#World_Health
Published 26 October 2026

■ ကမ္ဘာ့သံလိုက်စက်ကွင်းဟာ အချိန်ကြာလာတာနဲ့အမျှ အားနည်းလာနေပြီး တစ်ချိန်ချိန်မှာ ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးနဲ့ တောင်ဝင်ရိုးတို့ နေရာချင်းပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို သံလိုက်ဝင်ရိုးပြောင်းပြန်လှန်ခြင်းလို့ခေါ်ပါတယ်။

■ နောက်ဆုံးအကြိမ် ဒီလိုဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၈၀,၀၀၀ ခန့်က ဖြစ်ပါတယ်။

■ ဒါကြောင့် ကမ္ဘာ့သံလိုက်ဝင်ရိုးတွေ မကြာခင် ပြောင်းပြန်ဖြစ်တော့မှာလား၊ ဒီဖြစ်စဉ်က ရာသီဥတုပြောင်းလဲမှုကို ပိုဆိုးစေနိုင်သလား၊ လူသားတွေအပါအဝင် သက်ရှိမျိုးစိတ်တွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းသွားစေနိုင်သလားဆိုတဲ့ မေးခွန်းတွေ ပေါ်ပေါက်လာပါတယ်။

■ သိပ္ပံပညာရှင်တွေရဲ့ လက်ရှိအထောက်အထားတွေအရတော့ သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခြင်းကြောင့် ကမ္ဘာပေါ်မှာ သက်ရှိတွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းသွားမယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။

■ ကမ္ဘာ့သံလိုက်စက်ကွင်းက ဘာကြောင့်အရေးကြီးတာလဲ

■ ကမ္ဘာ့သံလိုက်စက်ကွင်းဟာ ကမ္ဘာကို ပတ်လည်ဝန်းရံထားတဲ့ သဘာဝအကာအကွယ်တစ်ခုလိုပါပဲ။ နေကနေ ထွက်လာတဲ့ လျှပ်စစ်ဓာတ်ဆောင်အမှုန်တွေ၊ အာကာသထဲက စွမ်းအင်မြင့်အမှုန်တချို့ရဲ့ သက်ရောက်မှုကို လျှော့ချပေးပါတယ်။

■ ဒီသံလိုက်စက်ကွင်း အားနည်းလာရင် အာကာသကလာတဲ့ အမှုန်တချို့ဟာ ကမ္ဘာ့လေထုထဲကို ပိုမိုဝင်ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် သံလိုက်စက်ကွင်း အားနည်းတဲ့ဒေသတွေမှာ ဒီအကျိုးသက်ရောက်မှု ပိုသိသာနိုင်ပါတယ်။

■ သုတေသနအချို့အရ ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ dipole field ဟာ လွန်ခဲ့တဲ့ နှစ် ၁၅၀ ကနေ  ၂၀၀ အတွင်း အားနည်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်တစ်ခုတည်းနဲ့ သံလိုက်ဝင်ရိုးတွေ မကြာခင် ပြောင်းပြန်ဖြစ်တော့မယ်လို့ ကောက်ချက်ချလို့မရပါဘူး။

■ သိပ္ပံပညာရှင်တချို့က သံလိုက်စက်ကွင်း အားနည်းလာတဲ့အခါ အာကာသကလာတဲ့ စွမ်းအင်မြင့်အမှုန်တွေ ကမ္ဘာ့လေထုအတွင်း ပိုမိုဝင်ရောက်လာနိုင်ပြီး လေထုအတွင်းရှိ လျှပ်စစ်ဓာတ်ဆောင်မှုဖြစ်စဉ်တွေကို ပြောင်းလဲစေနိုင်တယ်လို့ လေ့လာထားကြပါတယ်။

■ ဒီအမှုန်တွေဟာ အောက်ပါအရင်းအမြစ်တွေကနေ လာနိုင်ပါတယ်။

■ နေကနေ အမှုန်အမြောက်အမြား ထုတ်လွှတ်တဲ့ ဖြစ်စဉ်များ
Supernovaလို့ခေါ်တဲ့ ကြယ်ပေါက်ကွဲမှုများ
အာကာသအတွင်းရှိ စွမ်းအင်မြင့်အမှုန်များ

