#World_Health
Published 29 October 2026
■ ကမ္ဘာတစ်ဝန်းက ကလေးတွေအပေါ် ပြုလုပ်ထားတဲ့ လေ့လာမှုကြီးတစ်ခုအရ ကလေးတွေ screen time ကြည့်ချိန် များလွန်းတာရဲ့ သက်ရောက်မှုဟာ မိဘတွေရဲ့ အပြုအမူနဲ့ ကလေးတွေ လမစေ့ဘဲ မွေးဖွားခြင်းတို့ရဲ့ သက်ရောက်မှုနဲ့ တန်းတူလောက်ရှိနိုင်သလို၊ အဲဒီထက်တောင် ပိုများနိုင်တယ်လို့ သိရပါတယ်။
■ သုတေသီတွေဟာ နိုင်ငံပေါင်း ၆၄ နိုင်ငံက ကလေး ၂၈ သိန်းကျော်ရဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ အဲဒီအခါ screen timeကြည့်ချိန် များလွန်းတာဟာ ကလေးတွေရဲ့ ပညာရေးအောင်မြင်မှုနဲ့ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ အပါအဝင် ကဏ္ဍအတော်များများအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။
■ ဒီလေ့လာမှုဟာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံးလေ့လာမှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
■ Screen Time ကြည့်ချိန်များလွန်းခြင်းရဲ့ သက်ရောက်မှုဟာ မိသားစုရဲ့ စီးပွားရေးအခြေအနေ၊ မိဘတွေရဲ့ ပြုမူဆက်ဆံပုံနဲ့ ကလေးတွေ လမစေ့ဘဲ မွေးဖွားခဲ့ခြင်းရှိ၊ မရှိ စတဲ့ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အခြားအကြောင်းရင်းတွေနဲ့ ယှဉ်ရင် အလားတူလောက်ရှိနိုင်သလို ပိုပြီးတောင်ကြီးမားနိုင်တယ်လို့ဆိုပါတယ်။
■ ဂိမ်းကစားတာ၊ လူမှုကွန်ရက်တွေ သုံးတာနဲ့ ဗီဒီယိုတွေ ကြည့်တာတို့အတွက် အသုံးပြုချိန် ပိုများလာရင် ကလေးတွေရဲ့ ပညာရေးအောင်မြင်မှု ကျဆင်းတာနဲ့ ဘာသာစကားဖွံ့ဖြိုးမှု အားနည်းတာတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာမှုကဖော်ပြပါတယ်။
■ ဒါပေမဲ့ ကျွမ်းကျင်သူတချို့ကတော့ ဒီအစီရင်ခံစာမှာ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဖုန်းမျက်နှာပြင်အသုံးပြုမှုဖြစ်တယ်ဆိုတဲ့ အယူအဆကို လုံးဝထောက်ခံတာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။
■ JAMA Pediatrics ဂျာနယ်မှာ ထုတ်ဝေထားတဲ့ သုံးသပ်ချက်အရ screen time ကို အချိန်ပိုကြာကြာ ကြည့်တဲ့ကလေးတွေမှာ စိတ်ခံစားမှုနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေအပြင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ပိုများလာတတ်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
■ ဒီလေ့လာမှုမှာ အရင်က ပြုလုပ်ထားတဲ့ သုတေသနသုံးသပ်ချက်ကြီးတွေ အများကြီးရဲ့ ရလဒ်တွေကို ထပ်မံစုစည်းပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလေ့လာနည်းကို umbrella review လို့ ခေါ်ပါတယ်။
■ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဒစ်ဂျစ်တယ်ကိရိယာတွေနဲ့ လူမှုကွန်ရက်တွေကို အချိန်ကြာကြာ အသုံးပြုတာဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအတော်များများမှာ ရလဒ်မကောင်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ တိုင်းတာထားတဲ့ ကဏ္ဍအားလုံးမှာတော့ ဒီလိုဆက်စပ်မှုရှိနေတာမဟုတ်ပါဘူး။
■ ဒီလေ့လာမှုမှာ စမတ်ဖုန်းကနေ တီဗီအထိ မျက်နှာပြင်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ လူမှုကွန်ရက်တွေကို ပွတ်ဆွဲကြည့်တာ၊ ဂိမ်းကစားတာနဲ့ FaceTime ကနေ ဗီဒီယိုခေါ်ဆိုတာတွေလို အသုံးပြုပုံအမျိုးမျိုးကိုလည်း ထည့်သွင်းလေ့လာခဲ့ပါတယ်။
■ အစီရင်ခံစာမှာ သုတေသီတွေက အခုလို ရေးသားထားပါတယ်။
■ “ဒီတွေ့ရှိချက်တွေကို ခြုံငုံကြည့်မယ်ဆိုရင် screen time အသုံးပြုမှုဟာ ကလေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအမျိုးမျိုးအပေါ် သက်ရောက်မှုရှိနိုင်တဲ့အပြင် ပြုပြင်လျှော့ချနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။”
■ Screen Timeကြည့်ချိန် ပိုများတဲ့ ကလေးတွေဟာ ကျောင်းမှာ အလုံးစုံပညာရေးရလဒ် ပိုနိမ့်တာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုမှာတွေ့ရှိခဲ့ပါတယ်။
■ ကနေဒါနိုင်ငံက ကယ်လ်ဂရီတက္ကသိုလ် က ပညာရှင်တွေ ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ screen time ကြည့်ချိန် များလွန်းတာနဲ့ ကလေးတွေရဲ့ ဘာသာစကားဖွံ့ဖြိုးမှု အားနည်းတာကြား ဆက်စပ်မှုရှိကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။
■ စိတ်ကျန်းမာရေးဘက်ကို လေ့လာတဲ့အခါ screen time အသုံးပြုမှု များတာဟာ အောက်ပါပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ခြင်း။
■ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းလိုမျိုး စိတ်အတွင်းပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ခြင်း။
ရန်လိုတဲ့ အပြုအမူတွေ ပိုများလာခြင်းနဲ့ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေ ပိုတွေ့ရခြင်း။
■ သုတေသီတွေက သူတို့ရဲ့ သုံးသပ်ချက်မှာ အခုလို ရေးသားထားပါတယ်။
■ “ကျွန်ုပ်တို့ရဲ့ လေ့လာသုံးသပ်ချက်အရ screen timeအသုံးပြုမှု များလေလေ အလုံးစုံပညာရေးအောင်မြင်မှု နိမ့်ကျလေလေ၊ ဘာသာစကားဖွံ့ဖြိုးမှု အားနည်းလေလေ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စိတ်အတွင်းပိုင်းနဲ့ အပြင်ပိုင်း အပြုအမူဆိုင်ရာ ပြဿနာတွေ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေလည်း ပိုများလာတာကို တွေ့ရှိခဲ့ရပါတယ်။”
