#World_Health
Published 26 October 2026
■ ညတိုင်း ဘယ်နှနာရီအိပ်ခဲ့လဲ၊ အိပ်ချိန်မှန်ရဲ့လား၊ အိပ်စက်မှုအရည်အသွေး ဘယ်လောက်ကောင်းလဲဆိုတာ သိနိုင်ဖို့ Smartwatch နဲ့ Sleep Tracker တွေကို အသုံးပြုနေကြသူတွေ အများကြီးရှိပါတယ်။
■ အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေ ၄၈ ရာခိုင်နှုန်းလောက်ဟာ အိပ်စက်မှုကို ခြေရာခံတိုင်းတာပေးတဲ့ ကိရိယာတွေကို အသုံးပြုဖူးကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
■ ဒါပေမဲ့ လေ့လာမှုအသစ်တစ်ခုအရ ဒီလို ကျန်းမာရေးအတွက် အသုံးဝင်တယ်လို့ ယူဆထားတဲ့ ဝတ်ဆင်အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းတွေဟာ အိပ်စက်မှုနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တချို့ကို မဖော်ပြနိုင်ဘူးလို့ သိရပါတယ်။
■ အိပ်ရေးဝဝအိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် ကိုယ့်ရဲ့အိပ်စက်မှုပုံစံကို စောင့်ကြည့်ပြီး လိုအပ်တာတွေ ပြုပြင်ဖို့ ကြိုးစားတာဟာကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။
■ ဒါပေမဲ့ Sleep Tracker တွေ မတိုင်းတာနိုင်တဲ့အချက်တွေကြောင့် ကိုယ့်ရဲ့အိပ်စက်မှုအခြေအနေကို မှားယွင်းနားလည်သွားနိုင်ပါတယ်။
■ အထူးသဖြင့် အိပ်မပျော်တဲ့ရောဂါ (Insomnia) လို ပြဿနာတွေကို စောစီးစွာ ရှာဖွေကုသနိုင်ဖို့ နှောင့်နှေးသွားစေနိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
■ Sleep Tracker က အိပ်ရေးဝတယ်လို့ပြပေမယ့် တကယ်တမ်း အိပ်ရေးမဝတာမျိုး ဖြစ်နိုင်
လူပေါင်း ၂,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ရာမှာ Sleep Tracker တွေက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေနဲ့ လူတွေကိုယ်တိုင် သူတို့ရဲ့အိပ်စက်မှုအရည်အသွေးကို ခံစားသတ်မှတ်တဲ့ ရလဒ်တွေဟာ အမြဲတမ်း ကိုက်ညီနေတာမဟုတ်ဘူးလို့ တွေ့ရှိခဲ့ပါတယ်။
■ အလွယ်ပြောရရင် ကိုယ့်ရဲ့ Smartwatch က ညက အိပ်ရေးကောင်းကောင်းဝခဲ့တယ်လို့ ပြနေပေမဲ့ မနက်နိုးလာတဲ့အခါ ပင်ပန်းနွမ်းနယ်နေတာ၊ အားမရှိသလို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
■ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဝတ်ဆင်အသုံးပြုတဲ့ ကိရိယာတွေက တိုင်းတာရရှိတဲ့ အချက်အလက်တွေဟာ လူတစ်ဦးချင်းစီရဲ့ အိပ်စက်မှုအရည်အသွေးအပေါ် ခံစားသတ်မှတ်ချက် ကွာခြားမှုတွေထဲက ၂.၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းအထိသာ ရှင်းပြနိုင်ခဲ့ပါတယ်။
