#World_Health
Published 23 February 2026
■ ကိုဗစ်-၁၉ ရောဂါအတွက် အသိအမှတ်ပြုထားတဲ့ နျူကလီယိုဆိုက်သောက်ဆေး VVII6 ဟာ နီပါဗိုင်းရပ်စ်ကိုလည်း ဆန့်ကျင်ခုခံနိုင်စွမ်းရှိတာကို တရုတ်သိပ္ပံပညာရှင်များ တွေ့ရှိထားကြောင်း ဝူဟန်ဗိုင်းရပ်စ်တက္ကသိုလ်မှ ထုတ်ပြန်လိုက်ပါတယ်။
■ မလေးရှားမှာ ၁၉၉၈ ခုနှစ်က စတင်ပျံ့ပွားခဲ့တဲ့ နီပါဗိုင်းရပ်စ်ဟာ အသက်ဆုံးပါးနှုန်း ၄၀ မှ ၇၀ ရာခိုင်နှုန်းရှိနေပြီး ယခုနှစ်ဇန်နဝါရီမှာ အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ်မှာ ကူးစက်မှုတွေ သေဆုံးမှုတွေ ရှိထားပါတယ်။
■ လက်ရှိမှာ အသိအမှတ်ပြု ကုသဆေး ကာကွယ်ဆေးတွေ မရှိတာကြောင့် WHO က အဓိကဦးစားပေး ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားပါတယ်။
■ VVII6 က ကိုဗစ်-၁၉ ကုသဖို့အတွက် သောက်ဆေးအဖြစ် တရုတ်နဲ့ ဥဇဘက်ကစ္စတန်တို့မှာ အသိအမှတ်ပြုထားပြီး နီပါဗိုင်းရပ်စ်ကိုလည်း တားဆီးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
■ VVII6 ကို ကျန်းမာရေးလုပ်သားတွေလို ထိတွေ့နိုင်ခြေများတဲ့သူတွေမှာ ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်သလို ဗိုင်းရပ်စ်ပျံ့ပွားမှုအတွက် အရန်သင့်ရနိုင်တဲ့ဆေးအဖြစ်လည်း ရနိုင်ပါတယ်။
■ ဒီဆေးထုတ်လုပ်တဲ့ Vigonvita Life Science Co ကုမ္ပဏီက ပျံ့ပွားမှုတွေကို စောင့်ကြည့်နေပြီး ကုသမှုအတွက် လက်တွေ့စမ်းသပ်ချက်များ စတင်သွားမယ်လို့ ဖော်ပြထားပါတယ်။
■ အိန္ဒိယဟာ နီပါဗိုင်းရပ်စ်ပျံ့ပွားမှုကို အတိုင်းအတာတစ်ခုအထိ ခံစားနေရပြီး စောင့်ကြည့်ခြင်းနဲ့ ကာကွယ်ခြင်းတို့က အဓိကကျနေပါတယ်။
■ တရုတ်ပြည်မမှာတော့ နီပါဗိုင်းရပ်စ်ကူးစက်မှုအကြောင်း မကြားရသေးပေမယ့် ဂရုစိုက်ပြီး သန့်ရှင်းစွာ ထိန်းသိမ်းနေထိုင်ကြဖို့ အကြံပြုထားပါတယ်။
Source: Global Times
၂၂ ဖေဖော်ဝါရီ၊၂၀၂၆
ဗင်နီဇွဲလားနှင့် မတူတဲ့ အီရန်
တဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သံတမန်ရေးရာ ကြိုးပမ်းမှုတွေ အားနည်းလာတာ နဲ့အမျှ အမေရိကန်နဲ့ အီရန်တို့ စစ်ရေးအရ ထိပ်တိုက်တွေ့နိုင်ခြေက ပိုနီးကပ်လာနေပါတယ်။
The New York Times နဲ့ Reuters သတင်းဌာနတွေရဲ့ အဆိုအရဆိုရင် အရှေ့အလယ်ပိုင်းမှာ အမေရိကန် စစ်တပ်တွေကို အလုံးအရင်းချထားတဲ့ကြားကပဲ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အကန့်အသတ်နဲ့ပဲ တိုက်ခိုက် မလား၊ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပဲ စစ်ဆင်ရေးလုပ်မလား ဆိုတာကို ချိန်ဆနေတယ်လို့ သိရပါတယ်။ ပြီးခဲ့ တဲ့ ဇန်နဝါရီတုန်းကဆိုရင် အမေရိကန် စစ်ရေယာဉ်စုကြီး အီရန်ဆီကို ဦးတည်နေတယ်လို့ ထရမ့်က ပြော ခဲ့ပါသေးတယ်။ သူက အဲဒီလိုသွားနေတာကို ဗင်နီဇွဲလားမှာတုန်းက "မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန် ထန်" အောင်ပွဲခံနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးနဲ့တောင် နှိုင်းယှဉ်ခဲ့တာပါ။ ဒါပေမဲ့ ကျွမ်းကျင်သူ တွေ ကတော့ အီရန်က စစ်ရေးအရ ပိုပြီးနက်ရှိုင်းတဲ့အပြင် ဒေသတွင်းစစ်ပွဲကြီးတစ်ခုကိုပါ ဖန်တီးနိုင်စွမ်းရှိ တဲ့ အတွက် ဗင်နီဇွဲလားထက် အများကြီး ပိုရှုပ်ထွေးတဲ့ စိန်ခေါ်မှုကြီးဖြစ်တယ်လို့ သတိပေးထားကြပါတယ်။
လွယ်လွယ်နှင့် ပြီးမယ့် စစ်ပွဲမဟုတ်
တကယ်တမ်းမှာ အီရန်ကိစ္စအတွက် ကုန်ကျစရိတ်သက်သာပြီး လွယ်လွယ်ကူကူ ရှင်းလင်းသွားမယ့် စစ်ရေးရွေးချယ်မှုမျိုး မရှိဘူးလို့ The New York Times က လေ့လာဆန်းစစ်သူတွေကို ကိုးကားပြီး ဖော်ပြ ထားပါတယ်။ အမေရိကန်ဘက်က အသေအပျောက်ရှိလာနိုင်တဲ့ တကယ့်အန္တရာယ်ရှိနေပြီး၊ ဒါက ရွေးကောက်ပွဲကျင်းပမယ့်နှစ်မှာ ထရမ့်အတွက်တော့ ကြီးမားတဲ့ ဖိအားဖြစ်စေမှာပါ။
အီရန်ဆိုတာ အရှေ့ အလယ်ပိုင်းမှာ အကြီးမားဆုံးနဲ့ အမျိုးအစားအစုံလင်ဆုံး ဒုံးကျည်လက်နက်တိုက် တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မိုင် ၁,၂၀၀ ကျော်အထိ သွားနိုင်တဲ့ အလတ်စားပစ် တိုက်ချင်း ပစ်ဒုံးကျည်တွေပါရှိတော့ ပင်လယ်ကွေ့၊ အစ္စရေးနဲ့ တူရကီနိုင်ငံအချို့က အမေရိကန်စစ်စခန်းတွေဆိုတာ သူတို့ရဲ့ ပစ်မှတ်စက် ကွင်းထဲမှာ အလွယ်လေး ရောက်နေတာပါ။ မကြာသေးခင်ကပဲ ဟော်မုဇ်ရေလက် ကြား စစ်ရေးလေ့ကျင့် မှုမှာ ၉၃ မိုင်ကျော်အထိပစ်နိုင်တဲ့ ပင်လယ်ပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တစ်စင်း ကိုတောင် စမ်းသပ်ခဲ့တယ်လို့ သူတို့ရဲ့ နိုင်ငံပိုင်မီဒီယာက ကြေညာထား ပါသေးတယ်။ တဟီရန်ရဲ့ ဗျူဟာ က ဘယ်လိုထိပ်တိုက်ရင်ဆိုင်မှုမျိုးမဆို ဖြစ်လာရင် နေရာပေါင်းစုံမှာ လျင်လျင်မြန်မြန် အရှိန်မြှင့်ပြီး အပျက်အစီးနဲ့ ကုန်ကျစရိတ်တွေကို ပျံ့နှံ့သွားအောင် လုပ်ဖို့ပဲလို့ Chatham House က ကျွမ်းကျင်သူ Sanam Vakil က ဆိုပါတယ်။
နေရာအနှံ့က လက်တုံ့ပြန်မှုတွေနဲ့ ဒေသတွင်း ဂယက်
နောက်ထပ် အန္တရာယ်တစ်ခုကတော့ အီရန်ရဲ့ လက်ဝေခံကွန်ရက်တွေနဲ့ ဒေသတွင်း ဂယက်ရိုက်ခတ်မှု တွေပါပဲ။ လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ယီမင်က ဟူသီတို့လို အီရန်ရဲ့ "ခုခံရေးဝင်ရိုးစွန်း" အဖွဲ့တွေဟာ အရင်ကလောက် မသန်မာတော့ဘူးဆိုပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကို လက်တုံ့ပြန်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပြီး စစ်မျက်နှာအသစ်တွေ ဖွင့်လာနိုင်ပါတယ်။ အီရတ်မှာရှိတဲ့ အီရန်မဟာမိတ်အဖွဲ့တစ်ခုဆိုရင် အမေ ရိကန်ကသာ စစ်ရေးအရ လှုပ်ရှားလာရင် "အသေခံစစ်ဆင်ရေးတွေ" အထိ လုပ်သွားမယ်လို့တောင် ခြိမ်း ခြောက်ထားပါတယ်။
