၇ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံမှ E sports အသင်းဖြစ်တဲ့ YG Yangon Galactic ဟာ ကမ္ဘာ့အဆင့် E sports World Cup ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအပါအဝင် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့တွင် ဇူလိုင်(၂၅) ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲရဲ့ PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။
YG (Yangon Galacticos)အသင်း တွင် အုပ်ချုပ်သူ/နည်းပြ အားကစားသမား စုစုပေါင်း အဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
YG (Yangon Galacticos)အသင်းသည် ဩဂုတ် (၇)ရက် နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစား အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများက ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းသည် အိမ်ရှင်ဆော်ဒီအာရေဗျ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ၊ အီဂျစ်၊ ဘရာဇီး၊ ဥရောပ စသည့် လက်ရွေးစင်(၁၆)နိုင်ငံမှ ထိပ်သီး(၂၄)သင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု YG(Yangon Galacticos) အသင်းက ပထမ၊ တရုတ် နိုင်ငံက ဒုတိယ၊ မွန်ဂိုလီးယားနိုင်ငံက တတိယရရှိခဲ့ကြောင်း သိရပါတယ်။
YG(Yangon Galacticos) သည် E sports World Cup PUBG Mobile ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆု နှင့်အတူ ဆုကြေးငွေ ဒေါ်လာ ၅၅၀,၀၀၀ပါ ဆုချီးမြှင့် ခြင်းခံခဲ့ရသည်။
ပြိုင်ပွဲသို့ ကမ္ဘာ့ နိုင်ငံပေါင်း (၁၀၀)ကျော်ခန့်မှ လက်ရွေးစင်အသင်းပေါင်း (၁၀၀၀)ကျော်ခန့်ရှိပြီး Professional ကစားသမား (၅၀၀၀)ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/mnn