#LocalNews
Published_1 June 2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာအနီး၊ ညောင်ပင်ခြေကမ်းခြေတွင် မေလ ၃၁ ရက် ညနေပိုင်းက ဝေလငါးတစ်ကောင် သေဆုံးကာ သောင်တင်နေကြောင်း ရခိုင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။
အဆိုပါ ဝေလငါး၏ အလျားမှာ ၁၀ ပေ ၂ လက်မ၊ လုံးပတ် ၄ ပေ ရှိကာ မည်သည့်အတွက် သေဆုံးသည်ကို မသိရသော်လည်း ကျောက်ဆောင်များဖြင့် ပွတ်တိုက်မိရာက ဒဏ်ရာရကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက မှတ်ချက်ပြုထားသည်။
လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း အဆိုပါ ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာနှင့် ၅ မိုင်ခန့်အကွာရှိ ပင်လယ်ကမ်းစပ်တွင် ဝေလငါးတစ်ကောင် သောင်တင်ခဲ့ဖူးသေးကြောင်းလည်း သိရသည်။
ဝေလငါးသည် ကမ္ဘာတွင် အကြီးဆုံး ရေနေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး ပေ ၁၁၁ ပေထိ ရှည်နိုင်ကာ တန်ချိန်ပေါင်း ၉ဝ မှ ၁ဝဝ ခန့်ထိ ကြီးနိုင်သည့် သတ္တဝါ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -1 June 2022
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာ စကားအမှန်တကယ်တတ်ကျွမ်းတဲ့တိုင်းရင်းသားများအား ပညာရေးလျှော့ပေါ့ပြီး (၉)တန်းအောင်များကို ခန့်ထားနိုင်ရေးဆောင်ရွက်ထားဖို့ရှိတယ်လို့နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်၊၊
ဇွန်လ(၁)ရက်က နစက၊ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ (၁၅)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောခဲ့တာပါ၊၊
"တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုတွေကိုထင်ဟတ်စေဖို့အတွက် တိုင်းရင်းသားစာပေသင်ကြားရေးနဲ့ပတ် သက်တဲ့ဆရာ၊ ဆရာမတွေကို လစာတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိတယ်၊၊ ဒီလိုတိုင်းရင်းသား ဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးအပြင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားဘာသာစကား အမှန်တကယ်တတ်ကျွမ်းတဲ့ တိုင်းရင်းသားများကို ပညာရေးလျှော့ပေါ့ပြီး (၉)တန်းအောင်များအား ခန့်ထားနိုင်ရေးဆောင်ရွက်ထားဖို့ရှိတဲ့အတွက် တိုင်းရင်းသားလူငယ်များရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောပါတယ်၊၊
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေနဲ့ စာပေဘာသာစကားယဥ်ကျေးမှုအမွေအနှစ်ဓလေ့ထုံးစံတွေနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနေပြီး တိုင်းရင်းသားဘာသာရပ်စာပေသင်ကြားရေးမှာ ဆရာ၊ ဆရာမတွေနေရာမှာ တိုင်းရင်းသားဘာသာစာပေသင်ကြားနိုင်တဲ့ပြင်ပ ပုဂ္ဂိုလ် Teaching Assistance(၁၂၂၂)ဦး၊ Learning Teacher (၂)ဦး ကို ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးခန့်ထားနိုင်ခဲ့ကာ တိုင်းရင်းသားဘာသာရပ်စာပေသစ်တွေအတွက် TA (၁၂၇)ဦး၊ LA(၃)ဦးခန့်အပ်ပေးခဲ့ပြီး လစ်လပ်နေတဲ့အခြေခံကျောင်းများမှာလည်း ထပ်မံခန့်အပ်ပေးသွားဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_1 June 2022
