ဇူလိုင် ၁၁၊ ၂၀၂၆၊
ဒစ်ဘရူးဂါ့ (Dibrugarh): နှစ်ဘက် ကုန်သွယ်ရေးအဖွဲ့အစည်းများအကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ၆ နှစ်ကျော်ကြာ ရပ်နားထားခဲ့သော ပန်ဆောင်နယ်စပ်ဂိတ်မှ အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ဇူလိုင် ၂၀ ရက်တွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်။
လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (Free Movement Regime - FMR) အရ အိန္ဒိယ-မြန်မာ နယ်စပ် နှစ်ဖက်စလုံးရှိ ၁၀ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သူများအနေဖြင့် ဒေသတွင်းကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် ဖလှယ်မှုများ ပြုလုပ်ခွင့်ရှိသည်။
COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၃ ရက်ကတည်းက ပိတ်ထားခဲ့သော အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းသည် ပန်ဆောင်ဈေးကော်မတီနှင့် Nampong နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များအသင်း (NBTBA) မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့် အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်၊ Changlang ခရိုင်၊ Nampong အနီးရှိ နယ်စပ်ဈေး (Border Haat) ၌ ဇူလိုင် ၉ ရက်နေ့က တွေ့ဆုံ၍ ကုန်သွယ်မှုပြန်လည်စတင်ရန် လုပ်ထုံးလုပ်နည်းများကို အပြီးသတ် ဆွေးနွေးခဲ့ကြပြီးနောက် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ခရိုင်ကောင်စီ (Zilla Parishad) အဖွဲ့ဝင် Matton Ngaimong က NBTBA ဥက္ကဋ္ဌ Jongkham Morang၊ အထွေထွေအတွင်းရေးမှူး Rahulyong Tikhak တို့နှင့်အတူ ဦးဆောင်ခဲ့ သည်။ ယခုဆွေးနွေးပွဲသည် ဤကဲ့သို့သော ပထမဆုံး နှစ်နိုင်ငံတွေ့ဆုံမှုဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်အတွက် မြန်မာဘက်မှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြု သဘောဆောင်စွာ ပြီးဆုံးခဲ့သည်။
နှစ်ပေါင်းများစွာ ပြတ်တောက်နေခဲ့ပြီးနောက် ပုံမှန်ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်လာမည့် အပေါ် အသင်းအနေဖြင့် မျှော်လင့်နေကြောင်း NBTBA ဥက္ကဋ္ဌ Jongkham Morang က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ကုန်သည်တွေနဲ့ နယ်စပ်တစ်ဖက်က ကုန်သည်တွေဟာ ဒီအတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ကြရတာပါ။ ကပ်ရောဂါကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကို ဒါက ပြန်လည်သယ်ဆောင်လာပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။
ဤတိုးတက်မှုအပေါ် အကောင်းမြင်ကြောင်း Nampong လွှတ်တော်အမတ် Laisam Simai က “နယ်စပ် ဈေး ပြန်လည်အသက်ဝင်လာခြင်းဟာ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးပြီး ဒေသတွင်းက အသေးစားကုန်သည်တွေနဲ့ နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို တိုးတက် စေခြင်းအားဖြင့် ဒေသတွင်းစီးပွားရေးကို သိသိသာသာ မြှင့်တင်ပေးပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
လွတ်လပ်စွာ သွားလာခွင့်အစီအစဉ် (FMR) အရ နယ်စပ်ဈေးကို လစဉ် ၁၀၊ ၂၀ နှင့် ၃၀ ရက်များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး FMR လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ထားသော နယ်စပ် ၁၀ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သည့် အရည်အချင်းပြည့်မီသူများသာ ပါဝင်ခွင့်ရမည်ဖြစ်သည်။ တောင်တန်း များကို ဖြတ်သန်းသွားသော ပန်ဆောင် (Pangsau Pass) သည် Nampong ကို မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ဆက်သွယ်ပေးထားပြီး Nampong ဒေသမှ ကုန်သည်များနှင့် ယင်းတို့၏ မြန်မာ အိမ်နီးချင်းများအကြား အဓိကကုန်သွယ်ရေးနေရာအဖြစ် သမိုင်းစဉ်ဆက် တည်ရှိခဲ့သည်။