ဟူသီသူပုန်တွေကလည်း ၂၀၂၃ နှောင်းပိုင်းတုန်းကလို ပင်လယ်နီထဲက ကုန်သွယ်ရေးသင်္ဘောတွေကို ပြန်ပြီး ပစ်မှတ်ထားလာနိုင်ခြေရှိပါတယ်။ ဒီအချိန်မှာ အမေရိကန်စစ်စခန်းတွေ လက်ခံထားတဲ့ ပင်လယ် ကွေ့နိုင်ငံတွေကလည်း တန်ပြန်တိုက်ခိုက်ခံရမယ့်အရေးကို စိုးရိမ်နေကြပါပြီ။ ဆော်ဒီနဲ့ UAE တို့က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွက် သူတို့ရဲ့ လေပိုင်နက်ကို အသုံးပြုခွင့်ပေးမှာမဟုတ်ဘူးလို့ ပြော ထားပေမဲ့၊ ဒါလေးလုပ်လိုက်ရုံနဲ့ အီရန်ရဲ့ လက်တုံ့ပြန်မှုဒဏ်ကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။
မျှော်လင့်ချက်နည်းလာတဲ့ ဆွေးနွေးပွဲတွေနှင့် အစိုးရဖြုတ်ချဖို့ အခက်အခဲ
ဒီလိုအခြေအနေတွေကြားမှာ ၂၀၀၃ အီရတ်ကျူးကျော်စစ်နောက်ပိုင်း ဒေသတွင်းမှာ အမေရိကန်စစ်တပ် အင်အားအများဆုံး ချထားတာကိုကြည့်ရင် သံတမန်ရေးအရ မျှော်လင့်ချက်တွေ မှေးမှိန်လာပြီဆိုတာ ထင်ရှားနေပါတယ်။ ယူရေနီယမ်သန့်စင်မှု၊ ဒုံးကျည်အစီအစဉ်တွေနဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားရေးအတွက် အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆွေးနွေးပွဲ နှစ်ကြိမ်စလုံးဟာ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေခဲ့ပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဆိုရင် အမေရိကန်ကပေးပို့တဲ့ ဒုံးကျည်နဲ့ပတ်သက်တဲ့ အဆိုပြုလွှာကို ဖွင့်တောင် မဖတ်ဘဲ ပြန်ပို့လိုက်တဲ့အထိပါပဲ။
အီရန်ဘက်က တန်ပြန်အဆိုပြုချက်တစ်ခု ထွက်လာဖို့ရှိပေမဲ့ သဘောတူညီမှုမရရင် အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ထရမ့်က သတိပေးထားပါတယ်။ အီရန်ကို ဖိအားပေးဖို့အတွက် အကန့် အသတ်နဲ့ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့လည်း ထရမ့်က ဝန်ခံထားပြီး မတ်လလယ်လောက်မှာ စစ်တပ် အပြည့်အဝ ချထားမှုပြီးစီးမယ်လို့ ခန့်မှန်းရပေမဲ့ ဘယ်အချိန်မှာ စတင်လှုပ်ရှားမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဒါဆို အဆုံးသတ်ရလဒ်က ဘာဖြစ်မလဲ။ ဝါရှင်တန်ရဲ့ အဓိကရည်မှန်းချက်က အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်ကို လျှော့ချဖို့လား၊ ပဋိပက္ခမကြီးထွားအောင် တားဆီးဖို့လား၊ ဒါမှမဟုတ် အစိုးရ အပြောင်းအလဲ လုပ်ချင်တာလားဆိုတာကို ဥရောပနဲ့ ဒေသတွင်းအရာရှိတွေတောင် သေသေချာချာ မသိကြပါဘူး။