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အရေးယူခံထားရသူ ၂၈၉၆ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင်ဦးခင်မောင်ဦးက ယနေ့ ဇွန်လ ၁ ရက်တွင်ကျင်းပသည့် နေပြည်တော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲမသမာမှုများ၊ တရားမဲ့ ပြုကျင့်သည့်ဖြစ်စဉ်များတွင်ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ ၄၇၉ ဦး၊ တရားစွဲဆိုပြီး အမှုတွဲအရေအတွက် ၇၉ မှု၊ ယင်းအမှု ၇၉ မှုတွင် ကျူးလွန်သူ ၉၃ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီးအမှုအရေအတွက် ၄၇ မှု၊ ပြစ်ဒဏ်ချမှတ်ရန်ကျန်သည့် အမှု ၃၂ မှု ရှိကြောင်း ယင်းက ဆိုသည်။
အရေးယူထားသည့်အထဲတွင် နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဟောင်း၊ပြည်ထောင်စုဝန်ကြီးဟောင်းဦးမင်းသူ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့များ စသည်တို့ပါဝင်ကြကြောင်း သိရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သူ ၂၄၁၇ ဦးရှိပြီး တရားစွဲဆိုပြီး အမှုတွဲအရေအတွက် ၃၇၃ မှု၊ ကျူးလွန်သူ၂၁၆၉ ဦး၊ ပြစ်ဒဏ်ချမှတ်ပြီး ၃၆၄ မှု၊ပြစ်ဒဏ်ချမှတ်ရန်ကျန်နေသော အမှု ၉ မှု ရှိကြောင်းလည်း သိရသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲဥပဒေဖြင့် အမှု ၅၄၆ မှု၊ တရားစွဲတင်ပြီးအမှု ၃၄၅ မှု၊ ပိတ်သိမ်းခဲ့သော အမှု ၁၉၉ မှု၊ ဥပဒေအကြံပြုချက်တောင်းခံဆဲ ၂မှု ရှိခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media Group
#LocalNews
Published -1 June 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ရန်ပြင်ဆင်နေစဉ် စာသင်ကျောင်းများကို မီးရှို့ခြင်းနှင့် ဖောက်ခွဲခြင်းများ ပြုလုပ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်အဖွဲ့၏ ဇွန်လ တစ်ရက်က ပြုလုပ်သည့် ၁၅ ကြိမ်မြောက်သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
"အကြမ်းဖက်သမားတွေအနေနဲ့ ဒီလိုကိစ္စတွေကိုလုပ်ဆောင်နေတာဟာ ကျောင်းသားကျောင်းသူတွေကို သူတို့လို လမ်းမှားပေါ်ရောက်အောင်တွန်းပို့နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ကတော့ ပညာသင်ကြားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။ လုံခြုံမှုရှိအောင်လည်း ကြိုးစားပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မေလ ၁၁ ရက်မှ ၃၁ ရက်ထိ စာသင်ကျောင်းဖျက်ဆီးခံရမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး မီးရှို့ဖျက်ဆီးခံရမှု သုံးကြိမ်၊ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခံရမှု တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအပြင် မေလအတွင်း စာသင်ကျောင်းဖျက်ဆီးခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိသူ ၆၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၄၀ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးနှင့်ပျောက်ဆုံးသူ ၁၁ ဦးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကလည်း ကျောင်းသုံးစာအုပ်မီးရှို့ဖျက်ဆီးခံရမှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 1 June 2022