■ ဆိုလိုတာက လူတစ်ဦးက သူ့ရဲ့အိပ်စက်မှုကို ကောင်းတယ်၊ မကောင်းဘူးလို့ ခံစားရတဲ့ ကွာခြားချက်တွေရဲ့ ၈၄ ရာခိုင်နှုန်းကနေ ၉၇.၅ ရာခိုင်နှုန်းအထိကို ကိရိယာတွေက တိုင်းတာထားတဲ့ အချက်အလက်တွေနဲ့ ရှင်းပြလို့မရခဲ့တာပါ။
■ ဒါကြောင့် အိပ်စက်မှုအရည်အသွေးကို နားလည်ဖို့ ကိန်းဂဏန်းတွေကိုပဲ ကြည့်နေလို့ မလုံလောက်ပါဘူး။
■ ဘာကြောင့် အိပ်ချိန်ကို မှားယွင်းတွက်ချက်နိုင်တာလဲ
■ ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတစ်ခုကတော့ ကိရိယာတွေဟာ လူတစ်ယောက်ငြိမ်ငြိမ်လေး လဲလျောင်းနေတာကို အိပ်ပျော်နေတယ်လို့ မှားယွင်းသတ်မှတ်နိုင်ခြင်း ဖြစ်ပါတယ်။
■ ဥပမာ ညဘက် အိပ်ရာဝင်ပြီး အိပ်မပျော်ဘဲ မျက်လုံးမှိတ်လျက် လဲလျောင်းနေတဲ့အချိန်၊ ဒါမှမဟုတ် ညလယ်မှာ နိုးလာပြီး ပြန်အိပ်ဖို့ ကြိုးစားနေတဲ့အချိန်တွေကို ကိရိယာက အိပ်ပျော်နေတဲ့အချိန်အဖြစ် တွက်ချက်မိနိုင်ပါတယ်။
■ လေ့လာမှုတစ်ခုမှာတော့ Sleep Tracker တွေဟာ တကယ်အိပ်ခဲ့တဲ့အချိန်ထက် မိနစ် ၃၀ ပိုများတယ်လို့ တွက်ချက်ခဲ့ပြီး အိပ်စက်မှုထိရောက်နှုန်းကိုလည်း ၈ ရာခိုင်နှုန်း ပိုမိုဖော်ပြခဲ့ပါတယ်။
■ Sleep Efficiency ဆိုတာ အိပ်ရာထဲမှာ နေခဲ့တဲ့အချိန်နဲ့ တကယ်အိပ်ပျော်ခဲ့တဲ့အချိန်တို့ရဲ့ အချိုးအစားကို ဆိုလိုတာပါ။
■ ဒီလို တိုင်းတာချက်တွေ မှားယွင်းနေရင် အိပ်စက်မှုဆိုင်ရာ ပြဿနာရှိသူတွေဟာ ကိုယ့်မှာ ဘာပြဿနာမှ မရှိဘူးလို့ ထင်သွားနိုင်ပါတယ်။ အဲဒီအတွက် ဆရာဝန်ဆီ သွားရောက်ပြသဖို့နဲ့ သင့်တော်တဲ့ ကုသမှုခံယူဖို့ နောက်ကျသွားနိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
■ ဒါဆို Sleep Tracker တွေကို မသုံးသင့်တော့ဘူးလား
■ မဟုတ်ပါဘူး။ သုတေသီတွေက Sleep Tracker တွေကို လုံးဝစွန့်ပစ်ဖို့ မပြောထားပါဘူး။
ဒီကိရိယာတွေဟာ ကိုယ့်ရဲ့အိပ်စက်မှုပုံစံကို နားလည်ဖို့ အသုံးဝင်နေဆဲပါ။
■ ဥပမာ—တစ်ညကို ဘယ်နှနာရီလောက် အိပ်ဖြစ်သလဲ။
နေ့တိုင်း အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် မှန်ကန်မှုရှိရဲ့လား။
အိပ်ချိန်ဟာ နေ့စဉ် ပုံမှန်ရှိရဲ့လား။
ကိုယ့်ရဲ့အိပ်စက်မှုအလေ့အထတွေ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာသလား။
ဒီလိုအချက်တွေကို စောင့်ကြည့်ရာမှာ Sleep Tracker တွေက အထောက်အကူပြုနိုင်ပါတယ်။
ဒါပေမဲ့ ကိရိယာက ပြသတဲ့ ကိန်းဂဏန်းတစ်ခုတည်းကို အခြေခံပြီး ကိုယ့်ရဲ့အိပ်စက်မှုကျန်းမာရေးကို အဆုံးအဖြတ်မပေးသင့်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။
Source- New York Post