အီရန်ရဲ့ နိုင်ငံရေးဖွဲ့စည်းပုံက ခေါင်းဆောင်ပိုင်းကို ဖြုတ်ချဖို့ ကြိုးစားမယ့် မည်သည့်ဗျူဟာကိုမဆို အတော်လေး ရှုပ်ထွေးသွားစေပါတယ်။ သမ္မတ မာဒူရိုကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့တဲ့ ဗင်နီဇွဲလားနဲ့ မတူဘဲ၊ အီရန်ရဲ့ ဘာသာရေးအုပ်ချုပ်မှုစနစ်က အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ကို ဗဟိုပြုထားပြီး အင်အားကြီးမားတဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း အခိုင် အမာ ကျောထောက်နောက်ခံ ပေးထားတာပါ။ ဒါကြောင့် စစ်တပ်သုံးပြီး အစိုးရဖြုတ်ချနိုင်မယ်လို့ တွေး ထားရင် အလွန်အန္တရာယ်ကြီးတယ်လို့ ဆန်းစစ်သူတွေက သတိပေးနေကြတာပါ။
ကမ္ဘာ့စီးပွားရေးကို ကိုင်လှုပ်မယ့် ရေလက်ကြား
နောက်ဆုံးအနေနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်လာမယ့် ဂယက်တွေပါပဲ။ ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ရည် ထွက်ရှိမှုရဲ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းစီးဆင်းနေတဲ့ ဟော်မုဇ်ရေလက်ကြားဟာ အရေးပါတဲ့ ဖိအားပေးစရာ နေရာတစ်ခု ဖြစ်နေပါတယ်။ အဲဒီရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က အရင် ကလည်း ခြိမ်းခြောက်ဖူးပြီး တကယ်လို့များ ပိတ်လိုက်မယ်ဆိုရင် ကမ္ဘာတစ်လွှား စွမ်းအင်စျေးနှုန်းတွေ အဆမတန် ထိုးတက်သွားမှာပါ။ ဒီလိုလုပ်တာက သူတို့ကိုယ်တိုင်ရဲ့ ရေနံတင်ပို့မှုကိုပါ ထိခိုက်စေမယ် ဆိုပေမဲ့ အနည်းငယ် အနှောင့်အယှက်ဖြစ်ရုံနဲ့တင် ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ကမောက်ကမ ဖြစ်သွား စေနိုင်ပါတယ်။
အချိန်မရှိတော့တဲ့ အဆုံးအဖြတ်ကာလ
အခုအချိန်မှာတော့ နှစ်ဖက်စလုံးက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အလျှော့မပေးကြတော့ပါဘူး။ ဝါရှင်တန် က ယူရေနီယမ်သန့်စင်မှု လုံးဝမလုပ်ဖို့ တောင်းဆိုနေသလို၊ တဟီရန်ကလည်း သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင် နျူကလီးယားအခွင့်အရေးဆိုပြီး တင်းခံနေတဲ့အတွက် အမှားအယွင်း ဖြစ်သွားနိုင်ခြေ ပိုများလာပါတယ်။
နှစ်ဖက်စလုံးက နောက်မဆုတ်မချင်း တိုးတက်မှုရလာစရာအကြောင်းမရှိသလို၊ အဲဒီလို နောက်ဆုတ်ကြ လိမ့်မယ်လို့လည်း မယုံကြည်ဘူးလို့ အမေရိကန် သံတမန်ဟောင်း အလန် အဲရ် (Alan Eyre) က ဆိုပါတယ်။ စစ်ရေးအရ အင်အားတွေ ဖြည့်တင်းလာပြီး လေလုံးထွားမှုတွေလည်း ပိုပြင်းထန်လာတာ နဲ့အမျှ၊ အမေရိကန်နဲ့ အီရန်တို့ရဲ့ အားပြိုင်မှုဟာ အဆုံးအဖြတ်ပေးရမယ့် အဆင့်တစ်ခုဆီကို ရောက်နေပြီ ဖြစ်ပြီး တကယ်လို့ ပဋိပက္ခသာ ကြီးထွားလာမယ်ဆိုရင် အဲဒီရဲ့ပေးဆပ်ရမှုတွေက စစ်မြေပြင်တစ်ခု တည်းမှာတင် ပြီးဆုံးသွားမှာ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။