■ ဒီအမှုန်တွေဟာ ကမ္ဘာ့လေထုနဲ့ တုံ့ပြန်တဲ့အခါ ဒုတိယဆင့် ရောင်ခြည်နဲ့ အခြားအမှုန်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် လေထုအတွင်း အိုင်ယွန်ဖြစ်ပေါ်မှု ကိုလည်း သက်ရောက်စေနိုင်ပါတယ်။

■ သီအိုရီအရ ဒီလိုပြောင်းလဲမှုတွေဟာ လေထုထဲက အမှုန်ငယ်တွေ စုပေါင်းဖွဲ့စည်းပုံနဲ့ တိမ်ဖြစ်ပေါ်မှုတို့အပေါ် သက်ရောက်နိုင်ပြီး ရာသီဥတုနဲ့ ဆက်စပ်မှုရှိမရှိကိုလည်း လေ့လာနေကြပါတယ်။

■ ဒါပေမဲ့ ဒီဖြစ်စဉ်တွေက ကမ္ဘာ့ရာသီဥတုကို သိသိသာသာ ပြောင်းလဲစေမယ်၊ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိသေးပါဘူး။

■ လက်ရှိကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းကတော့ လူသားတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးပွားလာခြင်းဖြစ်ပါတယ်။

■ သံလိုက်ဝင်ရိုးတွေ ပြောင်းပြန်ဖြစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ

■ NASA ရဲ့ ဖော်ပြချက်အရ အတိတ်က သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ကမ္ဘာပေါ်မှာ သက်ရှိမျိုးစိတ်တွေ အစုလိုက်အပြုံလိုက် မျိုးသုဉ်းခဲ့တယ်၊ ကမ္ဘာတစ်ခုလုံး ပျက်စီးသွားခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။

■ ရုပ်ကြွင်းမှတ်တမ်းတွေကို လေ့လာရာမှာလည်း သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခြင်းနဲ့ မျိုးသုဉ်းမှုကြီးတွေကြား တိုက်ရိုက်ဆက်စပ်မှုကို မတွေ့ရှိထားပါဘူး။

■ ဒါပေမဲ့ သံလိုက်စက်ကွင်း အားနည်းနေတဲ့ ကူးပြောင်းကာလမှာ နေရောင်ခြည်နဲ့ အာကာသအမှုန်တွေရဲ့ သက်ရောက်မှု ပိုများလာနိုင်တာကြောင့် နည်းပညာစနစ်တချို့မှာ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။

■ သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ဖို့ ဘယ်လောက်ကြာမလဲ

■ သံလိုက်ဝင်ရိုးပြောင်းပြန်ဖြစ်ခြင်းဟာ ရုတ်တရက်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တစ်ခု မဟုတ်ပါဘူး။
သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဝင်ရိုးတွေ အပြည့်အဝ ပြောင်းပြန်ဖြစ်သွားဖို့ နှစ်ပေါင်း ၂,၀၀၀ ကနေ ၁၀,၀၀၀ အထိ ကြာနိုင်ပါတယ်။

■ ဒီကူးပြောင်းကာလအတွင်းမှာ—

■ ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ အဓိကအားကောင်းတဲ့ မြောက်-တောင် ဝင်ရိုးပုံစံ အားနည်းလာနိုင်ပါတယ်။

■ သံလိုက်စက်ကွင်းဟာ ပုံမှန်ထက် ပိုမိုရှုပ်ထွေးတဲ့ ပုံစံပြောင်းလဲသွားနိုင်ပါတယ်။

■ ကမ္ဘာ့မျက်နှာပြင်တစ်ဝန်းမှာ သံလိုက်ဝင်ရိုးငယ်တွေ အများအပြား ယာယီပေါ်ပေါက်လာနိုင်ပါတယ်။

■ နောက်ဆုံးမှာတော့ သံလိုက်စက်ကွင်းဟာ ဝင်ရိုးအသစ်တစ်ခုနဲ့ ပြန်လည်တည်ငြိမ်သွားနိုင်ပါတယ်။

Source-Wion