#World_Health
Published 29 October 2026
■ ကမ္ဘာတစ်ဝန်းက ကလေးတွေအပေါ် ပြုလုပ်ထားတဲ့ လေ့လာမှုကြီးတစ်ခုအရ ကလေးတွေ screen time ကြည့်ချိန် များလွန်းတာရဲ့ သက်ရောက်မှုဟာ မိဘတွေရဲ့ အပြုအမူနဲ့ ကလေးတွေ လမစေ့ဘဲ မွေးဖွားခြင်းတို့ရဲ့ သက်ရောက်မှုနဲ့ တန်းတူလောက်ရှိနိုင်သလို၊ အဲဒီထက်တောင် ပိုများနိုင်တယ်လို့ သိရပါတယ်။
■ သုတေသီတွေဟာ နိုင်ငံပေါင်း ၆၄ နိုင်ငံက ကလေး ၂၈ သိန်းကျော်ရဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ အဲဒီအခါ screen timeကြည့်ချိန် များလွန်းတာဟာ ကလေးတွေရဲ့ ပညာရေးအောင်မြင်မှုနဲ့ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ အပါအဝင် ကဏ္ဍအတော်များများအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။
■ ဒီလေ့လာမှုဟာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံးလေ့လာမှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
■ Screen Time ကြည့်ချိန်များလွန်းခြင်းရဲ့ သက်ရောက်မှုဟာ မိသားစုရဲ့ စီးပွားရေးအခြေအနေ၊ မိဘတွေရဲ့ ပြုမူဆက်ဆံပုံနဲ့ ကလေးတွေ လမစေ့ဘဲ မွေးဖွားခဲ့ခြင်းရှိ၊ မရှိ စတဲ့ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတဲ့ အခြားအကြောင်းရင်းတွေနဲ့ ယှဉ်ရင် အလားတူလောက်ရှိနိုင်သလို ပိုပြီးတောင်ကြီးမားနိုင်တယ်လို့ဆိုပါတယ်။
■ ဂိမ်းကစားတာ၊ လူမှုကွန်ရက်တွေ သုံးတာနဲ့ ဗီဒီယိုတွေ ကြည့်တာတို့အတွက် အသုံးပြုချိန် ပိုများလာရင် ကလေးတွေရဲ့ ပညာရေးအောင်မြင်မှု ကျဆင်းတာနဲ့ ဘာသာစကားဖွံ့ဖြိုးမှု အားနည်းတာတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာမှုကဖော်ပြပါတယ်။
■ ဒါပေမဲ့ ကျွမ်းကျင်သူတချို့ကတော့ ဒီအစီရင်ခံစာမှာ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ဒီတွေ့ရှိချက်တွေဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဖုန်းမျက်နှာပြင်အသုံးပြုမှုဖြစ်တယ်ဆိုတဲ့ အယူအဆကို လုံးဝထောက်ခံတာ မဟုတ်ဘူးလို့ သူတို့က ဆိုပါတယ်။
■ JAMA Pediatrics ဂျာနယ်မှာ ထုတ်ဝေထားတဲ့ သုံးသပ်ချက်အရ screen time ကို အချိန်ပိုကြာကြာ ကြည့်တဲ့ကလေးတွေမှာ စိတ်ခံစားမှုနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပြဿနာတွေအပြင် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ပိုများလာတတ်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
■ ဒီလေ့လာမှုမှာ အရင်က ပြုလုပ်ထားတဲ့ သုတေသနသုံးသပ်ချက်ကြီးတွေ အများကြီးရဲ့ ရလဒ်တွေကို ထပ်မံစုစည်းပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလေ့လာနည်းကို umbrella review လို့ ခေါ်ပါတယ်။
■ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဒစ်ဂျစ်တယ်ကိရိယာတွေနဲ့ လူမှုကွန်ရက်တွေကို အချိန်ကြာကြာ အသုံးပြုတာဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအတော်များများမှာ ရလဒ်မကောင်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ တိုင်းတာထားတဲ့ ကဏ္ဍအားလုံးမှာတော့ ဒီလိုဆက်စပ်မှုရှိနေတာမဟုတ်ပါဘူး။