ယခုလဆန်းပိုင်းတွင် နယ်စပ်ဈေး ပြန်လည်ဖွင့်လှစ်ရေး ကြိုးပမ်းမှု အားကောင်းလာခဲ့သည်။ ဇူလိုင် ၃ ရက်နေ့က နယူးဒေလီမြို့၊ Vanijya Bhawan ၌ ကျင်းပသော ကုန်သွယ်ရေးဘုတ်အဖွဲ့ အစည်းအဝေးတွင် အာရုနာချယ်ပရာဒေ့ရှ် လွှတ်တော်ကိုယ်စားလှယ် Mohesh Chai က ပြည်ထောင်စု ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal ထံ ပန်ဆောင်နယ်စပ်ဂိတ် ကုန်သွယ်ရေး ပြန်လည် စတင်ရန် ကိစ္စကို တင်ပြခဲ့သည်။ ရက်ပိုင်းအကြာ ဇူလိုင် ၈ ရက်တွင် Nampong လွှတ်တော်အမတ် Laisam Simai သည် အာရုနာချယ်ပရာဒေ့ရှ် အစိုးရ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် Bullo Mamu နှင့် တွေ့ဆုံကာ အခြားကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်အတူ ပြန်လည်ဖွင့်လှစ်ရေးကို ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံမှုအပြီး ထိုနေ့မှာပင် နယ်စပ်ဈေးကို “စနစ်တကျ၊ ပွင့်လင်းမြင်သာမှုရှိပြီး လုံခြုံစိတ်ချရ သော နည်းလမ်းဖြင့်” လုပ်ဆောင်နိုင်ရန် စံလုပ်ထုံးလုပ်နည်း (SOP) နှင့်အတူ ဇူလိုင် ၁၀ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်မည့် အကြောင်းကြားစာကို ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပန်ဆောင်ဈေးကော်မတီ၊ NBTBA နှင့် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်များအကြား လုပ်ထုံးလုပ်နည်းများကို အပြီးသတ် သတ်မှတ်နိုင်ခြင်း မရှိသေးသဖြင့် အမှန်တကယ် ပြန်လည် စတင်မည့်ရက်ကို ဇူလိုင် ၉ ရက်နေ့ အစည်းအဝေးအပြီးတွင် ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။
ထို့ပြင် နယ်စပ်ဈေး၌ နယ်စပ်ဖြတ်ကျော် လူပုဂ္ဂိုလ်များ သွားလာမှုနှင့် ဆက်စပ်ကိစ္စရပ်များကို FMR ပါ ပြဋ္ဌာန်းချက်များ၊ အိန္ဒိယအစိုးရနှင့် အာရုနာချယ်ပရာဒေ့ရှ် အစိုးရတို့၏ အခြားသက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အုပ်ချုပ်မည်ဖြစ်ကြောင်း အစိုးရအမိန့်စာတွင် ဖော်ပြထားသည်။
တာဝန်ရှိသူများနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်များကမူ ယခုကဲ့သို့ ပြန်လည်စတင်ခြင်းသည် ဒေသ တွင်း ကူးသန်းရောင်းဝယ်ရေးကို ပြန်လည်နိုးကြားစေပြီး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် ပေးနိုင်မည့်အပြင် နိုင်ငံတကာနယ်နိမိတ်ကို ဖြတ်ကျော်၍ လူမျိုးရေးနှင့် မိသားစု ဆွေမျိုးဆက်စပ်မှု များရှိသည့် အိန္ဒိယနှင့် မြန်မာ နယ်စပ်အသိုက်အဝန်းများအကြား ကာလရှည်ကြာ တည်ရှိခဲ့သော ဆက်ဆံ ရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Source: Times of India - Jul 11, 2026
၁၀ ဇူလိုင်၊၂၀၂၆
စားအုန်းဆီ အား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ပြည်သူများအားဖြန့်ဖြူးပေးလျက်ရှိသော်လည်း တစ်ဆင့်တစ်ဆင့်ပြန်လည်ရောင်းချသူများမှ အမြတ်တင်ရောင်းချမှုကြောင့်စျေးနှုန်း အနည်းငယ်ကြီးမြင့် လျက်ရှိကြောင်းသတင်းရရှိသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက စားအုန်းဆီဈေးနှုန်းများပြန်လည်တည်ငြိမ်စေရေးအတွက် လိုအပ်သည် များကို ဆောင်ရွက်နေကြောင်းလည်း စုံစမ်းသိရှိရသည်။
ဇူလိုင်၅၊၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဘာစီ (Baci) ပွဲသည် လာအိုလူမျိုးတို့၏ ရိုသေကိုင်းရှိုင်းမှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် တစ်ဦးအပေါ်တစ်ဦး ထားရှိသော မေတ္တာဂရုဏာတို့ကို ဖော်ပြသည့် အလှပဆုံး ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး ယနေ့ထက်တိုင် နိုင်ငံခြားဧည့်သည်များကို ကြိုဆိုနှုတ်ဆက်သည့် ပွဲများတွင်ပါ ထည့်သွင်းကျင်းပလေ့ ရှိပါသည်။