■ “အထူးသတိပြုစရာကတော့ ဒီသက်ရောက်မှုတွေရဲ့ အတိုင်းအတာဟာ လူမှုစီးပွားအခြေအနေ၊ မိဘတွေရဲ့ အပြုအမူနဲ့ လမစေ့ဘဲ မွေးဖွားခြင်းလိုမျိုး ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်စေတဲ့ အခြားအကြောင်းရင်းတွေနဲ့ တန်းတူလောက်ရှိနိုင်သလို ပိုပြီးတောင် ကြီးမားနိုင်ပါတယ်။”
■ စပိန်နိုင်ငံက ဇာရာဂိုဇာတက္ကသိုလ် (University of Zaragoza) မှ လူမှုဗေဒဆိုင်ရာ အကြီးတန်းကထိကTatiana Íñiguez Berrozpe ကတော့ ဒီအစီရင်ခံစာဟာ screen time ကြည့်ချိန်နဲ့ စိတ်ကျန်းမာရေး၊ ပညာရေးစွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကြား ဆက်စပ်မှုရှိကြောင်း ပြသပေမဲ့ အဲဒီဆက်စပ်မှုက အားနည်းတယ်လို့ ပြောပါတယ်။
■ “ဒါကြောင့် ဒီနေ့ခေတ် လူငယ်တွေ ဖုန်းမျက်နှာပြင်တွေကို ဘယ်လိုအသုံးပြုနေကြသလဲဆိုတဲ့ အခြေအနေနဲ့ ချိတ်ဆက်ပြီး ဒီလေ့လာမှုရလဒ်တွေကို အဓိပ္ပာယ်ဖော်တဲ့အခါ သတိထားဖို့ လိုပါတယ်။”
Source-The Guardian
#World_Health
Published 29 October 2026
■ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်မဟာ ညအိပ်ရာဝင်ခါနီးတိုင်း မဂ္ဂနီဆီယမ်ဆေးပြားလေး နှစ်ပြားသောက်လာခဲ့တယ်။
■ ကျွန်မမှာ ADHD ရှိတယ်။ အိပ်မပျော်တာနဲ့ အိပ်ရေးမဝတာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး အင်တာနက်မှာ ရှာဖွေရင်း မဂ္ဂနီဆီယမ်အကြောင်း သိလာခဲ့တာပါ။
■ ကျွန်မသောက်နေတဲ့ ဖြည့်စွက်စာဆိုလို့ ဒါတစ်မျိုးပဲရှိပြီး အခုတော့ တကယ်ကိုအားကိုးနေရတဲ့အထိဖြစ်လာတယ်။
■ ဒါပေမဲ့ မဂ္ဂနီဆီယမ်က အိပ်စက်မှုကို ကောင်းမွန်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေက အခုအချိန်အထိ သိပ်ခိုင်မာမှုမရှိသေးဘဲ နောက်ထပ်သုတေသနတွေ လိုအပ်နေတယ်ဆိုတာလည်း သတိပြုဖို့လိုပါတယ်။
■ ၂၀၂၂ ခုနှစ်မှာ လူပေါင်း ၃,၉၆၄ ယောက်ကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ မဂ္ဂနီဆီယမ်သောက်သုံးခြင်းဟာ အိပ်စက်မှုအရည်အသွေး ပိုကောင်းလာခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က လေ့လာမှုတစ်ခုမှာလည်း အလားတူ တွေ့ရှိခဲ့ပါတယ်။
■ ဒါကြောင့် အခုဆို ခရီးသွားရင်တောင် ကိုယ်လိုအပ်မယ့် မဂ္ဂနီဆီယမ်ဆေးပမာဏကို တိတိကျကျ ထည့်သွားတယ်။ မပါဘဲနဲ့ ဘယ်မှမသွားချင်တော့ဘူး။
■ ဒါပေမဲ့ ထူးဆန်းတဲ့ ဘေးထွက်အကျိုးဆက်တစ်ခုတော့ ရှိလာတယ်။
■ ကျွန်မမက်တဲ့ အိပ်မက်တွေက လုံးဝကို ထူးဆန်းပြီး အသက်ဝင်လွန်းလာတယ်။
■ အိပ်မက်တွေက ပိုပိုပြီး အသေးစိတ်ကျလာတယ်။ နိုးလာတဲ့အခါ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်မက်ခဲ့တာလားဆိုတာတောင် မသေချာတော့ဘူး။
■ တချို့အိပ်မက်တွေက သာမန်ပါပဲ။ ဥပမာကိုယ့်ချစ်သူက ကော်ဖီဖျော်ပေးနေတာမျိုးပေါ့။
တချို့ကျတော့ ထူးဆန်းတယ်။
■ အမြဲတမ်း တစ်ကိုယ်တည်းဖြစ်နေတဲ့ ကိုယ့်သူငယ်ချင်းက ရုတ်တရက် လက်ထပ်သွားတာမျိုး၊ ဒါမှမဟုတ် လက်မှာဝတ်ထားတဲ့ စိန်လက်စွပ်အသစ်က ပန်းချီဆရာSalvador Dalí ရဲ့ ပန်းချီကားထဲကလို ပုံပျက်ပြီး အရည်ပျော်သွားတာမျိုးတွေပါ။
■ ကျွန်မ အရင်က SSRI အမျိုးအစား စိတ်ကျရောဂါကုဆေးတွေ သောက်ဖူးတယ်။ အဲဒီတုန်းကလည်း Sertraline ဆေးကြောင့် အိပ်မက်တွေ အရမ်းပြင်းထန်ခဲ့ဖူးတယ်။
■ ဒါကြောင့် မဂ္ဂနီဆီယမ်ကြောင့်လည်း အလားတူဖြစ်နိုင်မလားလို့ စဉ်းစားမိလာတယ်။
■ “အိပ်မက်တွေက တကယ့်ကို ရူးလောက်အောင် ထူးဆန်းတယ်”
■ ဒီအကြောင်းကို အင်တာနက်မှာ ရှာကြည့်တော့ မဂ္ဂနီဆီယမ်သောက်ပြီး အလားတူအတွေ့အကြုံတွေ ကြုံနေရတဲ့သူတွေ အများကြီးရှိနေတာကို တွေ့ခဲ့ရတယ်။
■ သူတို့က ဒီလိုအိပ်မက်တွေကို “Magnesium Dreams” လို့တောင် ခေါ်ကြတယ်။
Reddit မှာလည်း ဒီအကြောင်း ဆွေးနွေးတဲ့ အဖွဲ့တစ်ခုရှိတယ်။
■ အသုံးပြုသူတစ်ယောက်က ဆရာဝန်ညွှန်ကြားချက်နဲ့ ကြွက်သားပြန်လည်နာလန်ထူဖို့ မဂ္ဂနီဆီယမ်သောက်ခဲ့ပြီးနောက် အခုလို ရေးသားခဲ့တယ်။
■ “အိပ်ပျော်တာတော့ ကောင်းလာတယ်။ ဒါပေမဲ့ အိပ်မက်တွေကတော့ တကယ့်ကို ကြမ်းတမ်းလွန်းတယ်။ တစ်ခါတလေ စိတ်ထဲမှာ အတော်လေး ထိခိုက်ရတယ်။”
■ နောက်တစ်ယောက်ကလည်း အိပ်ရေးကောင်းဖို့ Magnesium Glycinate ကို သောက်ခဲ့ပေမဲ့ သူ့ဘဝမှာ အဆိုးရွားဆုံး အိပ်မက်ဆိုးကို မက်ခဲ့ရတယ်လို့ ဆိုပါတယ်။
■ သူက အဲဒီအိပ်မက်ကို“ကိုယ်တိုင်ဇာတ်ကောင်အဖြစ်ပါဝင်နေရတဲ့ သရဲကားတစ်ကား ကြည့်နေရသလိုပဲ”လို့ ဖော်ပြခဲ့ပါတယ်။
■ နောက်ဆုံးမှာတော့ အဲဒီဆေးကို ဆက်မသောက်နိုင်တော့လို့ ရပ်လိုက်ရတယ်လို့ ဆိုပါတယ်။
■ မဂ္ဂနီဆီယမ်သောက်ရင် ဘာကြောင့် အိပ်မက်တွေ ထူးဆန်းလာတာလဲ။
■ NHS ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Zoe Williams က မဂ္ဂနီဆီယမ်ဟာ အိပ်မက်တွေကို တိုက်ရိုက်ထူးဆန်းစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား လုံလောက်စွာ မရှိသေးဘူးလို့ ရှင်းပြပါတယ်။
■ ဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတချို့ကိုတော့ သူမကအခုလိုရှင်းပြထားပါတယ်။
■ “မဂ္ဂနီဆီယမ်ဟာ အာရုံကြောစနစ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပြီး ခန္ဓာကိုယ်ကို အနားယူအပန်းဖြေနိုင်အောင် ကူညီပေးနိုင်ပါတယ်။
■ အိပ်စက်မှုအပေါ် မဂ္ဂနီဆီယမ်ရဲ့ သက်ရောက်မှုနဲ့ပတ်သက်တဲ့ သုတေသနတွေက အခုထိ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
