ဆိုးလ်၊ ဩဂုတ် ၁၃ (ဘလွန်းဘတ်) – ပြစ်တင်စွပ်စွဲခံထားရသော တောင်ကိုရီးယားသမ္မတ ယွန်းစုခ်  ယော်၏ ဇနီး ကင်ကီယွန်ဟီအား စတော့ဈေးကွက် ကြိုးကိုယ်ခြယ်လှယ်မှုမှသည် လာဘ်ပေး  လာဘ်ယူ   မှုအထိ စွဲချက်များဖြင့် စုံစမ်းစစ်ဆေးနေသည့်လုပ်ငန်းစဉ်ကြောင့် အင်္ဂါနေ့နှောင်းပိုင်းက ဖမ်းဆီးခဲ့သည် ဟု စုံစမ်းစစ်ဆေးရေးအရာရှိများက ပြောကြားသည်။

ဆိုးလ်ဗဟိုခရိုင်တရားရုံးက သမ္မတကတော်ဟောင်းအတွက် ဖမ်းဝရမ်းကိုအတည်ပြုပေးပြီးနောက် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်နှစ်အစောပိုင်းက တိုင်းပြည်၏  နိုင်ငံရေး   ကို လှုပ်ခတ်ခဲ့သည့် ဒီယော(Dior bag) အိတ် အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက် နေခဲ့သူ  ဖြစ် သည်။

တောင်ကိုရီးယားတွင် ရာထူးမှထွက်ပြီးနောက် ကံကြမ္မာပြောင်းလဲသွားခဲ့သည့် ခေါင်းဆောင်များ စာရင်း အရှည်ကြီးရှိသော်လည်း သမ္မတဟောင်းနှင့် သူ၏ဇနီးတို့ တစ်ချိန်တည်း အဖမ်းခံရသည်မှာ နိုင်ငံ  သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ကင်ကီယွန်ဟီသည် တောင်ကိုရီးယားသမိုင်းတွင် အဖမ်းခံရသည့် ပထမဆုံးသော သမ္မတကတော်ဟောင်းလည်း ဖြစ်သည်။

စုံစမ်းရေးအရာရှိများသည် ကင်ကီယွန်ဟီအား ဇိမ်ခံလက်ကိုင်အိတ်တစ်လုံးနှင့် လည်ဆွဲကြိုးတစ်ကုန်း   လက်ဆောင်ရရှိမှုမှအစ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း စတော့ဈေးကွက် ကြိုးကိုင်မှု အစီအစဉ်တွင် ပါဝင်ပတ်သက်နေမှုအထိ စွဲချက်အမျိုးမျိုးဖြင့် စစ်ဆေးနေသည်။

ကင်ကီယွန်ဟီ အဖမ်းခံရခြင်းမှာ သူမ၏ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဖြုတ်ချခံရ ပြီးလေးလအကြာတွင် ဖြစ်သည်။ ယွန်းစုခ်ယော်သည် နိုင်ငံနှင့် ကမ္ဘာကို လှုပ်ခတ်ခဲ့သည့် မာရှယ်လော ထုတ်ပြန်ခဲ့မှုမရှုမလှ  ပျက်ပြားခဲ့ပြီးနောက် ဖြုတ်ချခံခဲ့ရသည်။ ယွန်းစုခ်ယော်ကိုယ်တိုင်လည်း ဒီဇင်ဘာလအစောပိုင်းက မာရှယ်လောထုတ်ပြန်မှု မအောင်မြင်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ပြီးခဲ့သည့်လက ထပ်မံ အဖမ်းခံခဲ့ ရသည်။ ဇနီးမောင်နှံနှစ်ဦးစလုံးကို သီးခြားထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ထားသည်။

ကင်ကီယွန်ဟီသည် ပြီးခဲ့သည့်အပတ်က စစ်ဆေးမှုခံယူရန်လာစဉ် တောင်းပန်ခဲ့သော်လည်း မည်သည့် တရားမဲမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည် ဟု ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။

Source : Bloomberg