#World_Health
Published 29 October 2026
■ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်မဟာ ညအိပ်ရာဝင်ခါနီးတိုင်း မဂ္ဂနီဆီယမ်ဆေးပြားလေး နှစ်ပြားသောက်လာခဲ့တယ်။
■ ကျွန်မမှာ ADHD ရှိတယ်။ အိပ်မပျော်တာနဲ့ အိပ်ရေးမဝတာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး အင်တာနက်မှာ ရှာဖွေရင်း မဂ္ဂနီဆီယမ်အကြောင်း သိလာခဲ့တာပါ။
■ ကျွန်မသောက်နေတဲ့ ဖြည့်စွက်စာဆိုလို့ ဒါတစ်မျိုးပဲရှိပြီး အခုတော့ တကယ်ကိုအားကိုးနေရတဲ့အထိဖြစ်လာတယ်။
■ ဒါပေမဲ့ မဂ္ဂနီဆီယမ်က အိပ်စက်မှုကို ကောင်းမွန်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေက အခုအချိန်အထိ သိပ်ခိုင်မာမှုမရှိသေးဘဲ နောက်ထပ်သုတေသနတွေ လိုအပ်နေတယ်ဆိုတာလည်း သတိပြုဖို့လိုပါတယ်။
■ ၂၀၂၂ ခုနှစ်မှာ လူပေါင်း ၃,၉၆၄ ယောက်ကို လေ့လာခဲ့တဲ့ သုတေသနတစ်ခုအရ မဂ္ဂနီဆီယမ်သောက်သုံးခြင်းဟာ အိပ်စက်မှုအရည်အသွေး ပိုကောင်းလာခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က လေ့လာမှုတစ်ခုမှာလည်း အလားတူ တွေ့ရှိခဲ့ပါတယ်။
■ ဒါကြောင့် အခုဆို ခရီးသွားရင်တောင် ကိုယ်လိုအပ်မယ့် မဂ္ဂနီဆီယမ်ဆေးပမာဏကို တိတိကျကျ ထည့်သွားတယ်။ မပါဘဲနဲ့ ဘယ်မှမသွားချင်တော့ဘူး။
■ ဒါပေမဲ့ ထူးဆန်းတဲ့ ဘေးထွက်အကျိုးဆက်တစ်ခုတော့ ရှိလာတယ်။
■ ကျွန်မမက်တဲ့ အိပ်မက်တွေက လုံးဝကို ထူးဆန်းပြီး အသက်ဝင်လွန်းလာတယ်။
■ အိပ်မက်တွေက ပိုပိုပြီး အသေးစိတ်ကျလာတယ်။ နိုးလာတဲ့အခါ တကယ်ဖြစ်ခဲ့တာလား၊ အိပ်မက်မက်ခဲ့တာလားဆိုတာတောင် မသေချာတော့ဘူး။
■ တချို့အိပ်မက်တွေက သာမန်ပါပဲ။ ဥပမာကိုယ့်ချစ်သူက ကော်ဖီဖျော်ပေးနေတာမျိုးပေါ့။
တချို့ကျတော့ ထူးဆန်းတယ်။
■ အမြဲတမ်း တစ်ကိုယ်တည်းဖြစ်နေတဲ့ ကိုယ့်သူငယ်ချင်းက ရုတ်တရက် လက်ထပ်သွားတာမျိုး၊ ဒါမှမဟုတ် လက်မှာဝတ်ထားတဲ့ စိန်လက်စွပ်အသစ်က ပန်းချီဆရာSalvador Dalí ရဲ့ ပန်းချီကားထဲကလို ပုံပျက်ပြီး အရည်ပျော်သွားတာမျိုးတွေပါ။
■ ကျွန်မ အရင်က SSRI အမျိုးအစား စိတ်ကျရောဂါကုဆေးတွေ သောက်ဖူးတယ်။ အဲဒီတုန်းကလည်း Sertraline ဆေးကြောင့် အိပ်မက်တွေ အရမ်းပြင်းထန်ခဲ့ဖူးတယ်။
■ ဒါကြောင့် မဂ္ဂနီဆီယမ်ကြောင့်လည်း အလားတူဖြစ်နိုင်မလားလို့ စဉ်းစားမိလာတယ်။
■ “အိပ်မက်တွေက တကယ့်ကို ရူးလောက်အောင် ထူးဆန်းတယ်”
■ ဒီအကြောင်းကို အင်တာနက်မှာ ရှာကြည့်တော့ မဂ္ဂနီဆီယမ်သောက်ပြီး အလားတူအတွေ့အကြုံတွေ ကြုံနေရတဲ့သူတွေ အများကြီးရှိနေတာကို တွေ့ခဲ့ရတယ်။
■ သူတို့က ဒီလိုအိပ်မက်တွေကို “Magnesium Dreams” လို့တောင် ခေါ်ကြတယ်။
Reddit မှာလည်း ဒီအကြောင်း ဆွေးနွေးတဲ့ အဖွဲ့တစ်ခုရှိတယ်။
■ အသုံးပြုသူတစ်ယောက်က ဆရာဝန်ညွှန်ကြားချက်နဲ့ ကြွက်သားပြန်လည်နာလန်ထူဖို့ မဂ္ဂနီဆီယမ်သောက်ခဲ့ပြီးနောက် အခုလို ရေးသားခဲ့တယ်။
■ “အိပ်ပျော်တာတော့ ကောင်းလာတယ်။ ဒါပေမဲ့ အိပ်မက်တွေကတော့ တကယ့်ကို ကြမ်းတမ်းလွန်းတယ်။ တစ်ခါတလေ စိတ်ထဲမှာ အတော်လေး ထိခိုက်ရတယ်။”
