#World_Health
Published 25 October 2026

■ အစားအစာတွေထဲမှာ ဘယ်ဟာတွေက ကျန်းမာရေးအတွက် အကောင်းဆုံးလဲ၊ ဘယ်အစားအစာတွေက အာဟာရတန်ဖိုးနည်းပါးလဲဆိုတာကို လေ့လာမှုအသစ်တစ်ခုက အဆင့်သတ်မှတ်ဖော်ပြလိုက်ပါတယ်။

■ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်အားလုံးဟာ အာဟာရတန်ဖိုး တူညီကြတာမဟုတ်ဘူးဆိုတာပါပဲ။

■ ကျွန်တော်တို့အများစုဟာ သစ်သီးအားလုံးက ကျန်းမာရေးအတွက်ကောင်းတယ်၊ ဟင်းသီးဟင်းရွက်အားလုံးက အကျိုးရှိတယ်လို့ ယူဆလေ့ရှိကြပါတယ်။ အစားအစာထုပ်ပိုးမှုမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတဲ့ အမှတ်အသားလေးတွေ ပါလာရင် ရွေးချယ်သင့်တဲ့ အစားအစာတစ်ခုလို့ ထင်တတ်ကြပါတယ်။

■ ဒါပေမဲ့ လေ့လာမှုအသစ်တစ်ခုအရ အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို အဲဒီလောက်ရိုးရိုးရှင်းရှင်း ခွဲခြားလို့မရဘူးဆိုတာတွေ့ရှိခဲ့ပါတယ်။

■ သုတေသီတွေဟာ အစားအစာတွေရဲ့ ကယ်လိုရီပမာဏ ဒါမှမဟုတ် သကြားနဲ့ အဆီပါဝင်မှုတစ်ခုတည်းကိုသာ အခြေခံတာမဟုတ်ဘဲ အာဟာရတန်ဖိုးတစ်ခုလုံးနဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားတဲ့ Nutritional Value Score (NVS) လို့ခေါ်တဲ့ အာဟာရတန်ဖိုးအဆင့်သတ်မှတ်စနစ်အသစ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

■ ဒီစနစ်အရ အစိမ်းရင့်ရောင် အရွက်ဟင်းသီးဟင်းရွက်တွေ၊ ကလီစာတွေ၊ ငါးနဲ့ ပင်လယ်စာတွေဟာ အာဟာရတန်ဖိုးအမြင့်ဆုံး အုပ်စုတွေထဲမှာပါဝင်ပါတယ်။

■ တစ်ဖက်မှာတော့ အချိုရည်တွေ၊ အချိုမုန့်တွေ၊ အသင့်စားခေါက်ဆွဲခြောက်တွေ၊ စက်ရုံထုတ် အလွန်အမင်းပြုပြင်ထားတဲ့ သရေစာတွေ၊ သန့်စင်ထားတဲ့ ဂျုံမှုန့်ဖြူလို အစားအစာတွေက အာဟာရတန်ဖိုး နည်းပါးတဲ့အုပ်စုမှာ ပါဝင်ခဲ့ပါတယ်။

■ အလွယ်ပြောရရင် အမျိုးအစားတူတဲ့ အစားအစာတွေဖြစ်နေရင်တောင် အာဟာရတန်ဖိုးချင်း အများကြီး ကွာခြားနိုင်ပါတယ်။ ဥပမာ ဟင်းနုနွယ်ရွက်ဟာ ဖရဲသီးထက် အာဟာရဓာတ်တချို့ ပိုမိုကြွယ်ဝနိုင်ပါတယ်။

■ အလားတူ လူအများက ပုံမှန်စားသုံးနေကျဖြစ်လို့ အာဟာရတန်ဖိုးကောင်းမယ်လို့ ယူဆထားတဲ့ ဆန်ဖြူနဲ့ သန့်စင်ထားတဲ့ ကောက်နှံထွက်ပစ္စည်းတွေဟာလည်း ထင်ထားသလောက် အာဟာရမကြွယ်ဝနိုင်ပါဘူး။

■ အာဟာရတန်ဖိုးသတ်မှတ်စနစ်အသစ် ဘာကြောင့်လိုအပ်လာတာလဲ

■ သုတေသီတွေရဲ့ အဆိုအရ လက်ရှိအသုံးပြုနေတဲ့ အစားအစာအဆင့်သတ်မှတ်စနစ်အများစုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဓိကဖန်တီးထားတာဖြစ်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးရောဂါလို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချဖို့ ရည်ရွယ်ထားတာပါ။

■ ဒါပေမဲ့ အဲဒီစနစ်တွေဟာ အစားအစာတစ်ခုမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အရည်အသွေးမြင့် ပရိုတင်းတွေ ဘယ်လောက်ပါဝင်သလဲဆိုတာကို အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိတတ်ပါဘူး။

■ ဒါ့အပြင် အစားအစာထဲက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ဘယ်လောက်အထိ စုပ်ယူအသုံးချနိုင်သလဲဆိုတဲ့ ကွာခြားချက်တွေကိုလည်း အမြဲတမ်း ထည့်သွင်းတွက်ချက်ထားတာ မဟုတ်ပါဘူး။

■ ဒီအချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကယ်လိုရီနည်းတယ်၊ သကြားနည်းတယ်ဆိုတာနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝရရှိမယ်လို့ မဆိုလိုပါဘူး။