■ မဂ္ဂနီဆီယမ်ကြောင့် သင်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတယ်ဆိုရင် အိပ်မက်တွေကို ပိုပြီးသတိထားမိလာတာ၊ ဒါမှမဟုတ် နိုးလာတဲ့အခါ အိပ်မက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်း မှတ်မိလာတာမျိုး ဖြစ်နိုင်ပါတယ်။”
■ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ အထူးသဖြင့် စိတ်ဖိစီးမှုများနေတဲ့အခါ၊ ဒါမှမဟုတ် အိပ်ရေးပျက်တာ ကြာလာတဲ့အခါ ဖြစ်တတ်တဲ့ REM Rebound ဆိုတဲ့ ဖြစ်စဉ်ပါ။
■ ဒေါက်တာ Zoe က အဲဒီအကြောင်းကို အခုလိုရှင်းပြပါတယ်။
■ “အိပ်စက်မှု ပုံမှန်မဟုတ်တာ၊ ဒါမှမဟုတ် အိပ်ရေးမဝတာတွေ ဖြစ်ခဲ့ပြီးနောက် ခန္ဓာကိုယ်က ပြန်လည်နာလန်ထူလာတဲ့အချိန်မှာ REM အိပ်စက်မှုအဆင့်မှာ ပိုကြာကြာ နေနိုင်ပါတယ်။”
■ REM အိပ်စက်မှုဆိုတာ အိပ်မက်တွေ မက်လေ့ရှိတဲ့ အိပ်စက်မှုအဆင့်တစ်ခု ဖြစ်ပါတယ်။
အဓိကဆိုလိုရင်း မဂ္ဂနီဆီယမ်သောက်လို့ အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာကို လက်ရှိသိပ္ပံပညာက အတည်မပြုနိုင်သေးပါဘူး။
■ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့
အိပ်စက်မှု ပိုကောင်းလာတဲ့အတွက် အိပ်မက်တွေကို ပိုမှတ်မိလာတာ။
အိပ်ရေးပျက်ခဲ့ပြီးနောက် REM အိပ်စက်မှု ပြန်လည်တိုးလာတာ။
မဂ္ဂနီဆီယမ်အပြင် တခြားဆေးဝါးတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အိပ်စက်မှုပုံစံ ပြောင်းလဲမှုတွေကြောင့် ဖြစ်တာ။
■ သတိပြုရန်။ မဂ္ဂနီဆီယမ်သောက်ပြီးနောက် အိပ်မက်ဆိုးတွေ မကြာခဏမက်လာတာ၊ အိပ်ရေးပျက်လာတာ၊ နေ့စဉ်ဘဝကို ထိခိုက်လာတာမျိုးရှိရင် သောက်သုံးနေတဲ့ ပမာဏနဲ့ ဆေးအမျိုးအစားကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
Source-Metro
#World_Health
Published 26 October 2026
■ ကမ္ဘာ့သံလိုက်စက်ကွင်းဟာ အချိန်ကြာလာတာနဲ့အမျှ အားနည်းလာနေပြီး တစ်ချိန်ချိန်မှာ ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးနဲ့ တောင်ဝင်ရိုးတို့ နေရာချင်းပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို သံလိုက်ဝင်ရိုးပြောင်းပြန်လှန်ခြင်းလို့ခေါ်ပါတယ်။
■ နောက်ဆုံးအကြိမ် ဒီလိုဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၈၀,၀၀၀ ခန့်က ဖြစ်ပါတယ်။
■ ဒါကြောင့် ကမ္ဘာ့သံလိုက်ဝင်ရိုးတွေ မကြာခင် ပြောင်းပြန်ဖြစ်တော့မှာလား၊ ဒီဖြစ်စဉ်က ရာသီဥတုပြောင်းလဲမှုကို ပိုဆိုးစေနိုင်သလား၊ လူသားတွေအပါအဝင် သက်ရှိမျိုးစိတ်တွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းသွားစေနိုင်သလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာပါတယ်။
■ သိပ္ပံပညာရှင်တွေရဲ့ လက်ရှိအထောက်အထားတွေအရတော့ သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခြင်းကြောင့် ကမ္ဘာပေါ်မှာ သက်ရှိတွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းသွားမယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။
■ ကမ္ဘာ့သံလိုက်စက်ကွင်းက ဘာကြောင့်အရေးကြီးတာလဲ
■ ကမ္ဘာ့သံလိုက်စက်ကွင်းဟာ ကမ္ဘာကို ပတ်လည်ဝန်းရံထားတဲ့ သဘာဝအကာအကွယ်တစ်ခုလိုပါပဲ။ နေကနေ ထွက်လာတဲ့ လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေ၊ အာကာသထဲက စွမ်းအင်မြင့်အမှုန်တချို့ရဲ့ သက်ရောက်မှုကို လျှော့ချပေးပါတယ်။
■ ဒီသံလိုက်စက်ကွင်း အားနည်းလာရင် အာကာသကလာတဲ့ အမှုန်တချို့ဟာ ကမ္ဘာ့လေထုထဲကို ပိုမိုဝင်ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် သံလိုက်စက်ကွင်း အားနည်းတဲ့ဒေသတွေမှာ ဒီအကျိုးသက်ရောက်မှု ပိုသိသာနိုင်ပါတယ်။
■ သုတေသနအချို့အရ ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ dipole field ဟာ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကနေ ၂၀၀ အတွင်း အားနည်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ သံလိုက်ဝင်ရိုးတွေ မကြာခင် ပြောင်းပြန်ဖြစ်တော့မယ်လို့ ကောက်ချက်ချလို့မရပါဘူး။
■ သိပ္ပံပညာရှင်တချို့က သံလိုက်စက်ကွင်း အားနည်းလာတဲ့အခါ အာကာသကလာတဲ့ စွမ်းအင်မြင့်အမှုန်တွေ ကမ္ဘာ့လေထုအတွင်း ပိုမိုဝင်ရောက်လာနိုင်ပြီး လေထုအတွင်းရှိ လျှပ်စစ်ဓာတ်ဆောင်မှုဖြစ်စဉ်တွေကို ပြောင်းလဲစေနိုင်တယ်လို့ လေ့လာထားကြပါတယ်။
■ ဒီအမှုန်တွေဟာ အောက်ပါအရင်းအမြစ်တွေကနေ လာနိုင်ပါတယ်။
■ နေကနေ အမှုန်အမြောက်အမြား ထုတ်လွှတ်တဲ့ ဖြစ်စဉ်များ
Supernovaလို့ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုများ
အာကာသအတွင်းရှိ စွမ်းအင်မြင့်အမှုန်များ
■ ဒီအမှုန်တွေဟာ ကမ္ဘာ့လေထုနဲ့ တုံ့ပြန်တဲ့အခါ ဒုတိယဆင့် ရောင်ခြည်နဲ့ အခြားအမှုန်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် လေထုအတွင်း အိုင်ယွန်ဖြစ်ပေါ်မှု ကိုလည်း သက်ရောက်စေနိုင်ပါတယ်။
■ သီအိုရီအရ ဒီလိုပြောင်းလဲမှုတွေဟာ လေထုထဲက အမှုန်ငယ်တွေ စုပေါင်းဖွဲ့စည်းပုံနဲ့ တိမ်ဖြစ်ပေါ်မှုတို့အပေါ် သက်ရောက်နိုင်ပြီး ရာသီဥတုနဲ့ ဆက်စပ်မှုရှိမရှိကိုလည်း လေ့လာနေကြပါတယ်။
■ ဒါပေမဲ့ ဒီဖြစ်စဉ်တွေက ကမ္ဘာ့ရာသီဥတုကို သိသိသာသာ ပြောင်းလဲစေမယ်၊ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိသေးပါဘူး။
■ လက်ရှိကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းကတော့ လူသားတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးပွားလာခြင်းဖြစ်ပါတယ်။
