#DailyNews
Published - 18 Feb 2022
၁။ ပြည်ထောင်စုနေ့တက်ရောက်ခြင်းအပေါ် ထုတ်ပြန်ချက်များထွက်ပေါ်လာခြင်းက နိုင်ငံရေးလုပ်ကြံမှုဟု
ဒေါ်စောမြရာဇာလင်းပြောကြား
၂။ ၅၀၅(က) အမှုအတွက်ငြင်းဆိုထားသော သက်တော်စောင့် ချယ်ရီထက်၏ သက်သေများအား လာမည့်တစ်ပတ်တွင်စစ်ဆေးမည်
၃။ မိုးလေဝသ သတင်း
၄။ ဘိုင်အိုတက်ခ်ကုမ္ပဏီမှ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေး ရွှေ့ပြောင်းဓာတ်ခွဲခန်းများအား အာဖရိကသို့ ပို့ဆောင်သွားမည်.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 18 Feb 2022
လာနီညာဖြစ်စဉ်ရဲ့ အကျိုးဆက်အနေနဲ့ အခုလက်ရှိမှာတော့ ရန်ကုန်မြို့အတွင်း နေရာအချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းလျက်ရှိပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှင်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တိုင်းတွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျာလာသော လေပွေလှိုင်းတို့ရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် အချိန်အခါမဟုတ်မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စစ်လက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ကြိုတင်သတိပေးထားပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published-18 Feb 2022
မြန်မာနိုင်ငံကြက်ခြေနီအသင်းက လွိုင်ကော်မြို့ရှိ စစ်ဘေးရှောင် ၅၆၆ ဦးအားစားနပ်ရိက္ခာနှင့် အသုံးအဆောင်များထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်သည် ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်အတူ ကယားပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပံ့ပိုးကူညီပေးတာဖြစ်ပါတယ်။
အဲ့ဒီလိုကူညီရာမှာ လွိုင်ကော်မြို့ရှိ ဘုန်းကြီးကျောင်း(၁၁)ကျောင်းမှာဖွင့်ထားတဲ့ ယာယီနေရပ်စွန့်ခွာစခန်းတွေက ပြည်သူ (၅၆၆)ဦး၊ အိမ်ထောင်စု (၁၅၆)စု အတွက် ဆန်(၁၅၆)အိတ်၊ ဆီ(၁၅၆)ဗူး၊ အသားဗူး(၉၉၂)ဗူး၊ ခေါက်ဆွဲ (၁၅၅)ထုပ်၊ အနွေးထည် (၁၅၅)ထည်နှင့် စောင်(၁၅၅)ထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၄)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၂၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၂၂)စုံ၊ ပါးစပ်နှင့်နှာခေါင်းစည်း (၁,၃၀၀)ဗူး၊ လက်သန့်စင်ဆေးရည်(၆၀)ဗူး တို့ကို ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြပါတယ်။
ထို့ပြင် ယာယီနေရပ်စွန့်ခွာစခန်းတစ်ခုတွင် အမျိုးသမီးများအတွက် အုတ်ကန်နှင့်ရေချိုးခန်း (၁)ခု၊ ၂ခန်းတွဲ ယင်လုံအိမ်သာ (၂)လုံးတို့ကိုလည်း ဆောက်လုပ်ပေးခဲ့ကြပါတယ်။
ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာပြည်သူတွေကို ရှမ်းပြည်နယ်တောင်ပိုင်းက နေရပ်စွန့်ခွာစခန်းတွေဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။
ယခုလက်ရှိမှာလည်း ကယားပြည်နယ်အတွင်းမှာရှိနေတဲ့ ယာယီစခန်းတွေက ပြည်သူတွေအတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို ထောက်ပံ့ကူညီပေးလျက်ရှိပြီး ဒေသအသီးသီးက အလှူရှင်များနဲ့ ချိတ်ဆက်ကာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ ဆက်လက်ပြုလုပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published 17 Feb 2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စက်သုံးဆီများပြတ်လပ်နေမှုကြောင့် ဒေသခံများ အခက်ကြုံနေရပြီး လုပ်ငန်းအချို့ကိုလည်း ရပ်ဆိုင်းထားရတယ်လို့ ပူတာအိုမြို့ဒေသခံများထံမှ သိရပါတယ်။
