#Local_News
Published - 27 July 2022

 

ပြည်တွင်း၌ ကိုဗစ်ကူးစက်နှုန်းသိသိသာသာလျော့နည်းလာသော်လည်း နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

 

အဆိုပါကြေညာချက်တွင် အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာအသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သောနေရာများ၌လူအများနှင့် အတူရှိနေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိခြင်းစသည့်အနေအထားတိုတွင် တပ်ဆင်ရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေထိုးရန် တိုက်တွန်းထားပြီး ကိုဗစ်လူနာများကိုလည်း သက်ဆိုင်ရာဆေးရုံများတွင်သာ လက်ခံကုသပေးမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေမှာ ၆၁၃,၉၈၀ ယောက် ရှိပြီး ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၂,၈၃၆ ယောက် ရှိခဲ့ကြောင်း၊ ယင်းအပြင်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူမရှိပဲ စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ၁၉,၄၃၄ ယောက် ရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group