■ တစ်ဖက်မှာလည်း ကယ်လိုရီအနည်းငယ်ပိုများတဲ့ အစားအစာတစ်ခုဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းနိုင်ပါတယ်။

■ အာဟာရတန်ဖိုးနည်းပါးတဲ့ အစားအစာတွေက ဘာတွေလဲ

■ လေ့လာမှုမှာ အာဟာရတန်ဖိုးနည်းပါးတဲ့ အစားအစာတွေထဲမှာ အချိုရည်တွေ၊ အားဖြည့်အချိုရည် Gatorade၊ ကိုလာအချိုရည်၊ ဆန်ပြုတ်၊ အသင့်စားခေါက်ဆွဲခြောက်၊ စက်ရုံထုတ် အချိုနဲ့ အငန်သရေစာတွေ၊ အုန်းသီးနဲ့ ဆန်ဖြူထွက်ပစ္စည်းတွေ ပါဝင်ခဲ့ပါတယ်။

■ သန့်စင်ထားတဲ့ ကောက်နှံထွက်ပစ္စည်းတွေကိုလည်း အာဟာရတန်ဖိုးနည်းပါးတဲ့ အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။

■ ဒါပေမဲ့ ဒီအဆင့်သတ်မှတ်ချက်ဟာ အဲဒီအစားအစာတွေကို လုံးဝမစားသင့်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အဓိကဆိုလိုတာက အစားအစာတစ်ခုချင်းစီကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်ပမာဏနဲ့ အာဟာရသိပ်သည်းဆတို့ ကွာခြားနေတယ်ဆိုတာပါပဲ။

■ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အားလုံး အာဟာရတန်ဖိုးတူညီတာမဟုတ်

■ ဒီလေ့လာမှုရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အချက်တစ်ခုကတော့ “သစ်သီး” ဒါမှမဟုတ် “ဟင်းသီးဟင်းရွက်” ဆိုတဲ့ အုပ်စုကြီးတစ်ခုတည်းနဲ့ အာဟာရတန်ဖိုးကို တိုင်းတာဖို့ မလုံလောက်ဘူးဆိုတာပါပဲ။

■ ဥပမာ မာလကာသီးရဲ့ အာဟာရတန်ဖိုးဟာ ဖရဲသီးထက် သိသိသာသာ မြင့်မားခဲ့ပါတယ်။ အလားတူ ဟင်းနုနွယ်ရွက်ဟာ ခရမ်းသီးထက် အာဟာရတန်ဖိုး ပိုမိုမြင့်မားခဲ့ပါတယ်။

■ ဒါဟာ ဖရဲသီးနဲ့ ခရမ်းသီးတွေက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အဓိကကတော့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ အခြားအာဟာရဓာတ်တွေကို ပိုမိုရရှိချင်တယ်ဆိုရင် အစားအစာရွေးချယ်မှုက အရေးကြီးတယ်ဆိုတာပါပဲ။

■ လူအများအတွက်လည်း ဒီအချက်က သတိပြုစရာဖြစ်ပါတယ်။ သစ်သီးနည်းနည်းစားတယ်၊ ဟင်းသီးဟင်းရွက်နည်းနည်းစားတယ်ဆိုတာ ကောင်းမွန်တဲ့ အစပြုမှုဖြစ်ပေမဲ့ ဘယ်သစ်သီး၊ ဘယ်ဟင်းသီးဟင်းရွက်ကို ရွေးချယ်စားသုံးသလဲဆိုတာကလည်း အရေးပါပါတယ်။

■ နေ့စဉ်စားသောက်မှုအတွက် ဘာတွေ မှတ်သားထားသင့်သလဲ

■ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ပုံစံတစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။

■ အစိမ်းရင့်ရောင် အရွက်ဟင်းသီးဟင်းရွက်တွေကို ပိုစားပါ။ ဥပမာ ဟင်းနုနွယ်ရွက်နဲ့ အခြားအစိမ်းရင့်ရောင် အရွက်ဟင်းသီးဟင်းရွက်တွေ။

■ ငါးနဲ့ ဥတွေကို သင့်တင့်မျှတစွာ စားသုံးပါ။ ပရိုတင်းနဲ့ အခြားမရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိစေနိုင်ပါတယ်။

■ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကို စားပါ။ အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ ရရှိနိုင်ပါတယ်။

■ သကြားပါဝင်မှုများတဲ့ အချိုရည်တွေနဲ့ စက်ရုံထုတ်သရေစာတွေကို လျှော့စားပါ။

■ အစားအစာကို သဘာဝအတိုင်း  ဒါမှမဟုတ် အနည်းငယ်သာ ပြုပြင်ထားတဲ့ ပုံစံကို ဦးစားပေးပါ။

■ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားစုံလင်အောင် စားပါ။ အာဟာရဓာတ်တစ်မျိုးတည်းကို အလွန်အကျွံရရှိဖို့ထက် အာဟာရမျိုးစုံ မျှတစွာရရှိဖို့က ပိုအရေးကြီးပါတယ်။

■ ယနေ့ခေတ်မှာ အစားအစာကြော်ငြာတွေနဲ့ ထုပ်ပိုးမှုအပေါ်က ကျန်းမာရေးဆိုင်ရာ စာသားတွေကို နေ့စဉ်မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ အစားအစာတစ်ခုကို ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ဖော်ပြထားရုံနဲ့ အခြားအစားအစာတွေနဲ့ အာဟာရတန်ဖိုးတူညီတယ်လို့ မဆိုနိုင်ပါဘူး။

Source- The Jerusalem Post