၁။ စက်သုံးဆီဈေးကြီးခြင်း၊ ဝယ်ယူရခက်ခဲခြင်း၊ ခရီးသည်ရှားပါးခြင်းကြောင့် ရန်ကုန်ကအငှားယာဉ်အချို့ရပ်နားရ
၂။ ပဲခူးမြစ်အတွင်းဖြစ်ထွန်းနေသည့် ရေလယ်ကျွန်းကို အပန်းဖြေစခန်းဖွင့်ရန် တင်ပြထား
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပထမဆုံးစကိတ်စီးကွင်း လစ်ဗျားတွင်ဆောက်လုပ်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 June 2022
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း သစ်တောဖုံးလွှမ်းမှု ၉.၃၅ ရာခိုင်နှုန်းလျော့နည်း ပျက်စီးလာတဲ့အတွက် သဘာဝတောများ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ဖို့လိုတယ်လို့ နစက ဥက္ကဋ္ဌ ကပြောပါတယ်။
ယမန်နေ့ မနက်က နေပြည်တော်မှာပြုလုပ်တဲ့ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတစ်ခုမှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးက ၀င်ရောက်သစ်ပင်စိုက်ပျိုးပြီး ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၀၀ ပြည့်နှစ် သစ်တော သယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ရှိသောကြောင့် တဖြည်းဖြည်းနှင့် သစ်တောဖုံးလွှမ်းမှုဧရိယာ လျော့နည်းလာပြီး သစ်တောများ ပိုမိုပျက်စီး လာတယ်လို့ သူက သတိပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း ၂၈၇၁၅ ဧက၌ အပင်ပေါင်း ၂၄ သန်းခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်း ၂၄၂၆၉ ဧက၌ အပင်ပေါင်း သန်း ၂၀ ခန့် စိုက်ပျိုးသွားရန် စီမံထားကြောင်း သိရပါတယ်။
လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် ခရီးသွားပြည်သူလူထုအနေဖြင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တောပါးနေရာများ၌ သစ်တောကွက်များ စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်က လမ်းပိုင်း ၆၆၃ ပိုင်းမှာ အပင်ပေါင်း ၂၇၈၅၇၃ ပင် စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၂ ခုနှစ် မိုးရာသီ၌ လမ်းပိုင်း ၈၅၉ ပိုင်းတွင် အပင်ပေါင်း ၂ သိန်း ၅ သောင်းကျော် စိုက်ပျိုးသွားကြမှာ ဖြစ်ကြောင်း သိရပါတယ်။
တစ်ဖက်က သစ်ပင်များ စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို အရှိန်အဟုန်နှင့် ဆောင်ရွက်နေသကဲ့သို့ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini-budget) နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