အရင်းအမြစ် - အိန္ဒိယ အိတ်စ်ပရက်စ် (The Indian Express), Cover Image -AI aided Creation
၂၂ ဖေဖော်ဝါရီ၊၂၀၂၆
ပြီးခဲ့တဲ့ စနေနေ့က အီရန်နိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့ သလို၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ ရေတပ်နဲ့ လေတပ်တွေကိုလည်း အကြမ်းဖက် အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ အမေရိကန် သံတမန်တစ်ဦးရဲ့ အငြင်းပွားဖွယ်ရာ စကားတွေအပေါ် အာရပ်နိုင်ငံတွေကြားမှာ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
တီဟီရန်မြို့မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က အမေရိကန်နဲ့ နျူကလီးယားစေ့စပ်ဆွေးနွေးမှုတွေ လုပ်နေချိန်အတွင်း ပြင်ပဖိအားတွေကို အီရန်အနေနဲ့ ဒူးထောက် အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို အရှုံး မပေးဘဲ ရင်ဆိုင်သွားမယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး စည်းစည်းလုံးလုံး နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အခုလို သမ္မတရဲ့ ပြောဆိုမှုတွေဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ တိုးချဲ့ချထား လာတာ ရယ်၊ ဝါရှင်တန်နဲ့ တီဟီရန်အကြား နျူကလီးယားနဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေး ဆွေးနွေးပွဲ နှစ်ကြိမ် လုပ်ပြီး နောက်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
EU တပ်တွေကို အခုလို အကြမ်းဖက်အဖွဲ့အဖြစ် အီရန်က သတ်မှတ်လိုက်တာဟာ မကြာသေးခင်က အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် EU က သတ်မှတ် ခဲ့တဲ့ အပေါ် တုံ့ပြန်လိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ EU ရဲ့ အဲဒီဆုံးဖြတ် ချက်ဟာ တရားမဝင်သလို ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကိုလည်း ဆန့်ကျင်နေတယ်လို့ သူတို့က ထောက်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ် ဟပ်ကာဘီ က သောကြာနေ့ အင်တာဗျူးတစ်ခုမှာ အစ္စရေးအနေနဲ့ အရှေ့အလယ် ပိုင်းတစ်ခုလုံး (ဒါမှမဟုတ် နေရာအများစု) ကို ထိန်းချုပ်ဖို့ "သမ္မာကျမ်းစာဆိုင်ရာ အခွင့်အရေး" ရှိတယ် လို့ ပြောလိုက်ပါတယ်။ ဒီစကားတွေကြောင့် အာရပ်နိုင်ငံတွေကြားမှာ အကြီးအကျယ် ပြစ်တင်ရှုတ်ချမှု တွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီမှတ်ချက်တွေကို အာရပ်အဖွဲ့ချုပ်က "အလွန်အမင်း အစွန်းရောက်တယ်" လို့ ဝေဖန်ခဲ့ပြီး၊ အထွေထွေ အတွင်းရေးမှူးချုပ် Ahmed Aboul-Gheit ကလည်း ဒါဟာ ယုတ္တိမတန်ဘဲ သံတမန်ရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ နိုင်ငံတွေက ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း နေချိန်မှာ ဒီလိုပြောတာဟာ ဘာသာရေးနဲ့ အမျိုးသားရေးခံစားချက်တွေကို သွေးထိုးလှုံ့ဆော်ဖို့လောက်ပဲ အသုံးဝင်တယ်လို့ သူက ဆိုပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီမှတ်ချက်တွေအပေါ် အလွန်တရာ အံ့သြမိကြောင်းနဲ့ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ဗြောင်ကျကျ ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဆော်ဒီနိုင်ငံခြား ရေးဝန်ကြီးကလည်း ဟပ်ကာဘီရဲ့ ပြောဆိုချက်တွေဟာ ဒေသတွင်းနိုင်ငံတွေကို ရန်စတာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာ နိုင်တယ်လို့ အဲဒီနေ့မှာပဲ သတိပေး ပြောကြားသွားခဲ့ပါတယ်။
အရင်းအမြစ်-ဆင်ဟွာ
#World_Science
Published 22 February 2026
■ ပေကျင်းရှိ ဂျူရာဆစ်အလယ်ပိုင်းကျောက်လွှာမှာ ကုန်းနေရေနေသတ္တဝါ လမ်းကြောင်းခြေရာရုပ်ကြွင်းများ တွေ့ရှိခဲ့ကြောင်း တရုတ်ဦးဆောင်တဲ့လေ့လာချက်မှာ ဖော်ပြထားပါတယ်။
■ ဒါဟာ အာရှတခွင် ဂျူရာဆစ်ကုန်းနေရေနေသတ္တဝါ ရုပ်ကြွင်းများအတွက်သာမက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆၀ ခန့်က တရုတ်မြောက်ပိုင်းရဲ့ ရှေးခေတ်ဘူမိ၊ ရှေးခေတ်ဂေဟနဲ့ ဇီဝမျိုးကွဲတို့ နားလည်သိရှိစေမယ့် အဓိကအထောက်အထား ဖြစ်လာနိုင်ပါတယ်။
■ ခြေရာနှစ်ခုပါဝင်ကာ ရှေ့ခြေနဲ့နောက်ခြေအစုံလိုက် ဖြစ်တယ်လို့ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ ဒိုင်နိုဆောပညာရှင် ရှင်လီဒါက ပြောပါတယ်။
■ အရွယ်အစား၊ ကွာဝေးပုံ၊ တန်းတူညီဦးတည်ချက်များအရ သတ္တဝါတစ်ကောင်တည်းကပဲ ရွေ့လျားသွားတာ ဖြစ်နိုင်ပါတယ်။
■ ခြေရာတစ်ခုက ကောင်းစွာထိန်းသိမ်းကျန်ရှိနေပြီး ရှေ့ဘယ်ခြေရာလို့ သတ်မှတ်ထားကာ ခြေချောင်း ၄ ချောင်းဖြင့် ယပ်တောင်ပုံသဏ္ဍာန် ပုံပေါ်နေပြီး ခြေဖဝါးက အလျား ၁.၅ စင်တီမီတာ၊ အကျယ် ၁.၃ စင်တီမီတာသာ ရှိပါတယ်။
■ ခြေရာငယ်လေးတွေကနေ အချက်အလက် ကောင်းကောင်းရရှိဖို့ ခေတ်မီ ဒီဂျစ်တယ်နည်းပညာများ၊ 3D ပုံစံများဖြင့် အသုံးပြုခဲ့ကြပါတယ်။
■ ဆန်းစစ်ချက်များအရ ခြေရာပိုင်ရှင်ဟာ ရေပုတ်သင်မျိုးနွယ်ထဲ ပါဝင်နိုင်ဖွယ်ရှိပါတယ်။