■ သံလိုက်ဝင်ရိုးတွေ ပြောင်းပြန်ဖြစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ
■ NASA ရဲ့ ဖော်ပြချက်အရ အတိတ်က သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ကမ္ဘာပေါ်မှာ သက်ရှိမျိုးစိတ်တွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းခဲ့တယ်၊ ကမ္ဘာတစ်ခုလုံး ပျက်စီးသွားခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။
■ ရုပ်ကြွင်းမှတ်တမ်းတွေကို လေ့လာရာမှာလည်း သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခြင်းနဲ့ မျိုးသုဉ်းမှုကြီးတွေကြား တိုက်ရိုက်ဆက်စပ်မှုကို မတွေ့ရှိထားပါဘူး။
■ ဒါပေမဲ့ သံလိုက်စက်ကွင်း အားနည်းနေတဲ့ ကူးပြောင်းကာလမှာ နေရောင်ခြည်နဲ့ အာကာသအမှုန်တွေရဲ့ သက်ရောက်မှု ပိုများလာနိုင်တာကြောင့် နည်းပညာစနစ်တချို့မှာ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။
■ သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ဖို့ ဘယ်လောက်ကြာမလဲ
■ သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခြင်းဟာ ရုတ်တရက်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တစ်ခု မဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဝင်ရိုးတွေ အပြည့်အဝ ပြောင်းပြန်ဖြစ်သွားဖို့ နှစ်ပေါင်း ၂,၀၀၀ ကနေ ၁၀,၀၀၀ အထိ ကြာနိုင်ပါတယ်။
■ ဒီကူးပြောင်းကာလအတွင်းမှာ—
■ ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ အဓိကအားကောင်းတဲ့ မြောက်-တောင် ဝင်ရိုးပုံစံ အားနည်းလာနိုင်ပါတယ်။
■ သံလိုက်စက်ကွင်းဟာ ပုံမှန်ထက် ပိုမိုရှုပ်ထွေးတဲ့ ပုံစံပြောင်းလဲသွားနိုင်ပါတယ်။
■ ကမ္ဘာ့မျက်နှာပြင်တစ်ဝန်းမှာ သံလိုက်ဝင်ရိုးငယ်တွေ အများအပြား ယာယီပေါ်ပေါက်လာနိုင်ပါတယ်။
■ နောက်ဆုံးမှာတော့ သံလိုက်စက်ကွင်းဟာ ဝင်ရိုးအသစ်တစ်ခုနဲ့ ပြန်လည်တည်ငြိမ်သွားနိုင်ပါတယ်။
Source-Wion
#World_Health
Published 26 October 2026
■ ညတိုင်း ဘယ်နှနာရီအိပ်ခဲ့လဲ၊ အိပ်ချိန်မှန်ရဲ့လား၊ အိပ်စက်မှုအရည်အသွေး ဘယ်လောက်ကောင်းလဲဆိုတာ သိနိုင်ဖို့ Smartwatch နဲ့ Sleep Tracker တွေကို အသုံးပြုနေကြသူတွေ အများကြီးရှိပါတယ်။
■ အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေ ၄၈ ရာခိုင်နှုန်းလောက်ဟာ အိပ်စက်မှုကို ခြေရာခံတိုင်းတာပေးတဲ့ ကိရိယာတွေကို အသုံးပြုဖူးကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
■ ဒါပေမဲ့ လေ့လာမှုအသစ်တစ်ခုအရ ဒီလို ကျန်းမာရေးအတွက် အသုံးဝင်တယ်လို့ ယူဆထားတဲ့ ဝတ်ဆင်အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းတွေဟာ အိပ်စက်မှုနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တချို့ကို မဖော်ပြနိုင်ဘူးလို့ သိရပါတယ်။
■ အိပ်ရေးဝဝအိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် ကိုယ့်ရဲ့အိပ်စက်မှုပုံစံကို စောင့်ကြည့်ပြီး လိုအပ်တာတွေ ပြုပြင်ဖို့ ကြိုးစားတာဟာကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။
■ ဒါပေမဲ့ Sleep Tracker တွေ မတိုင်းတာနိုင်တဲ့အချက်တွေကြောင့် ကိုယ့်ရဲ့အိပ်စက်မှုအခြေအနေကို မှားယွင်းနားလည်သွားနိုင်ပါတယ်။
■ အထူးသဖြင့် အိပ်မပျော်တဲ့ရောဂါ (Insomnia) လို ပြဿနာတွေကို စောစီးစွာ ရှာဖွေကုသနိုင်ဖို့ နှောင့်နှေးသွားစေနိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
■ Sleep Tracker က အိပ်ရေးဝတယ်လို့ပြပေမယ့် တကယ်တမ်း အိပ်ရေးမဝတာမျိုး ဖြစ်နိုင်
လူပေါင်း ၂,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ရာမှာ Sleep Tracker တွေက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေနဲ့ လူတွေကိုယ်တိုင် သူတို့ရဲ့အိပ်စက်မှုအရည်အသွေးကို ခံစားသတ်မှတ်တဲ့ ရလဒ်တွေဟာ အမြဲတမ်း ကိုက်ညီနေတာမဟုတ်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။
■ အလွယ်ပြောရရင် ကိုယ့်ရဲ့ Smartwatch က ညက အိပ်ရေးကောင်းကောင်းဝခဲ့တယ်လို့ ပြနေပေမဲ့ မနက်နိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေတာ၊ အားမရှိသလို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
■ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဝတ်ဆင်အသုံးပြုတဲ့ ကိရိယာတွေက တိုင်းတာရရှိတဲ့ အချက်အလက်တွေဟာ လူတစ်ဦးချင်းစီရဲ့ အိပ်စက်မှုအရည်အသွေးအပေါ် ခံစားသတ်မှတ်ချက် ကွာခြားမှုတွေထဲက ၂.၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိသာ ရှင်းပြနိုင်ခဲ့ပါတယ်။
■ ဆိုလိုတာက လူတစ်ဦးက သူ့ရဲ့အိပ်စက်မှုကို ကောင်းတယ်၊ မကောင်းဘူးလို့ ခံစားရတဲ့ ကွာခြားချက်တွေရဲ့ ၈၄ ရာခိုင်နှုန်းကနေ ၉၇.၅ ရာခိုင်နှုန်းအထိကို ကိရိယာတွေက တိုင်းတာထားတဲ့ အချက်အလက်တွေနဲ့ ရှင်းပြလို့မရခဲ့တာပါ။
■ ဒါကြောင့် အိပ်စက်မှုအရည်အသွေးကို နားလည်ဖို့ ကိန်းဂဏန်းတွေကိုပဲ ကြည့်နေလို့ မလုံလောက်ပါဘူး။
■ ဘာကြောင့် အိပ်ချိန်ကို မှားယွင်းတွက်ချက်နိုင်တာလဲ
■ ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတစ်ခုကတော့ ကိရိယာတွေဟာ လူတစ်ယောက်ငြိမ်ငြိမ်လေး လဲလျောင်းနေတာကို အိပ်ပျော်နေတယ်လို့ မှားယွင်းသတ်မှတ်နိုင်ခြင်း ဖြစ်ပါတယ်။
■ ဥပမာ ညဘက် အိပ်ရာဝင်ပြီး အိပ်မပျော်ဘဲ မျက်လုံးမှိတ်လျက် လဲလျောင်းနေတဲ့အချိန်၊ ဒါမှမဟုတ် ညလယ်မှာ နိုးလာပြီး ပြန်အိပ်ဖို့ ကြိုးစားနေတဲ့အချိန်တွေကို ကိရိယာက အိပ်ပျော်နေတဲ့အချိန်အဖြစ် တွက်ချက်မိနိုင်ပါတယ်။
■ လေ့လာမှုတစ်ခုမှာတော့ Sleep Tracker တွေဟာ တကယ်အိပ်ခဲ့တဲ့အချိန်ထက် မိနစ် ၃၀ ပိုများတယ်လို့ တွက်ချက်ခဲ့ပြီး အိပ်စက်မှုထိရောက်နှုန်းကိုလည်း ၈ ရာခိုင်နှုန်း ပိုမိုဖော်ပြခဲ့ပါတယ်။
■ Sleep Efficiency ဆိုတာ အိပ်ရာထဲမှာ နေခဲ့တဲ့အချိန်နဲ့ တကယ်အိပ်ပျော်ခဲ့တဲ့အချိန်တို့ရဲ့ အချိုးအစားကို ဆိုလိုတာပါ။
■ ဒီလို တိုင်းတာချက်တွေ မှားယွင်းနေရင် အိပ်စက်မှုဆိုင်ရာ ပြဿနာရှိသူတွေဟာ ကိုယ့်မှာ ဘာပြဿနာမှ မရှိဘူးလို့ ထင်သွားနိုင်ပါတယ်။ အဲဒီအတွက် ဆရာဝန်ဆီ သွားရောက်ပြသဖို့နဲ့ သင့်တော်တဲ့ ကုသမှုခံယူဖို့ နောက်ကျသွားနိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
■ ဒါဆို Sleep Tracker တွေကို မသုံးသင့်တော့ဘူးလား
■ မဟုတ်ပါဘူး။ သုတေသီတွေက Sleep Tracker တွေကို လုံးဝစွန့်ပစ်ဖို့ မပြောထားပါဘူး။
ဒီကိရိယာတွေဟာ ကိုယ့်ရဲ့အိပ်စက်မှုပုံစံကို နားလည်ဖို့ အသုံးဝင်နေဆဲပါ။
■ ဥပမာ—တစ်ညကို ဘယ်နှနာရီလောက် အိပ်ဖြစ်သလဲ။
နေ့တိုင်း အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် မှန်ကန်မှုရှိရဲ့လား။
အိပ်ချိန်ဟာ နေ့စဉ် ပုံမှန်ရှိရဲ့လား။
ကိုယ့်ရဲ့အိပ်စက်မှုအလေ့အထတွေ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာသလား။
ဒီလိုအချက်တွေကို စောင့်ကြည့်ရာမှာ Sleep Tracker တွေက အထောက်အကူပြုနိုင်ပါတယ်။
ဒါပေမဲ့ ကိရိယာက ပြသတဲ့ ကိန်းဂဏန်းတစ်ခုတည်းကို အခြေခံပြီး ကိုယ့်ရဲ့အိပ်စက်မှုကျန်းမာရေးကို အဆုံးအဖြတ်မပေးသင့်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။
Source- New York Post
#World_Health
Published 25 October 2026
■ အစားအစာတွေထဲမှာ ဘယ်ဟာတွေက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ၊ ဘယ်အစားအစာတွေက အာဟာရတန်ဖိုးနည်းပါးလဲဆိုတာကို လေ့လာမှုအသစ်တစ်ခုက အဆင့်သတ်မှတ်ဖော်ပြလိုက်ပါတယ်။
■ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်အားလုံးဟာ အာဟာရတန်ဖိုး တူညီကြတာမဟုတ်ဘူးဆိုတာပါပဲ။
■ ကျွန်တော်တို့အများစုဟာ သစ်သီးအားလုံးက ကျန်းမာရေးအတွက်ကောင်းတယ်၊ ဟင်းသီးဟင်းရွက်အားလုံးက အကျိုးရှိတယ်လို့ ယူဆလေ့ရှိကြပါတယ်။ အစားအစာထုပ်ပိုးမှုမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတဲ့ အမှတ်အသားလေးတွေ ပါလာရင် ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုလို့ ထင်တတ်ကြပါတယ်။
■ ဒါပေမဲ့ လေ့လာမှုအသစ်တစ်ခုအရ အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို အဲဒီလောက်ရိုးရိုးရှင်းရှင်း ခွဲခြားလို့မရဘူးဆိုတာတွေ့ရှိခဲ့ပါတယ်။
■ သုတေသီတွေဟာ အစားအစာတွေရဲ့ ကယ်လိုရီပမာဏ ဒါမှမဟုတ် သကြားနဲ့ အဆီပါဝင်မှုတစ်ခုတည်းကိုသာ အခြေခံတာမဟုတ်ဘဲ အာဟာရတန်ဖိုးတစ်ခုလုံးနဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားတဲ့ Nutritional Value Score (NVS) လို့ခေါ်တဲ့ အာဟာရတန်ဖိုးအဆင့်သတ်မှတ်စနစ်အသစ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။
■ ဒီစနစ်အရ အစိမ်းရင့်ရောင် အရွက်ဟင်းသီးဟင်းရွက်တွေ၊ ကလီစာတွေ၊ ငါးနဲ့ ပင်လယ်စာတွေဟာ အာဟာရတန်ဖိုးအမြင့်ဆုံး အုပ်စုတွေထဲမှာပါဝင်ပါတယ်။
■ တစ်ဖက်မှာတော့ အချိုရည်တွေ၊ အချိုမုန့်တွေ၊ အသင့်စားခေါက်ဆွဲခြောက်တွေ၊ စက်ရုံထုတ် အလွန်အမင်းပြုပြင်ထားတဲ့ သရေစာတွေ၊ သန့်စင်ထားတဲ့ ဂျုံမှုန့်ဖြူလို အစားအစာတွေက အာဟာရတန်ဖိုး နည်းပါးတဲ့အုပ်စုမှာ ပါဝင်ခဲ့ပါတယ်။
■ အလွယ်ပြောရရင် အမျိုးအစားတူတဲ့ အစားအစာတွေဖြစ်နေရင်တောင် အာဟာရတန်ဖိုးချင်း အများကြီး ကွာခြားနိုင်ပါတယ်။ ဥပမာ ဟင်းနုနွယ်ရွက်ဟာ ဖရဲသီးထက် အာဟာရဓာတ်တချို့ ပိုမိုကြွယ်ဝနိုင်ပါတယ်။
■ အလားတူ လူအများက ပုံမှန်စားသုံးနေကျဖြစ်လို့ အာဟာရတန်ဖိုးကောင်းမယ်လို့ ယူဆထားတဲ့ ဆန်ဖြူနဲ့ သန့်စင်ထားတဲ့ ကောက်နှံထွက်ပစ္စည်းတွေဟာလည်း ထင်ထားသလောက် အာဟာရမကြွယ်ဝနိုင်ပါဘူး။
■ အာဟာရတန်ဖိုးသတ်မှတ်စနစ်အသစ် ဘာကြောင့်လိုအပ်လာတာလဲ
■ သုတေသီတွေရဲ့ အဆိုအရ လက်ရှိအသုံးပြုနေတဲ့ အစားအစာအဆင့်သတ်မှတ်စနစ်အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဓိကဖန်တီးထားတာဖြစ်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါလို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချဖို့ ရည်ရွယ်ထားတာပါ။
■ ဒါပေမဲ့ အဲဒီစနစ်တွေဟာ အစားအစာတစ်ခုမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းတွေ ဘယ်လောက်ပါဝင်သလဲဆိုတာကို အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိတတ်ပါဘူး။
■ ဒါ့အပြင် အစားအစာထဲက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ဘယ်လောက်အထိ စုပ်ယူအသုံးချနိုင်သလဲဆိုတဲ့ ကွာခြားချက်တွေကိုလည်း အမြဲတမ်း ထည့်သွင်းတွက်ချက်ထားတာ မဟုတ်ပါဘူး။
■ ဒီအချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကယ်လိုရီနည်းတယ်၊ သကြားနည်းတယ်ဆိုတာနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝရရှိမယ်လို့ မဆိုလိုပါဘူး။
■ တစ်ဖက်မှာလည်း ကယ်လိုရီအနည်းငယ်ပိုများတဲ့ အစားအစာတစ်ခုဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။