ထို့အပြင် သစ်အလုံးလိုက်နှင့် ခွဲသား ပြည်ပသို့ ရောင်းချခြင်းကိုလည်းခွင့်မပြုဘဲ ကုန်ချောထုတ်လုပ်ပြီးမှသာ တင်ပို့ရောင်းချရေး ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ထင်း၊ မီးသွေးကို လောင်စာအဖြစ် အများဆုံးအသုံးပြုကြပြီး နိုင်ငံလူဦးရေ၏ ၇၀ ရခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကာ ချက်ပြုတ်စားသောက်ရန်အတွက် အများစုသည် ထင်းကို အဓိကထား သုံးစွဲကြပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldEconomy
Published 1 June 2022
စရိတ်ဈေးနှုန်းများအဆက်မပြတ်မြင့်တက်လာမှုကို ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ဖက်ဒရယ်ဗဟိုဘဏ်ဥက္ကဌတို့ အင်္ဂါနေ့ကတွေ့ဆုံကာ ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးဗျူဟာရေးဆွဲခဲ့ကြပါတယ်။
အခုနောက်ပိုင်း နိုင်ငံရဲ့စီးပွားရေးကံကြမ္မာနဲ့ နိုင်ငံရေးအလားအလာတွေက ဗဟိုဘဏ်အပေါ်များစွာမှီခိုလာရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
'ဘိုင်ဒန်'က ဓာတ်ဆီဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းနဲ့ အခြားဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ပြည်သူတွေရဲ့စိုးရိမ်မှုကို အလေးထားဆောင်ရွက်နေကြောင်း မဲဆန္ဒရှင်တွေရှေ့မှောက်မှာဖော်ပြချင်နေပြီး ဗဟိုဘဏ်အနေနဲ့လည်း နိုင်ငံရေးဖိအားအောက်မှကင်းလွတ်စွာ လုပ်ဆောင်နိုင်ရမယ်လို့ အခိုင်အမာဆို နေဆဲဖြစ်ပါတယ်။
'ဘိုင်ဒန်'ရဲ့သဘောထားကဲ့သို့ပဲ ဗဟိုဘဏ်ကလည်း အမေရိကန်စီးပွားရေးဆုတ်ယုတ်မှုမဖြစ်စေဘဲ ငွေကြေးဖောင်းပွမှုကိုအရှိန်လျော့အောင်လုပ်ဆောင်ချင်နေပြီး လုံးဝအထိခိုက်မခံတဲ့အစီအစဉ်အဖြစ် လာမယ့်နွေရာသီမှာ အတိုးနှုန်းတိုးမြှင့်ဖို့လည်း ပါဝင်နေပါတယ်။
အရင်သမ္မတတွေကြိုးပမ်းခဲ့ဖူးတဲ့လမ်းစဉ်ကိုတော့ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ 'ဘိုင်ဒန်'ကဆိုပါတယ်။
ဓာတ်ငွေ့နဲ့ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းက အမေရိကန်အများစုကို မကျေမနပ်ဖြစ်စေကာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရဖို့ တွန်းအားဖြစ်လာနိုင်ပြီး အောက်လွှတ်တော်နဲ့အထက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရက်တွေအတွက် အန္တရာယ်ရှိလာတဲ့အနေအထားဖြစ်ပါတယ်။
'ဘိုင်ဒန်'ကိုယ်တိုင်၌က ရွေးချယ်စရာမရှိဖြစ်လာပြီး အရင်က ဗျူဟာမြောက်အရန်ရေနံထုတ်လွှတ်ခြင်း၊ ဆိပ်ကမ်းလည်ပတ်မှုတိုးတက်ရေးနဲ့ ဈေးနှုန်းဖြတ်တောက်မှု စုံစမ်းစစ်ဆေးရန်ခေါ်ဆိုမှုတွေမှာ ကျေနပ်ရလောက်တဲ့ အခြေအနေမျိုး မရရှိခဲ့ပါဘူး။
ဈေးနှုန်းများမြင့်တက်လာတဲ့ဖြစ်စဉ်က အလုပ်လက်မဲ့ဦးရေ ၃.၆ ရာခိုင်နှုန်းလျော့နည်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့လုပ်ရပ်အပေါ် လွှမ်းမိုးသွားခဲ့ပြီး အမေရိကန်တွေအကြား အဆိုးမြင်စိတ်တွေတိုးများလာပါတယ်။
အင်္ဂါနေ့ကဆွေးနွေးမှုဟာ ဗဟိုဘဏ်ကိုဦးဆောင်ရန် နိုဝင်ဘာလက'ပါဝဲလ်'ကို 'ဘိုင်ဒန်'ခန့်အပ်တာဝန်ပေးပြီးနောက် ပထမဆုံးတွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။