■ နောက်တစ်ယောက်ကလည်း အိပ်ရေးကောင်းဖို့ Magnesium Glycinate ကို သောက်ခဲ့ပေမဲ့ သူ့ဘဝမှာ အဆိုးရွားဆုံး အိပ်မက်ဆိုးကို မက်ခဲ့ရတယ်လို့ ဆိုပါတယ်။
■ သူက အဲဒီအိပ်မက်ကို“ကိုယ်တိုင်ဇာတ်ကောင်အဖြစ်ပါဝင်နေရတဲ့ သရဲကားတစ်ကား ကြည့်နေရသလိုပဲ”လို့ ဖော်ပြခဲ့ပါတယ်။
■ နောက်ဆုံးမှာတော့ အဲဒီဆေးကို ဆက်မသောက်နိုင်တော့လို့ ရပ်လိုက်ရတယ်လို့ ဆိုပါတယ်။
■ မဂ္ဂနီဆီယမ်သောက်ရင် ဘာကြောင့် အိပ်မက်တွေ ထူးဆန်းလာတာလဲ။
■ NHS ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Zoe Williams က မဂ္ဂနီဆီယမ်ဟာ အိပ်မက်တွေကို တိုက်ရိုက်ထူးဆန်းစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား လုံလောက်စွာ မရှိသေးဘူးလို့ ရှင်းပြပါတယ်။
■ ဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတချို့ကိုတော့ သူမကအခုလိုရှင်းပြထားပါတယ်။
■ “မဂ္ဂနီဆီယမ်ဟာ အာရုံကြောစနစ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပြီး ခန္ဓာကိုယ်ကို အနားယူအပန်းဖြေနိုင်အောင် ကူညီပေးနိုင်ပါတယ်။
■ အိပ်စက်မှုအပေါ် မဂ္ဂနီဆီယမ်ရဲ့ သက်ရောက်မှုနဲ့ပတ်သက်တဲ့ သုတေသနတွေက အခုထိ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။
■ မဂ္ဂနီဆီယမ်ကြောင့် သင်ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာတယ်ဆိုရင် အိပ်မက်တွေကို ပိုပြီးသတိထားမိလာတာ၊ ဒါမှမဟုတ် နိုးလာတဲ့အခါ အိပ်မက်တွေကို ပိုပြီးရှင်းရှင်းလင်းလင်း မှတ်မိလာတာမျိုး ဖြစ်နိုင်ပါတယ်။”
■ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ အထူးသဖြင့် စိတ်ဖိစီးမှုများနေတဲ့အခါ၊ ဒါမှမဟုတ် အိပ်ရေးပျက်တာ ကြာလာတဲ့အခါ ဖြစ်တတ်တဲ့ REM Rebound ဆိုတဲ့ ဖြစ်စဉ်ပါ။
■ ဒေါက်တာ Zoe က အဲဒီအကြောင်းကို အခုလိုရှင်းပြပါတယ်။
■ “အိပ်စက်မှု ပုံမှန်မဟုတ်တာ၊ ဒါမှမဟုတ် အိပ်ရေးမဝတာတွေ ဖြစ်ခဲ့ပြီးနောက် ခန္ဓာကိုယ်က ပြန်လည်နာလန်ထူလာတဲ့အချိန်မှာ REM အိပ်စက်မှုအဆင့်မှာ ပိုကြာကြာ နေနိုင်ပါတယ်။”
■ REM အိပ်စက်မှုဆိုတာ အိပ်မက်တွေ မက်လေ့ရှိတဲ့ အိပ်စက်မှုအဆင့်တစ်ခု ဖြစ်ပါတယ်။
အဓိကဆိုလိုရင်း မဂ္ဂနီဆီယမ်သောက်လို့ အိပ်မက်ဆိုးတွေ မက်တယ်ဆိုတာကို လက်ရှိသိပ္ပံပညာက အတည်မပြုနိုင်သေးပါဘူး။
■ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့
အိပ်စက်မှု ပိုကောင်းလာတဲ့အတွက် အိပ်မက်တွေကို ပိုမှတ်မိလာတာ။
အိပ်ရေးပျက်ခဲ့ပြီးနောက် REM အိပ်စက်မှု ပြန်လည်တိုးလာတာ။
မဂ္ဂနီဆီယမ်အပြင် တခြားဆေးဝါးတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အိပ်စက်မှုပုံစံ ပြောင်းလဲမှုတွေကြောင့် ဖြစ်တာ။
■ သတိပြုရန်။ မဂ္ဂနီဆီယမ်သောက်ပြီးနောက် အိပ်မက်ဆိုးတွေ မကြာခဏမက်လာတာ၊ အိပ်ရေးပျက်လာတာ၊ နေ့စဉ်ဘဝကို ထိခိုက်လာတာမျိုးရှိရင် သောက်သုံးနေတဲ့ ပမာဏနဲ့ ဆေးအမျိုးအစားကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။
Source-Metro