■ အာဟာရတန်ဖိုးနည်းပါးတဲ့ အစားအစာတွေက ဘာတွေလဲ
■ လေ့လာမှုမှာ အာဟာရတန်ဖိုးနည်းပါးတဲ့ အစားအစာတွေထဲမှာ အချိုရည်တွေ၊ အားဖြည့်အချိုရည် Gatorade၊ ကိုလာအချိုရည်၊ ဆန်ပြုတ်၊ အသင့်စားခေါက်ဆွဲခြောက်၊ စက်ရုံထုတ် အချိုနဲ့ အငန်သရေစာတွေ၊ အုန်းသီးနဲ့ ဆန်ဖြူထွက်ပစ္စည်းတွေ ပါဝင်ခဲ့ပါတယ်။
■ သန့်စင်ထားတဲ့ ကောက်နှံထွက်ပစ္စည်းတွေကိုလည်း အာဟာရတန်ဖိုးနည်းပါးတဲ့ အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။
■ ဒါပေမဲ့ ဒီအဆင့်သတ်မှတ်ချက်ဟာ အဲဒီအစားအစာတွေကို လုံးဝမစားသင့်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အဓိကဆိုလိုတာက အစားအစာတစ်ခုချင်းစီကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်ပမာဏနဲ့ အာဟာရသိပ်သည်းဆတို့ ကွာခြားနေတယ်ဆိုတာပါပဲ။
■ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အားလုံး အာဟာရတန်ဖိုးတူညီတာမဟုတ်
■ ဒီလေ့လာမှုရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အချက်တစ်ခုကတော့ “သစ်သီး” ဒါမှမဟုတ် “ဟင်းသီးဟင်းရွက်” ဆိုတဲ့ အုပ်စုကြီးတစ်ခုတည်းနဲ့ အာဟာရတန်ဖိုးကို တိုင်းတာဖို့ မလုံလောက်ဘူးဆိုတာပါပဲ။
■ ဥပမာ မာလကာသီးရဲ့ အာဟာရတန်ဖိုးဟာ ဖရဲသီးထက် သိသိသာသာ မြင့်မားခဲ့ပါတယ်။ အလားတူ ဟင်းနုနွယ်ရွက်ဟာ ခရမ်းသီးထက် အာဟာရတန်ဖိုး ပိုမိုမြင့်မားခဲ့ပါတယ်။
■ ဒါဟာ ဖရဲသီးနဲ့ ခရမ်းသီးတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဓိကကတော့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ အခြားအာဟာရဓာတ်တွေကို ပိုမိုရရှိချင်တယ်ဆိုရင် အစားအစာရွေးချယ်မှုက အရေးကြီးတယ်ဆိုတာပါပဲ။
■ လူအများအတွက်လည်း ဒီအချက်က သတိပြုစရာဖြစ်ပါတယ်။ သစ်သီးနည်းနည်းစားတယ်၊ ဟင်းသီးဟင်းရွက်နည်းနည်းစားတယ်ဆိုတာ ကောင်းမွန်တဲ့ အစပြုမှုဖြစ်ပေမဲ့ ဘယ်သစ်သီး၊ ဘယ်ဟင်းသီးဟင်းရွက်ကို ရွေးချယ်စားသုံးသလဲဆိုတာကလည်း အရေးပါပါတယ်။
■ နေ့စဉ်စားသောက်မှုအတွက် ဘာတွေ မှတ်သားထားသင့်သလဲ
■ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ပုံစံတစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။
■ အစိမ်းရင့်ရောင် အရွက်ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ ဥပမာ ဟင်းနုနွယ်ရွက်နဲ့ အခြားအစိမ်းရင့်ရောင် အရွက်ဟင်းသီးဟင်းရွက်တွေ။
■ ငါးနဲ့ ဥတွေကို သင့်တင့်မျှတစွာ စားသုံးပါ။ ပရိုတင်းနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိစေနိုင်ပါတယ်။
■ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကို စားပါ။ အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ ရရှိနိုင်ပါတယ်။
■ သကြားပါဝင်မှုများတဲ့ အချိုရည်တွေနဲ့ စက်ရုံထုတ်သရေစာတွေကို လျှော့စားပါ။
■ အစားအစာကို သဘာဝအတိုင်း ဒါမှမဟုတ် အနည်းငယ်သာ ပြုပြင်ထားတဲ့ ပုံစံကို ဦးစားပေးပါ။
■ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားစုံလင်အောင် စားပါ။ အာဟာရဓာတ်တစ်မျိုးတည်းကို အလွန်အကျွံရရှိဖို့ထက် အာဟာရမျိုးစုံ မျှတစွာရရှိဖို့က ပိုအရေးကြီးပါတယ်။
■ ယနေ့ခေတ်မှာ အစားအစာကြော်ငြာတွေနဲ့ ထုပ်ပိုးမှုအပေါ်က ကျန်းမာရေးဆိုင်ရာ စာသားတွေကို နေ့စဉ်မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ အစားအစာတစ်ခုကို ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ဖော်ပြထားရုံနဲ့ အခြားအစားအစာတွေနဲ့ အာဟာရတန်ဖိုးတူညီတယ်လို့ မဆိုနိုင်ပါဘူး။
Source- The Jerusalem Post
#World_Health
Published 25 October 2026
အားဆေးတွေ အများကြီးသောက်နေတာက အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတာ သိထားပါသလား။
■ အားဆေးတွေ၊ ဗီတာမင်တွေ၊ ဆေးဖက်ဝင်အပင်က ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေကို ကျန်းမာရေးကောင်းဖို့အတွက် သောက်သုံးကြပါတယ်။ ဒါပေမဲ့ အားဆေးတွေကို တစ်မျိုးပြီးတစ်မျိုး အများကြီး တွဲသောက်နေတယ်ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။
■ ဘာကြောင့်လဲဆိုတော့ ကိုယ်သောက်သုံးလိုက်တဲ့ ပစ္စည်းတွေကို ခန္ဓာကိုယ်က ချေဖျက်ပြီး စီမံလုပ်ဆောင်နိုင်ဖို့ အသည်းက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါ။
■ အထူးသဖြင့် ဆေးဖက်ဝင်အပင်က ထုတ်ထားတဲ့ အားဆေးတွေ၊ ပမာဏအများကြီးပါတဲ့ ဖြည့်စွက်စာတွေ၊ ပါဝင်ပစ္စည်းအမျိုးမျိုး ရောစပ်ထားတဲ့ ထုတ်ကုန်တွေကို အလွန်အကျွံသောက်မိရင် အသည်းဆဲလ်တွေကို ထိခိုက်စေနိုင်ပြီး အသည်းရောင်ရမ်းတာ၊ ဆေးကြောင့် အသည်းပျက်စီးတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။
■ ၁။ အားဆေးတွေ အများကြီးသောက်ရင် အသည်းကိုဘာကြောင့်ထိခိုက်နိုင်တာလဲ။
■ အသည်းက အလုပ်ပိုလုပ်ရနိုင်တယ်
■ အသည်းဟာ ကိုယ်ထဲဝင်လာတဲ့ ဆေးဝါးနဲ့ ဓာတုပစ္စည်းအများအပြားကို ချေဖျက်ပြောင်းလဲပေးတဲ့ အရေးကြီးတဲ့အင်္ဂါပါ။ ဖြည့်စွက်စာတွေကို အမျိုးမျိုး၊ ပမာဏများများ သောက်သုံးတဲ့အခါ အဲဒီထဲက ပါဝင်ပစ္စည်းတချို့နဲ့ ၎င်းတို့ရဲ့ ချေဖျက်ပြီးထွက်လာတဲ့ ပစ္စည်းတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။
■ အားဆေးတိုင်းက ဘေးကင်းတယ်လို့ မဆိုနိုင်ဘူး
