#Local_News
Published_ 27 July 2022

 

မျောက်ကျောက် ရောဂါအတွက် ကာကွယ်ဆေးရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အာဆီယံအဖွဲ့တို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ၊ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

 

မျောက်ကျောက်ရောဂါသည် ယခင်က ဖြစ်ပွားလေ့မရှိသောနိုင်ငံများ၌ပါ ရောဂါပျံ့နှံလာသဖြင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ အဖြစ် ဇူလိုင် ၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက် ဖြစ်ပွားနိုင်ခြေဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် လတ်တလော ရောဂါကူးစက်ဖြစ်ပွားသူ မတွေ့ရှိရသေးပါသဖြင့် အုပ်စု(၁)တွင် ပါဝင်လျက်ရှိပြီး ပြည်ပနိုင်ငံများမှတစ်ဆင့် ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံများတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူများ တွေ့ရှိရသဖြင့် မျောက်ကျောက် ရောဂါကာကွယ်ထိန်းချုပ်ရေးကို နှီးနွယ်ဌာနများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ကြီးက မှာကြားခဲ့ပါတယ်။

 

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါလှိင်းကို လက်ရှိတွင် ထိန်းချုပ် ထားနိုင်တဲ့ အနေအထားတွင်ရှိသော်လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်မှုများသည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် မြင့်တက်လျက်ရှိပါတယ်။

 

BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနည်းပြီး သေဆုံးမှုနည်းသော်လည်း ကူးစက်မှုနှုန်းမြင့်မားကြောင်း တွေ့ရှိရသဖြင့် ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ၊ မျိုးရိုးဗီဇသစ်ရှာဖွေခြင်း လုပ်ငန်းများကို အရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ဖို လိုတယ်လို ဆိုပါတယ်။

 

ရာသီတုပ်ကွေးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ရေးနည်းလမ်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် သဘော သဘာဝအားဖြင့် တူညီသည့်အတွက် တစ်ဦးချင်းလိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာဖို အရေးကြီးတယ်လို့ ဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group