■ ဒီလေ့လာမှုမှာ စမတ်ဖုန်းကနေ တီဗီအထိ မျက်နှာပြင်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ လူမှုကွန်ရက်တွေကို ပွတ်ဆွဲကြည့်တာ၊ ဂိမ်းကစားတာနဲ့ FaceTime ကနေ ဗီဒီယိုခေါ်ဆိုတာတွေလို အသုံးပြုပုံအမျိုးမျိုးကိုလည်း ထည့်သွင်းလေ့လာခဲ့ပါတယ်။
■ အစီရင်ခံစာမှာ သုတေသီတွေက အခုလို ရေးသားထားပါတယ်။
■ “ဒီတွေ့ရှိချက်တွေကို ခြုံငုံကြည့်မယ်ဆိုရင် screen time အသုံးပြုမှုဟာ ကလေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍအမျိုးမျိုးအပေါ် သက်ရောက်မှုရှိနိုင်တဲ့အပြင် ပြုပြင်လျှော့ချနိုင်တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။”
■ Screen Timeကြည့်ချိန် ပိုများတဲ့ ကလေးတွေဟာ ကျောင်းမှာ အလုံးစုံပညာရေးရလဒ် ပိုနိမ့်တာနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုမှာတွေ့ရှိခဲ့ပါတယ်။
■ ကနေဒါနိုင်ငံက ကယ်လ်ဂရီတက္ကသိုလ် က ပညာရှင်တွေ ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ screen time ကြည့်ချိန် များလွန်းတာနဲ့ ကလေးတွေရဲ့ ဘာသာစကားဖွံ့ဖြိုးမှု အားနည်းတာကြား ဆက်စပ်မှုရှိကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။
■ စိတ်ကျန်းမာရေးဘက်ကို လေ့လာတဲ့အခါ screen time အသုံးပြုမှု များတာဟာ အောက်ပါပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ခြင်း။
■ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းလိုမျိုး စိတ်အတွင်းပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်ခြင်း။
ရန်လိုတဲ့ အပြုအမူတွေ ပိုများလာခြင်းနဲ့ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေ ပိုတွေ့ရခြင်း။
■ သုတေသီတွေက သူတို့ရဲ့ သုံးသပ်ချက်မှာ အခုလို ရေးသားထားပါတယ်။
■ “ကျွန်ုပ်တို့ရဲ့ လေ့လာသုံးသပ်ချက်အရ screen timeအသုံးပြုမှု များလေလေ အလုံးစုံပညာရေးအောင်မြင်မှု နိမ့်ကျလေလေ၊ ဘာသာစကားဖွံ့ဖြိုးမှု အားနည်းလေလေ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စိတ်အတွင်းပိုင်းနဲ့ အပြင်ပိုင်း အပြုအမူဆိုင်ရာ ပြဿနာတွေ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေနဲ့ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေလည်း ပိုများလာတာကို တွေ့ရှိခဲ့ရပါတယ်။”
■ “အထူးသတိပြုစရာကတော့ ဒီသက်ရောက်မှုတွေရဲ့ အတိုင်းအတာဟာ လူမှုစီးပွားအခြေအနေ၊ မိဘတွေရဲ့ အပြုအမူနဲ့ လမစေ့ဘဲ မွေးဖွားခြင်းလိုမျိုး ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်စေတဲ့ အခြားအကြောင်းရင်းတွေနဲ့ တန်းတူလောက်ရှိနိုင်သလို ပိုပြီးတောင် ကြီးမားနိုင်ပါတယ်။”
■ စပိန်နိုင်ငံက ဇာရာဂိုဇာတက္ကသိုလ် (University of Zaragoza) မှ လူမှုဗေဒဆိုင်ရာ အကြီးတန်းကထိကTatiana Íñiguez Berrozpe ကတော့ ဒီအစီရင်ခံစာဟာ screen time ကြည့်ချိန်နဲ့ စိတ်ကျန်းမာရေး၊ ပညာရေးစွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကြား ဆက်စပ်မှုရှိကြောင်း ပြသပေမဲ့ အဲဒီဆက်စပ်မှုက အားနည်းတယ်လို့ ပြောပါတယ်။
■ “ဒါကြောင့် ဒီနေ့ခေတ် လူငယ်တွေ ဖုန်းမျက်နှာပြင်တွေကို ဘယ်လိုအသုံးပြုနေကြသလဲဆိုတဲ့ အခြေအနေနဲ့ ချိတ်ဆက်ပြီး ဒီလေ့လာမှုရလဒ်တွေကို အဓိပ္ပာယ်ဖော်တဲ့အခါ သတိထားဖို့ လိုပါတယ်။”
Source-The Guardian