■ တရုတ်နဲ့ အာရှတခွင် ကုန်းနေရေနေသတ္တဝါ ခြေရာရုပ်ကြွင်းတွေ တွေ့ရှိတာဟာ ပထမဆုံးဖြစ်တယ်လို့ ရှင်လီဒါက ဆိုပါတယ်။
■ ရှေးခေတ်ရုပ်ကြွင်းရှာဖွေမှုတွေထဲမှာ မျှော်လင့်ချင်စရာဖြစ်ပြီး ပတ်ပတ်လည်နေရာတွေထဲမှာ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းတွေ တွေ့ရှိနိုင်တယ်လို့ ပြောသွားပါတယ်။
Source: News CGTN.
#World_Health
Published 22 February 2026
■ ထမင်းစားပြီးနောက် ကော်ဖီလေးသောက်လိုက်ရင် အစာကြေဖို့ အကူအညီဖြစ်နိုင်ပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူးလို့ ကင်းစ်ကောလိပ်လန်ဒန်မှ အာဟာရပညာရှင် ဒေါက်တာ အမ်မလီလီမင်က ပြောပါတယ်။
■ ကဖင်းဓာတ်က အူတွေကိုလှုံ့ဆော်ပြီး ကြွက်သားအလုပ်လုပ်စေကာ အစာခြေမှုကို အရှိန်ကောင်းကောင်း လုပ်စေပါတယ်။
■ ဒါပေမဲ့ ဗိုက်မကောင်းသူတွေမှာတော့ ပိုမိုဆိုးရွားစေပြီး အစာခြေခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
■ ကော်ဖီပုံမှန်သောက်ရင် အူလမ်းကြောင်းကျန်းမာရေး ကောင်းစေတယ်လို့ တွေ့ရှိထားပြီး ပုံမှန်သောက်သူတွေမှာ အူလမ်းကြောင်း ပိုးမွှားစနစ် ကွဲပြားနေတာကို အထောက်အထား တွေ့ရှိထားပါတယ်။
■ ပိုလီဖီနော ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်ကာ အမျှင်ဓာတ်အနည်းငယ်လည်း ပါဝင်ပါတယ်။
■ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကော်ဖီသောက်မယ်ဆိုရင် သင့်တော်တဲ့အချိန်မှာ သောက်ဖို့လိုအပ်ပြီး အူလမ်းကြောင်းကျန်းမာရေး တစ်ကိုယ်လုံးရဲ့စနစ်တွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။
■ ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ ၁၂ နာရီလောက်အထိ လှည့်ပတ်နေနိုင်ပြီး အချို့လူတွေမှာ အိပ်စက်မှုကို ထိခိုက်တတ်ပါတယ်။
■ ကောင်းစွာ မအိပ်ရတဲ့အခါ အူလမ်းကြောင်းကျန်းမာရေး ထိခိုက်စေပြီး အိပ်ရေးမဝတာကနေ ကျန်းမာရေးထိခိုက်စေတဲ့ အစားအစာတွေ စားမိစေနိုင်ပါတယ်။
■ ဒါကြောင့် ကဖင်းဓာတ်ပါတဲ့ ကော်ဖီကို မွန်းလွဲမတိုင်ခင် သောက်သုံးဖို့ အကြံပြုထားပါတယ်။
Source: The Guardian
အရေးပေါ်စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆော့ယောကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ်တသက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ကြာသပတေးနေ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ မြင်တွေ့ရပါတယ်။
#Local_News
Published 21 February 2025
#တောင်ကိုရီးယားသမ္မတဟောင်းယွန်ဆော့ယော
#YMG #Yangon_Times #Yangon_Media_Group