အမေရိကန်မှာ ကပ်ရောဂါပျံ့ပွားချိန်ကာလမှာ ငွေကြေးဖောင်းပွမှုက ကုန်ကြမ်းပစ္စည်းထောက်ပံ့မှုပြဿနာကြောင့် ခဏတာခံစားရတာဖြစ်တယ်လို့ ဗဟိုဘဏ်နဲ့ အိမ်ဖြူတော်တိုက အစပိုင်းမှာဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း 'ဘိုင်ဒန်'က ကိုရိုနာဗိုင်းရပ်စ်ထူထောင်ရေးအတွက် ဒေါ်လာ ၁.၉ ထရီလီယံထောက်ပံ့ခဲ့ရာ စီးပွားရေးကဏ္ဍထဲသို့ ငွေအမြောက်အများစီးဆင်းသွားပြီး ငွေကြေးဖောင်းပွမှု ပိုဖြစ်စေတယ်လို့ ရီပတ်ဘလစ်ကန်ဥပဒေအမတ်များက အလျင်စလိုဝေဖန်ခဲ့ပါတယ်။
မမျှော်လင့်တဲ့ရိုက်ခတ်မှုကြီးတွေနဲ့ ထောက်ပံ့ရေးပိတ်ဆို့မှုများက စီးပွားရေးပေါ်မှာ ဘယ်လိုသက်ရောက်လာမလဲဆိုတာကို အပြည့်အဝနားမလည်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယဲလန်'က CNN ကို အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှု အတိုင်းအတာက အလယ်အလတ်လောက်သာရှိနေပေမယ့် ဗဟိုဘဏ်ရဲ့ယခုနှစ်ကုန်အထိခန့်မှန်းချက် ၂ ရာခိုင်နှုန်းထက်တော့ အတော်ကိုများပြားနေခဲ့ပါတယ်။
ဥရောပသမဂ္ဂက ရုရှားရေနံဝယ်ယူမှု ၉၀ ရာခိုင်နှုန်းကိုဖြတ်တောက်ဖို့ သဘောတူခဲ့ကြတာကြောင့် ဓာတ်ငွေ့ဈေးနှုန်းတွေဆက်လက်မြင့်တက်နေမယ်လို့ မျှော်မှန်းရပါတယ်။
ဒါကြောင့် အီးယူအနေနဲ့ အခြားနေရာတွေမှ ရေနံတွေပိုမိုဝယ်ယူရဖို့ရှိနေပြီး အင်္ဂါနေ့က ရေနံတစ်စည်ကို ၁၁၅ ဒေါ်လာအထိရှိလာပါပြီ။
"ကျွန်တော့်အရင်က သမ္မတတွေက ဗဟိုဘဏ်ကိုချုပ်ကိုင်ဖို့ကြိုးစားခဲ့ပေမယ့် ကျွန်တော်ကတော့အဲဒီလိုမလုပ်ပါဘူး၊ ဒီအဖွဲ့အစည်းကို ဦးဆောင်ဖို့အတွက် ပါတီနှစ်ခုစလုံးက အရည်အချင်းပြည့်မီတဲ့သူတွေကို ခန့်အပ်ထားပါတယ်၊ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ဖို့က အခုအချိန်မှာ အရေးကြီးဆုံး စီးပွားရေးစိန်ခေါ်မှုဖြစ်ကြောင်း သူတို့ရဲ့အကဲဖြတ်သုံးသပ်မှုကို သဘောတူပါတယ်" လို့ 'ဘိုင်ဒန်'ကပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ရုရှားသမ္မတ'ပူတင်'က ယူကရိန်းကိုကျူးကျော်ဖို့ အမိန့်ပေးခဲ့ပြီးနောက် စွမ်းအင်နဲ့စားနပ်ရိက္ခာဈေးနှုန်းများ ခုန်တက်သွားကာ တစ်ကမ္ဘာလုံးမှာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တချိန်တည်းမှာပဲ တရုတ်ပြည်ရဲ့ ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းတွေကြောင့် ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေးလည်း ပိုမိုခက်ခဲလာခဲ့ပါတယ်။
ဒါကြောင့် ဥရောပသမဂ္ဂမှာ စံချိန်တင်ငွေကြေးဖောင်းပွခြင်းနဲ့ စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပေါ်လာပြီး လောင်စာဆီတစ်ဂါလန်ကို ၄.၆၂ ဒေါ်လာရှိလာတာကြောင့် ပိုမိုစိတ်ပျက်နေကြရပါတယ်။
Source: AP News
#Yangon_Media_Group
#Local-News
Published_1 Jun 2022
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူများအနေဖြင့် ပြည်တွင်းလေယာဉ်စီးလျှင် ထပ်မံဆေးစစ်ရန်မလိုတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
