ရှိနေပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 Feb 2022
ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေအနေနဲ့ နေအိမ်သီးသန့်နေထိုင်လိုသူများ လိုက်နာရမယ့်အချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ် -၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ နေအိမ်တွင် သီးသန့်နေထိုင်လိုသူတွေဟာ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားသူဖြစ်ရမယ့်အပြင် နောက်ဆုံးအကြိမ် ကာကွယ်ဆေးနဲ့ ထပ်ဆောင်းထိုးနှံပြီး ၆ လအတွင်းဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ရောဂါပိုးစစ်ဆေးတွေ့ရှိထားသူတွေအနေနဲ့ နေအိမ်တွင် သီးသန့် ၁၀ ရက်တိတိ နေထိုင်ရမှာဖြစ်ပြီး ရောဂါပိုးတွေ့ရှိရတာကြောင့် ဆေးရုံ(သို့မဟုတ်) ကုသရေးစင်တာမှာ ၅ ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ပါက နေအိမ်မှာ ဆက်လက် ၅ ရက် စုစုပေါင်း ၁၀ ရက်တိတိ နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်တာကို သတ်မှတ်လမ်းညွှန်ချက်တွေနဲ့အညီ တိကျစွာလိုက်နာဖို့ ကြေညာထားပါတယ်။
မိမိနေအိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေဟာ သတ်မှတ်ကာလအတွင်း မိမိနေအိမ်တွင်သာ သီးခြားအခန်းနဲ့ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပြီး သီးခြားအခန်းမရှိပါက အိမ်အတွင်း လေဝင်/လေထွက်ကောင်းတဲ့နေရာကို မိမိအတွက် သီးခြားနေရာအဖြစ်သတ်မှတ်နေထိုင်ဖို့ အကြံပြုထားပါတယ်။
ဒ့ါအပြင် ရောဂါလက္ခဏာမရှိသူဖြစ်ရမှာဖြစ်ပြီး အန္တရာယ်ရှိလူနာအုပ်စုမှာ ပါဝင်သူမဖြစ်ရပါဘူး။ တစ်နေ့ကို ၂ ကြိမ် ပုံမှန်သတင်းပေးပို့နိုင်သူဖြစ်ရမှာအပြင် သီးခြားခွဲခြားနေထိုင်မယ့်နေအိမ်မှာ အတူနေသူတွေမှာလည်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူတွေဖြစ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းကိုဗစ်တွေ့ရှိမှုမှာ ၁ ရာခိုင်နှုန်းကျော်သာရှိရာကနေ ဖေဖော်ဝါရီလ ရက်သတ္တပတ် ၂ ပတ်အတွင်း နေ့စဉ်ပိုးတွေ့ရှိမှုနှုန်းမှာ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။
ymg/ei
#Yangon_Media_Group
#DailyNews
Published - 11 Feb 2022
၁။ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် NSPNC တို့ တွေ့ဆုံရန် ပါတီအစုအဖွဲ့ပြန်လည်ဖွဲ့စည်းမည်
၂။ တမူးမြို့ အဝင်အထွက်ဂိတ်များကို ပြန်ဖွင့်ပေးဖို့ ဒေသခံများလိုလားနေ
၃။ မိုးလဝေသ သတင်း
၄။ ဘရာဇီးလ်နိုင်ငံ၏ ဆိုလာစွမ်းအင်လုပ်ငန်းမှ အလုပ်အကိုင်အများအပြား ဖန်တီးပေးနိုင်ခဲ့.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 14 Feb 2022
ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက်အစောပိုင်းအချိန်က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီ-ကျောက်ဖြူကားလမ်းပေါ်တွင် Express ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ Express ယာဥ်မီးလောင်မှုကို မအီနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး နံနက် ၇ နာရီခွဲ အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းဖြစ်စဉ်ကြောင့် Express ယာဥ်တစ်စီးလုံးကတော့ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရမှုကတော့ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_ 14 Feb 2022
မြန်မာလုပ်သား ၁၀၀ ကျော်ကို ယခုလအတွင်း တောင်ကိုရီးယားက ခေါ်ယူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံမှ တောင်ကိုရီးယားသို့ ဆောက်လုပ်ရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၃) ဦး၊ Re-entry အဖြစ် ပြန်လည်ဝင်ရောက်လာသော ကုန်ထုတ်လုပ်သား (၃၆) ဦးနှင့် မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၃၂) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် ကုန်ထုတ်လုပ်သားသစ် (၂၄) ဦးတို့သည် စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုဖေဖော်ဝါရီ ပထမပတ်နှင့်ဒုတိယပတ်အတွင်း ရောက်ရှိလာခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံအစိုးရသည် ၎င်းတို့ရဲ့နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားခြင်းအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်ဝင်ခွင့်ပိတ်ပင်ထားခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၃) ဦးနှင့် Re-entry အဖြစ် ပြန်လည်ဝင်ရောက်လာတဲ့ ကုန်ထုတ်လုပ်သား (၃၆) ဦးနှင့် ၁၄-၂-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၃၂) ဦးနှင့် စိုက်ပျိုး/မွေးမြူရေး လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မယ့် ကုန်ထုတ်လုပ်သားသစ် (၂၄)ဦးတို့ဟာ စင်ကာပူနိုင်ငံမှတစ်ဆင့် အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။
ရောက်ရှိလာတဲ့ မြန်မာလုပ်သားတွေကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်တဲ့အချက်တွေကို မှာကြားခဲ့ပြီး လိုအပ်တာတွေကူညီပံ့ပိုးပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1442 of 1462