၂၁ ဖေဖော်ဝါရီ ၂၀၂၆-
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကရှယ်ယာရှင်နှင့်ပိုင်ရှင် ဂျင်မ် ရက်ကလစ်ဖ်ဟာ ဗြိတိန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေက "နယ်ချဲ့ကျူးကျော်နေပြီ" လို့ ပြောကြားခဲ့တဲ့အတွက် ဝေဖန်မှုတွေ ထွက် ပေါ်ခဲ့ပေမဲ့၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ သူ့ကို အရေးယူမှာမဟုတ်ဘူးလို့ စနေနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရက်ကလစ်ဖ်က သူသုံးနှုန်းခဲ့တဲ့ အသုံးအနှုန်းအတွက် ပြီးခဲ့တဲ့အပတ်က တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့စီးပွားရေးမှာ လူဝင်မှုကြီးကြပ်ရေးပြဿနာက ဆွေးနွေးဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ သူရဲ့ ကနဦးပြောကြားချက်တွေကြောင့် ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြစ်တင်ဝေဖန်မှုကိုတောင် ခံခဲ့ရတာပါ။
FA ရဲ့ ထုတ်ပြန်ချက်အရ ရက်ကလစ်ဖ်ကို အရေးယူမှုမလုပ်ပေမဲ့၊ အင်္ဂလိပ်ဘောလုံးလောကမှာ ပါဝင်ပတ်သက်နေသူတစ်ဦးအနေနဲ့ မီဒီယာတွေမှာ စကားပြောတဲ့အခါ ပိုပြီးတာဝန်ယူမှုရှိဖို့ သတိပေး ချက်တစ်ခုတော့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ရက်ကလစ်ဖ်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က အင်တာဗျူးမှာ "အစိုးရထောက်ပံ့ကြေးနဲ့ နေနေသူ ၉ သန်းလောက်ရှိပြီး ရွှေ့ပြောင်းနေထိုင်သူတွေ ဒီလောက်အလုံးအရင်းနဲ့ ဝင်လာနေရင် စီးပွားရေးက ဘယ်လိုမှ မကောင်းနိုင်ဘူး။ တကယ်တော့ ယူကေဟာ နယ်ချဲ့ခံနေရတာပါ၊ ဒါဟာ ကုန်ကျစရိတ်တွေ အရမ်းများလွန်းတယ်" ဆိုပြီး ထည့်သွင်းပြောကြားခဲ့တာပါ။
အသင်းပိုင်ရှင်ရဲ့ ဒီလိုအငြင်းပွားဖွယ်ရာ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မန်ယူမန်နေဂျာ မိုက်ကယ် ကာရစ်ကို မေးမြန်းတဲ့အခါမှာတော့ သူက ဒီကိစ္စထဲကို ဝင်မပါဘဲ ရှောင်လွှဲသွားခဲ့ပါတယ်။ ကာရစ်က "ကျွန်တော်တို့ ကလပ်အသင်းအနေနဲ့ တစ်ဦးကိုတစ်ဦး လေးစားဖို့၊ တန်းတူညီမျှရှိဖို့နဲ့ ကွဲပြား ခြားနားမှုတွေကို လက်ခံဖို့ဆိုတဲ့ မူဝါဒတွေကိုပဲ နေ့စဉ်ကျင့်သုံးသွားမှာပါ" လို့သာ တုံ့ပြန်ခဲ့ပါတယ်။
လောလောဆယ် မန်ချက်စတာယူနိုက်တက်ဟာ ၂၆ ပွဲကစားအပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ အဆင့် ၄ နေရာ မှာ ရှိနေပါတယ်။ လာမယ့်တနင်္လာနေ့မှာ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ အတွင်း မြဲနေအောင် ဆက်လက်ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
Source: Reuters
Page 11 of 1129