"ပြည်တွင်းလေကြောင်း ခရီးစဉ်တွင် လိုက်ပါမည့်သူများ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားပါက RDT စစ်စရာမလိုတော့ပါ"ဟု ကျန်းမာရေးဌာနမှ ဒေါက်တာခင်ခင်ကြီးက သူ၏လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ပြည်တွင်းလေယာဉ်စီးခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူဖြစ်သော်လည်း ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ယူဆောင်သွားရခြင်းဖြစ်သောကြောင့် လေယာဉ်စီးခရီးသည်များနှင့် ကိုဗစ်စစ်ဆေးပေးသည့် လုပ်ငန်းစဉ်နှစ်ခုကြားတွင် မရိုးမသားကိစ္စများ ဖြစ်ပေါ်မှုရှိနေကြောင်းလည်း ရခိုင်ပြည်နယ်သို့ လေယာဉ်ခရီးစဉ်ဖြင့် အမြဲသွားရောက်နေသူတစ်ဦးကပြောသည်။
"ကျွန်မက တစ်လကို အသွားအပြန် လေးခေါက်လောက် လေယာဉ်စီးနေရသူပါ။ ကိုဗစ်ကာကွယ်ဆေးက အားလုံးထိုးပြီးသား။ ဒါပေမယ့် လေယာဉ်စီးဖို့ နှာခေါင်းထိုးရတာ သွားသမျှ အကြိမ်ကြိမ် ဆိုတော့ လူက နှာခေါင်းကို အထိုးမခံချင်တော့ဘူးလေ။ ဒါကြောင့် ထောက်ခံစာရဖို့ အကြံအဖန်တွေကို လုပ်ရတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြောတာ။ ဒီလိုဆိုတော့ မရိုးမသားတွေ ဖြစ်ရတယ်။ နောက်ပြီး ငွေကြေးကုန်ကျမှုတွေ ရှိတယ်။ ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေ အခု လေယာဉ်စီးမယ်ဆိုရင် ကိုဗစ်စစ်ဆေးတာကို မလိုတော့ဘူးဆိုတော့ ကြိုဆိုပါတယ်။ ဒါမျိုးက ဖြစ်သင့်တာကြာပါပြီ"ဟု အဆိုပါ ခရီးသည်တစ်ဦးက YMG ကို ပြောသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -1 june 2022
လေဆိပ်များနှင့်နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်ရောက်လာသူများတွင် မျောက်ကျောက်ရောဂါ
Monkeypox လက္ခဏာရှိမရှိ သတင်းပေးပို့ပြီးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက သိရသည်၊၊
အိမ်နီးချင်းထိုင်းနိုင်ငံတွင် မေလ(၃၀)ရက်က သုဝဏ္ဍဘူမိလေဆိပ်၌ဩစတျေးလျသို့ သွားရောက်မည့် Transit ခရီးသည်တစ်ဦးထံမှ မျောက်ကျောက်ရောဂါကို အတည်ပြုတွေ့ရှိခဲ့ပြီးနောက်မြန်မာနိုင်ငံမှာလည်း လေဆိပ်များနှင့်နယ်စပ်ဝင်ထွက်ပေါက်များတွင် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်ရေး များဆောင်ရွက်သွားမည့်အကြောင်း ထုတ်ပြန်ခြင်း ဖြစ်ပါသည်၊၊
(၂၀၂၂) ခုနှစ်၊ မေလ (၃၁) ရက်ကနေပြည်တော်တွင် ပြုလုပ်ခဲ့သည့် Monkeypox ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးရာတွင် ယင်းကဲ့သို့ သတင်းပေးပို့စစ်ဆေးဆောင်ရွက်ရန် ထည့်သွင်းဆွေးနွေးခဲ့ ခြင်းဖြစ်သည်၊၊
အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် Monkeypox ရောဂါ လက္ခဏာများရှိပါက သတင်းပေးပို့နိုင်ရေးအတွက် Health Declaration Card များတွင် Monkeypox ရောဂါ သံသယရောဂါလက္ခဏာများကို ထည့်သွင်းထားရှိရေး၊ ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာရေး၊ ရောဂါလက္ခဏာများကို စမ်းသပ်ကြည့်ရှုရေး စသည့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဖျားခြင်း၊ အနီစက်/အရည်ကြည်ဖုထွက် ခြင်း (Fever with vesicular rash) ရောဂါလက္ခဏာစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းလမ်းညွှန်ကို ပြည်နယ်/ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသို့ ဖြန့်ဝေခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွင်း Monkeypox ရောဂါ လူနာကို ပထမဦးဆုံးအနေဖြင့် တွေ့ရှိခြင်းဖြစ်စဉ် ဖြစ်ပွားလာပါက ပြင်ဆင်ဆောင်ရွက်ထားရှိမည့်လုပ်ငန်းများနှင့် အခြားသူများသို့ ဆက်လက် ကူးစက်မှုမရှိစေရေး သီးခြားခွဲခြားထားရှိခြင်း၊ အနီးကပ်ထိတွေ့သူများကို စောင့်ကြည်ခြင်း စသည့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၊ Monkeypox ရောဂါကို အတည်ပြုပေးနိုင်ရေး ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးနိုင်ရေးနှင့် လူနာကို စနစ်တကျ ကုသပေးနိုင်ရေးအတွက် ကူးစက်မြန်ရောဂါများဆိုင်ရာ ဆေးကုသမှုစီမံခန့်ခွဲရေးကော်မတီ (Emerging and re-emerging infectious diseases clinical management committee) များအား လိုအပ်သလို ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းများ စသည့်လုပ်ငန်းရပ်များကို အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 1 June 2022
၂၀၂၂ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြန်မာ့ပင်လယ်ပြင်မှာ ကမ်းဝေးငါးဖမ်းရေယာဉ် ၃၀ ရာခိုင်နှုန်းကို ပြန်လည်ဖမ်းခွင့်ပြုမှာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာက ထုတ်ပြန်ထားပါတယ်။
ဒီနှစ်မှာ ငါးမဖမ်းရရာသီကို ဧပြီ၊ မေနဲ့ ဇွန် သုံးလကိုသတ်မှတ်ထားပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေကို တင်ပြခဲ့တာကြောင့် ဇွန် ၁ ရက်က စတင်ပြီး ကမ်းဝေးငါးဖမ်းရေယာဉ် ၃၀ ရာခိုင်နှုန်းကို ပြန်လည်လုပ်ကိုင်ခိုင်းမှာဖြစ်ကာ ကျန်ရှိနေတဲ့ ရေယာဉ်တွေကို ဇွန်လကုန်မှသာ ငါးဖမ်းခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ရှိ ကမ်းဝေးငါးဖမ်းရယာဉ်ပေါင်း ၃၀၀၀ ကျော် အနက် ၃၀ ရာခိုင်နှုန်းကို ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် ရာသီအလိုက်လုပ်ကိုင်ရတဲ့ အင်္ဂလန်ကျားဖောင်ဝိုင်းချုပ်၊ ကင်းမွန်ငါးဖမ်း ရေယာဉ်တွေကို နှစ်လပိတ်သိမ်းပြီး တရွတ်ဆွဲသုံးချောင်းကျောက်ပို၊ ကျောက်ပိုက်၊ စိန်ပိုက်၊ ငါးဖမ်းပိုက်နဲ့ မြှုံးတို့ကို အသုံးပြုကာ ငါးဖမ်းတာတွေကို ပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#WorldHealth
Published 1 June 2022
အသည်းရောင်အသားဝါ-အေ ရောဂါပျံ့ပွားနေမှုအတွင်း လတ်ဆတ်တဲ့အော်ဂဲနစ်စတော်ဘယ်ရီတွေနဲ့ ဆက်စပ်နေသလားဆိုတာကို အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)က စုံစမ်းစစ်ဆေးနေပါတယ်။