ဘာစီ (Baci) သို့မဟုတ် လာအိုဘာသာဖြင့် စူခွမ်း (Soukhwan) ဟု ခေါ်ဆိုသော ဆုတောင်းပွဲသည် လာအိုပြည်သူတို့၏ ဘဝကဏ္ဍစုံ (မွေးဖွားခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးဝေးသွားခြင်း၊ နာမကျန်းဖြစ်ပြီး ပြန်လည်သက်သာလာခြင်း၊ သို့မဟုတ် နှစ်သစ်ကူးပွဲတော်များ) တွင် ကျင်းပလေ့ရှိသည့် အလွန် အရေးကြီးပြီး ရှေးကျသော လာအိုရိုးရာ စုပေါင်းဆုတောင်းပွဲ တစ်ခု ဖြစ်သည်။
ပွဲ၏ အဓိက အခမ်းနားဆုံး အပိုင်းမှာ ရိုးရာဆရာ (မောခွမ်း - Mor Khwan) က ဆုတောင်းစာများ ရွတ်ဆိုပြီးနောက်၊ ပွဲတက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦး လက်ကောက်ဝတ်တွင် အဖြူရောင် ချည်မျှင်လေးများ ချည်နှောင်ပေးခြင်း ဖြစ်သည်။ ကြိုးချည်ပေးစဉ်အတွင်း တစ်ဦးကိုတစ်ဦး လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းပေးကြသည်။ယုံကြည်ချက်အရ ထိုချည်ထားသော ကြိုးဖြူလေးများကို အနည်းဆုံး ၃ ရက် မဖြတ်ဘဲ ဝတ်ဆင်ထားရပြီး ကိုယ်တိုင်မဖြတ်ဘဲ အလိုအလျောက် ကျွတ်ထွက်သွားခြင်းက ပို၍ ကံကောင်းစေသည်ဟု ယူဆကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။
လွန်ပရာဘန်မြို့တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မနက်ပိုင်းတွင် တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့ လာခဲ့ကြပြီးနောက် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည်။
ထို့နောက် ၀ပ်စီယမ်သုန်စေတီတော် အားဖူးမြော် ကြည်ညိုခဲ့ကြကာ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ဇူလိုင်၅ ရက်မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သော နိုင်ငံတော်အဆင် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။
၁၄ ဧပြီ၊၂၀၂၆
စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။
လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။
ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ Source: The Guardian
၁၄ ဧပြီ၊၂၀၂၆
လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။
လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။
ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။
ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။
အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။
-အယ်ဒီတာတစ်ဦး
အိန္ဒိယနိုင်ငံအခြေအနေ
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။
နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။
ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။
လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့် စစ်ဆေးနေ တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။
ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။
ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။
ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ အခြေအနေ
မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ နိုင်ခြေရှိသော နိုင်ငံ" (High-risk area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။
နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ
ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။
◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။
◾️ထန်းရည်/ဓနိရည်- လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)
◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
Source: Wire News