■ အမေရိကန်နိုင်ငံမှာ ဖြည့်စွက်စာတွေဟာ ဆေးဝါးတွေလို ဈေးကွက်မတင်မီ FDA ရဲ့ ထိရောက်မှုနဲ့ ဘေးကင်းမှုစစ်ဆေးအတည်ပြုချက်ကို အမြဲရယူရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ထုတ်ကုန်တိုင်းရဲ့ အရည်အသွေးနဲ့ ဘေးကင်းမှုကို တူညီတယ်လို့ မယူဆသင့်ပါဘူး။
ပါဝင်ပစ္စည်းတွေ မှားယွင်းနေနိုင်တယ်
■ တချို့ဖြည့်စွက်စာတွေမှာ အညွှန်းပေါ်က ပမာဏနဲ့ တကယ်ပါဝင်တဲ့ပမာဏ မတူတာ၊ မလိုလားအပ်တဲ့ ဓာတုပစ္စည်းတွေ၊ သတ္တုအဆိပ်အတောက်တွေ ဒါမှမဟုတ် ကြေညာမထားတဲ့ ဆေးဝါးပစ္စည်းတွေ ပါဝင်နေတာမျိုး ရှိနိုင်ပါတယ်။
■ သောက်နေတဲ့ဆေးတွေနဲ့ ဓာတ်ပြုနိုင်တယ်
■ အားဆေးတချို့ဟာ ဆရာဝန်ပေးထားတဲ့ ဆေးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ အဲဒီအခါ သောက်နေတဲ့ဆေးရဲ့ အာနိသင် လျော့သွားတာ၊ များသွားတာ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်လာတာမျိုး ကြုံတွေ့နိုင်ပါတယ်။
■ ၂။ အသည်းကို ထိခိုက်စေနိုင်တဲ့ ဖြည့်စွက်စာတွေ
■ အောက်ပါပစ္စည်းတွေဟာ အချို့လူတွေမှာ အသည်းထိခိုက်မှုနဲ့ ဆက်စပ်တွေ့ရှိထားတာကြောင့် သတိထားသင့်ပါတယ်။
■ Turmeric / Curcumin — နနွင်းကနေ ထုတ်ယူထားတဲ့ ဖြည့်စွက်စာတွေ၊ အထူးသဖြင့် ပမာဏမြင့်တဲ့ ထုတ်ကုန်တွေ။
■ Green Tea Extract — လက်ဖက်စိမ်းအနှစ်ကို အလွန်စူးစိုက်ထားတဲ့ ထုတ်ကုန်တွေ။
■ Ashwagandha — စိတ်ဖိစီးမှုလျှော့ချဖို့၊ အိပ်စက်မှုကောင်းစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ သောက်သုံးကြတဲ့ ဆေးဖက်ဝင်အပင်ဖြည့်စွက်စာ။
■ Black Cohosh — အမျိုးသမီးတွေရဲ့ သွေးဆုံးချိန်လက္ခဏာတွေအတွက် အသုံးပြုကြတဲ့ ဆေးဖက်ဝင်အပင်။
■ Garcinia Cambogia — ဝိတ်ချဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတချို့မှာ ပါဝင်တတ်တဲ့ အပင်အနှစ်။
■ Kava နဲ့ Kratom — သက်သာအပန်းပြေစေဖို့ ဒါမှမဟုတ် တခြားအာနိသင်တွေအတွက် အသုံးပြုကြတဲ့ အပင်ထွက်ပစ္စည်းတွေ။
■ Red Yeast Rice — ကိုလက်စထရောလျှော့ချဖို့ အသုံးပြုကြတဲ့ ဖြည့်စွက်စာ။
■ Anabolic Steroids နဲ့ Bodybuilding Formulas — ကြွက်သားတက်ဖို့၊ ခန္ဓာကိုယ်ပုံစံပြောင်းဖို့ ရည်ရွယ်ထားတဲ့ ထုတ်ကုန်တချို့။
■ ဒီပစ္စည်းတွေကို သောက်သူတိုင်း အသည်းပျက်စီးမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အချို့ထုတ်ကုန်တွေမှာ အသည်းထိခိုက်မှု ဖြစ်နိုင်ခြေရှိပြီး ပမာဏ၊ သောက်သုံးချိန်နဲ့ တစ်ဦးချင်းကျန်းမာရေးအခြေအနေအလိုက် ကွာခြားနိုင်ပါတယ်။
■ သာမန်ပမာဏအတိုင်း သောက်သုံးတဲ့ Multivitamin၊ Fish Oil နဲ့ Vitamin D တို့ဟာ လူအများစုအတွက် ယေဘုယျအားဖြင့် ဘေးကင်းတတ်ပါတယ်။
■ ဒါပေမဲ့ လိုအပ်တာထက် ပိုသောက်တာ၊ ထုတ်ကုန်အများကြီးထဲမှာ ပါဝင်ပစ္စည်းတွေ ထပ်နေပြီး ပမာဏများသွားတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။
■ ဥပမာ Vitamin A လို အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေ အလွန်အကျွံ စုဆောင်းမိရင် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။
■ ၃။ အသည်းထိခိုက်နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ။
■ အသည်းထိခိုက်မှုဟာ အစပိုင်းမှာ ဘာလက္ခဏာမှ မပြတာမျိုး ရှိနိုင်ပါတယ်။ တချို့လူတွေမှာတော့ အောက်ပါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။
အမြဲလိုလို ပင်ပန်းနွမ်းနယ်နေခြင်း
■ ပျို့အန်ချင်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း
■ အသားဝါခြင်း၊ မျက်လုံးအဖြူသား ဝါလာခြင်း
■ ဆီးအရောင် ညိုမည်းလာခြင်း
■ ဝမ်းအရောင် ဖျော့လာခြင်း
■ တစ်ကိုယ်လုံး ယားယံခြင်း
■ ဒီလက္ခဏာတွေဟာ အသည်းပြဿနာကြောင့်ပဲ ဖြစ်တယ်လို့ အတိအကျ မပြောနိုင်ပေမဲ့ ဖြည့်စွက်စာသောက်ပြီးနောက် ပေါ်လာတယ်ဆိုရင်တော့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။
■ အသားဝါတာ၊ ဆီးအရောင်ညိုမည်းတာ၊ ဗိုက်အရမ်းနာတာ၊ အန်တာမရပ်တာ ဒါမှမဟုတ် သတိရှုပ်ထွေးလာတာတွေရှိရင် အရေးပေါ် ဆေးကုသမှုခံယူပါ။
■ ၄။ အားဆေးတွေ အများကြီးသောက်နေတယ်ဆိုရင် ဘာလုပ်သင့်လဲ။
■ ၁။ အသည်းထိခိုက်မှုလို့ သံသယရှိရင် သောက်နေတဲ့ မလိုအပ်တဲ့ ဖြည့်စွက်စာတွေကို ရပ်ထားပြီး ဆေးကုသမှုခံယူပါ။ ဆရာဝန်ညွှန်ကြားထားတဲ့ အရေးကြီးဆေးတွေကိုတော့ ကိုယ့်သဘောနဲ့ မရပ်ဘဲ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
■ ၂။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးစစ်ဆေးမှုတွေ လုပ်ပါ။ ALT နဲ့ AST လို အသည်းဆဲလ်ထိခိုက်မှု
ကို စစ်ဆေးတဲ့ သွေးစစ်ချက်တွေအပြင် လိုအပ်ရင် Bilirubin နဲ့ တခြားအသည်းဆိုင်ရာ စစ်ဆေးမှုတွေကိုလည်း လုပ်နိုင်ပါတယ်။
■ ၃။ သောက်နေတဲ့ အားဆေးအားလုံးကို ဆရာဝန်ကို ပြပါ။ ဆေးဘူးတွေ၊ ပါဝင်ပစ္စည်းစာရင်းနဲ့ တစ်နေ့ဘယ်လောက်သောက်တယ်ဆိုတာကို ပြောပြပါ။ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူက ဆေးတွေအချင်းချင်း ဓာတ်ပြုနိုင်ခြေကို စစ်ဆေးပေးနိုင်ပါတယ်။
■ ၄။ အားဆေးတွေကို များများသောက်လေ ပိုကျန်းမာလေလေဆိုပြီး မယူဆပါနဲ့။ တကယ်လိုအပ်တဲ့ ဖြည့်စွက်စာကို သင့်တော်တဲ့ပမာဏနဲ့ သောက်သုံးတာက ပိုအရေးကြီးပါတယ်။
Source-Liver UK
#World_Health
Published 24 October 2026
■ အဆီဆိုတာနဲ့ လူတော်တော်များများက ဝိတ်တက်တာ၊ ဗိုက်ပူတာ၊ ခန္ဓာကိုယ်မလှတာတွေကိုပဲ အရင်ဆုံး ပြေးမြင်တတ်ကြပါတယ်။