အချို့ပြည်နယ်တွေမှာ ရောဂါဖြစ်ပွားနေတယ်လို့ FDA က စနေနေ့ကထုတ်ပြန်သတိပေးထားပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC), ကနေဒါ ပြည်သူ့ကျန်းမာရေးအေဂျင်စီနဲ့ ကနေဒါအစားအစာစစ်ဆေးရေး အေဂျင်စီတိုနဲ့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်အထိ အသက်သေဆုံးသူမရှိသေးပေမယ့် ကယ်လီဖိုးနီးယား၊ မင်နီဆိုတာ၊ ကနေဒါတို့မှာ ရောဂါဖြစ်ပွားသူ ၁၇ ဦးနဲ့ ဆေးရုံတက်ကုသခံယူရသူ ၁၂ ဦးတွေ့ရှိထားပါတယ်။
အမေရိကန်နဲ့ကနေဒါတို့မှာ ဖြစ်ပွားနေတဲ့ရောဂါတွေဟာ FreshKampo နဲ့ HEB အမှတ်တံဆိပ်တို့ဖြင့်ထုတ်လုပ်တဲ့ လတ်လတ်ဆတ်ဆတ်အော်ဂဲနစ်စတော်ဘယ်ရီများနဲ့ ဆက်စပ်နေနိုင်ပါတယ်။
၂၀၂၂ မတ်လ ၅ ရက်နေ့မှ ဧပြီ ၂၅ ရက်အတွင်းဝယ်ယူထားတဲ့ FreshKampo နဲ့ HEB အမှတ်တံဆိပ်ပါ အော်ဂဲနစ်စတော်ဘယ်ရီတွေနဲ့ အေးခဲပြီးသိမ်းဆည်းထားတဲ့ စတော်ဘယ်ရီတွေကို စားသုံးရောင်းချခြင်းမပြုဖို့ FDA က ကြေညာထားပါတယ်။
ရောဂါဖြစ်နိုင်ချေနဲ့ဆက်စပ်နေတဲ့ စတော်ဘယ်ရီတွေကို Aldi, H-E-B, Kroger, Safeway, Sprouts Farmers Market, Trader Joe’s, Walmart, Weis Markets နဲ့ WinCo Foods အရောင်းဆိုင်တွေမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား၊ မင်နီဆိုတာ၊ ကနေဒါတို့မှာ မတ်လ ၂၈ နဲ့ ဧပြီ ၃၀ ရက်ကြားအတွင်း ရောဂါလက္ခဏာစတင်ပေါ်ပေါက်လာခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
အသည်းရောင်အသားဝါ-အေရောဂါ ဖြစ်ပွားတဲ့လက္ခဏာခံစားလာရရင် ကျန်းမာရေးစောင့်ရှောက်မှုများထံ ဆက်သွယ်ဖို့ FDA က မှာကြားထားပါတယ်။
ဒီရောဂါက အလွန်ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး အသည်းရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။
ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေက အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်း၊ ဆီးမည်းသွားခြင်း၊ ဝမ်းလျှောခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းမှား ဖြစ်တတ်ပါတယ်။
Source:NYPost
#Yangon_Media_Group
#LocalNews
Published -1 June 2022
တာဝန်မှကင်းကွာနေသည့် ဆရာ၊ ဆရာမများ တာဝန်ပြန်လည်ထမ်းဆောင်ရန် သတင်းပေးပို့သည့် ဆရာ၊ ဆရာမဦးရေ ၂၄၈၂ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ခြိမ်းခြောက်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှူ၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာ ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မေလ ၃၁ ရက်နောက်ဆုံးထား သတင်းပေးပို့ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်ထိ ဆရာ ဆရာမဦးရေ ၂၄၈၂ ဦး ဆက်သွယ်သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဆက်သွယ်ပေးပို့ရန် ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့်အခြားသောအခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပေးပို့ရန် ဆက်သွယ်ရမည့်ရက်ကို ဇွန်လ ၇ ရက်အထိ တိုးမြှင့်သတ်မှတ်ပေးထားကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1497 of 1686