■ ဒါကြောင့်လည်း အဆီတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့၊ ကြွက်သားတွေပေါ်လွင်နေအောင် အဆီကိုအနည်းဆုံးအထိ ချဖို့ကြိုးစားလာကြပါတယ်။
■ ဒါပေမဲ့ တကယ်တမ်းမှာတော့ ခန္ဓာကိုယ်အဆီဆိုတာ ဖယ်ရှားပစ်ရမယ့်အရာသက်သက် မဟုတ်ပါဘူး။ အသက်ရှင်နေထိုင်ဖို့နဲ့ ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်နိုင်ဖို့ အဆီက မရှိမဖြစ်လိုအပ်ပါတယ်။
■ အဆီအရမ်းများနေရင်လည်း ကျန်းမာရေးအတွက် မကောင်းသလို၊ အဆီအရမ်းနည်းသွားရင်လည်း ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ အရေးကြီးတာက အဆီကိုလုံးဝဖယ်ရှားပစ်ဖို့ မဟုတ်ဘဲ ကိုယ့်ခန္ဓာကိုယ်နဲ့ သင့်တော်တဲ့ပမာဏရှိနေဖို့ပါပဲ။
■ ၁။ ခန္ဓာကိုယ်အဆီက ဘာကြောင့် အရေးကြီးတာလဲ။
■ အဆီကိုအဓိကအားဖြင့် နှစ်မျိုးခွဲကြည့်လို့ရပါတယ်။
■ စားသုံးတဲ့အဆီ (Dietary Fat) — ဆီ၊ ထောပတ်၊ အခွံမာသီးနဲ့ တခြားအစားအစာတွေကနေ ရရှိတဲ့အဆီပါ။
■ ခန္ဓာကိုယ်ထဲကအဆီ (Body Fat) — ခန္ဓာကိုယ်က အသုံးမပြုသေးတဲ့ စွမ်းအင်တွေကို အဆီအဖြစ် သိုလှောင်ထားတာပါ။
■ ကိုယ်စားလိုက်တဲ့ အစားအစာတွေကနေ စွမ်းအင်ရရှိပါတယ်။ လိုအပ်တာထက် ပိုစားမိပြီး ရရှိတဲ့စွမ်းအင်က သုံးစွဲတဲ့စွမ်းအင်ထက် များနေတဲ့အခါ ပိုနေတဲ့စွမ်းအင်တချို့ကို ခန္ဓာကိုယ်က အဆီအဖြစ်သိုလှောင်ထားပါတယ်။
■ ဒီအဆီတွေဟာ အရေးပေါ်အချိန်မှာ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်သိုလှောင်ရုံလိုပါပဲ။ အစားအစာမလုံလောက်တဲ့အချိန်၊ နာမကျန်းဖြစ်တဲ့အချိန်တွေမှာ ခန္ဓာကိုယ်က ဒီသိုလှောင်ထားတဲ့ စွမ်းအင်ကို ပြန်အသုံးပြုနိုင်ပါတယ်။
■ ဒါကြောင့် အဆီဆိုတာ ခန္ဓာကိုယ်ထဲမှာ အပိုရှိနေတဲ့အရာသက်သက် မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းညှိပေးနေတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
■ ၂။ အဆီက ဟော်မုန်းတွေ ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ထိန်းညှိပေးတယ်
■ ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေဟာ စွမ်းအင်သိုလှောင်ပေးရုံတင် မဟုတ်ပါဘူး။ ဟော်မုန်းတွေလည်း ထုတ်ပေးပါတယ်။
■ အဲဒီထဲမှာ အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးကတော့ Leptin ပါ။
■ Leptin ဟော်မုန်းက ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဘယ်လောက် သိုလှောင်ထားလဲဆိုတာကို ဦးနှောက်ဆီ အသိပေးပါတယ်။
■ စွမ်းအင်လုံလောက်နေတယ်ဆိုတာ သိရတဲ့အခါ ခန္ဓာကိုယ်က မျိုးပွားမှု၊ ကိုယ်ခံအားစနစ်နဲ့ တခြားအရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
■ ဒါပေမဲ့ ခန္ဓာကိုယ်အဆီ အလွန်နည်းသွားရင် ဦးနှောက်ကစွမ်းအင်မလုံလောက်တော့ဘူးလို့ ယူဆလာနိုင်ပါတယ်။
■ အဲဒီအခါ ခန္ဓာကိုယ်က အသက်ရှင်နေထိုင်ဖို့ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာတွေကို ဦးစားပေးပြီး တချို့လုပ်ငန်းဆောင်တာတွေကို လျှော့ချလာနိုင်ပါတယ်။
■ ၃။ အဆီက ခန္ဓာကိုယ်ကို နွေးထွေးနေစေတယ်
■ ခန္ဓာကိုယ်အဆီရဲ့ နောက်ထပ်အရေးကြီးတဲ့ အလုပ်တစ်ခုက အပူချိန်ကို ထိန်းညှိပေးတာပါ။
အရေပြားအောက်မှာရှိတဲ့ အဆီတွေက အပူဆုံးရှုံးမှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်ကို နွေးထွေးနေစေပါတယ်။
■ ဒါ့အပြင် အညိုရောင်အဆီ နဲ့ Beige Fat လို့ခေါ်တဲ့ အဆီအမျိုးအစားတွေမှာ စွမ်းအင်ကို အသုံးပြုပြီး အပူထုတ်ပေးနိုင်တဲ့ ဆဲလ်တွေရှိပါတယ်။
■ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ထိန်းထားနိုင်ပါတယ်။
■ ၄။ အဆီအရမ်းနည်းသွားရင် ဘာတွေဖြစ်လာနိုင်လဲ။
■ အဆီများလွန်းတာက နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
■ ဒါပေမဲ့ အဆီကို အလွန်အကျွံလျှော့ချတာကလည်း အန္တရာယ်ရှိပါတယ်။
■ အထူးသဖြင့် အစားအစာကို အလွန်အမင်းလျှော့စားပြီး ကယ်လိုရီအလွန်နည်းအောင် လုပ်တဲ့အခါ ခန္ဓာကိုယ်မှာ လိုအပ်တဲ့စွမ်းအင်နဲ့ အာဟာရတွေ မလုံလောက်တော့ပါဘူး။
■ အဲဒီအခါ -
ကိုယ်ခံအားကျဆင်းလာနိုင်တယ်။ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်း ထိခိုက်လာနိုင်ပါတယ်။
ကြွက်သားတွေ ပြိုကွဲလာနိုင်တယ်။ စွမ်းအင်မလုံလောက်တော့တဲ့အခါ ခန္ဓာကိုယ်က ကြွက်သားတွေကိုပါ အသုံးပြုလာနိုင်ပါတယ်။
■ အရိုးတွေ အားနည်းလာနိုင်တယ်။ အရိုးတည်ဆောက်မှုနဲ့ ပြန်လည်ပြုပြင်မှုတွေ ထိခိုက်လာနိုင်လို့ အရိုးကျိုးလွယ်တာမျိုး ဖြစ်နိုင်ပါတယ်။
■ ဟော်မုန်းတွေ မညီမျှဖြစ်လာနိုင်တယ်။ အမျိုးသားတွေမှာ Testosterone ဟော်မုန်း ကျဆင်းနိုင်ပြီး အားအင်နဲ့ ကိုယ်လက်စွမ်းဆောင်ရည်လည်း လျော့ကျနိုင်ပါတယ်။
■ အမျိုးသမီးတွေမှာ ရာသီမမှန်တာ၊ ရာသီလုံးဝရပ်သွားတာမျိုး ဖြစ်နိုင်တယ်။
■ အထူးသဖြင့် အားကစားအပြင်းအထန်လုပ်ပြီး အစားအသောက်ကနေ စွမ်းအင်မလုံလောက်တဲ့သူတွေမှာ ပိုတွေ့နိုင်ပါတယ်။
■ ခန္ဓာကိုယ်အဆီ အလွန်နည်းသွားရင် အရေးပေါ်နာမကျန်းဖြစ်တဲ့အချိန်မှာ အသုံးပြုနိုင်မယ့် စွမ်းအင်အရန်လည်းနည်းသွားပါတယ်။
■ ဒါကြောင့် ပြင်းထန်တဲ့ရောဂါတစ်ခုခု ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က ပြန်လည်နာလန်ထူဖို့ ပိုခက်ခဲနိုင်ပါတယ်။
■ အလွန်အမင်း အစားလျှော့စားပြီး ကိုယ်အလေးချိန်ကျအောင်လုပ်တဲ့ အခြေအနေတွေဟာ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။
Source-Bbc
Page 8 of 1250