အဆိုပါ ပူတာအိုမြို့တွင် စက်သုံးဆီများ ပြတ်လပ်နေသည်မှာ ရက်သတ္တပတ်(၃)ပတ်ခန့်ရှိနေပြီး မြို့၏ မည်သည့် နေရာတွင်မှ စက်သုံးဆီကို ဝယ်ယူလို့မရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"စက်သုံးဆီက လုံးဝပြတ်နေတယ်။ မြို့မှာလည်း လုံးဝဝယ်မရဘူး၊ တချို့လုပ်ငန်းတွေဆိုရင် ရပ်ထားရတယ်။ စက်သုံးဆီမရှိတော့ ဆိုင်ကယ်ဆီဖြည့်ဖို့ကအစ အတော်လေး အခက်ကြုံနေရပါတယ်။ ကျွန်တော်တို့ပရဟိတအသင်းတွေဆိုလည်း စက်သုံးဆီမရှိလို့ ကားတွေမထွက်နိုင်ဘူး။ ဒီအတိုင်းရပ်ထားရတယ်။ ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်အုံးမယ်ဆိုတာလည်း မသိသေးဘူး။ စက်သုံးဆီက မြို့မှာလုံးဝ ဝယ်မရတာပါ။"လို့ ပူတာအိုမြို့ ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ဒေသခံများ၏ ပြောပြချက်အရ ပူတာအိုမြို့ရှိ ဆီဆိုင်များက ယခုကာလတွင် စက်သုံးဆီပြတ်လပ်နေသည်ဟု အကြောင်းပြုကာ ရောင်းချခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပူတာအိုဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေးအခြေအနေကလည်း အရင်လို ကောင်းမွန်ခြင်းမရှိသည့်အတွက် စက်သုံးဆီများတင်ပို့ဖို့က အခက်အခဲများရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"အခုက တိုက်ပွဲတွေလည်းဖြစ်နေတော့ လမ်းပန်းဆက်သွယ်ရေးတွေကလည်း အရင်လိုမကောင်းဘူး။ ပူတာအိုက လေကြောင်းလမ်းရယ်၊ ကုန်းကြောင်းလမ်းရယ် ဒါပဲရှိတာလေ။ ပြောရရင် အခုက နိုင်ငံရေးအခြေအနေတွေကြောင့်လည်း သွားလာရေးကမလွယ်ဘူး။ စက်သုံးဆီတွေလည်း ပြတ်နေတယ်၊ ကုန်စျေးနှုန်းတွေကလည်း အဆမတန်မြင့် နေတယ်။ ဒေသခံတွေကတော့ ဒုက္ခအမျိုးမျိုးကို ခါးစည်းခံရသလိုမျိုးဖြစ်နေတယ်။ အခုအဆိုးဆုံးက စက်သုံးဆီ လုံးဝပြတ်နေတဲ့အတွက် ဘာအလုပ်မှလုပ်လို့မရတော့ဘူး။ ရေရှည် ဒီအတိုင်းသာသွားမယ်ဆိုရင် အတော်လေးမလွယ်တဲ့ အနေအထားမှာရှိပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 Feb 2022
ထိုင်း -မြန်မာ နယ်စပ်အနီး မြို့များတွင် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။
ထိုင်း -မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တွင် အလုပ်သမား လိုအပ်မှုရှိနေ၍ အိမ်နီးခြင်း မြန်မာနိုင်ငံသား အလုပ်သမားခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ပါစ်စပို့စာအုပ်မလိုဘူး၊ ချင်းရိုင် မဲ့ဆောက် တတ်ခရိုင် ကန်ကျနဘုရီ ရနောင်းခရိုင်တွေမှာ အရင်ကလုပ်ရတဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ပဲ သွားရောက်ခွင့်ရပါမယ်" ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။
လက်ရှိတွင် အဆိုပါ ခရိုင်များအတွင်း လူပေါင်း ၃၃၀ ခန့် ကွာရန်တင်းနေထိုင်နိုင်မည့် အခန်းပေါင်း ၁၈၅ ခန်း ပါကွာရန်တင်းစင်တာ ၆ ခု တည်ဆောက်ထားပြီးဖြစ်ကြောင်း
ပါ့စ်စပိုစာအုပ်မလိုအပ်သော်လည်း အခြားလိုအပ်သော စာရွက်စာတမ်းများမှာ အလုပ်ရှင် နှင့် အလုပ်သမားများ ညှိနှိုင်းဆောင်ရွက်မှု ပြင်ဆင်ခြင်း၊ RT-PCR ဖြင့် 72 နာရီ မကျော်သော ကိုဗစ်စစ်ဆေးမှု သက်သေစာရွက် တင်ပြရန် ၊ သို့မဟုတ် ATK ဖြင့် ကိုဗစ်စစ်ဆေးခြင်း ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားပြီးကြောင်း အထောက်ထား နှင့် နယ်စပ်ဖြတ်ကျော် စာရွက်စာတမ်းများလိုအပ်ကြောင်းသိရသည်။သွားရောက်မည့်သူများအား အလုပ်လုပ်ခွင့် ဝေါက်ပါမစ် ကို ထုတ်ပေးရာတွင် တစ်ကြိမ်လျင် ၃ လထက် မကျော်သော bor to 40 ပုံစံဖြင့် ထုတ်ပေးသွားမည်ဟု ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ ကိုဗစ်ရောဂါထိန်းချုပ်ရေးဂိတ်ဌာနတွင် အထောက်ထားကို စစ်ဆေးမည်ဖြစ်ကြောင်း ၊ နေထိုင်ခွင့် ဗီဇာ တစ်ကြိမ်လျင် ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိမည်ဖြစ်၍ ကျမ်းမာရေး အာမခံ ၃ လစာ ဝယ်ယူရမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားပြီးလျင် ကွာရန်တင်း တစ်ပတ်နေထိုင်ရမည်ဖြစ်ကြောင်း ၊ ကုန်ကျစားရိတ်ကို အလုပ်ရှင်မှ တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published- 18 Feb 2022
အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအနေနဲ့ အများပြည်သူဖူးမျှော်နိုင်ရေးအတွက် ဆွမ်းခံကြွကာ အပူဇော်ခံလျက်ရှိပြီး ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ၁၂ရက်၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှစတင်ကာ အပူဇော်ခံခြင်းကိုရပ်နားမှာဖြစ်ကြောင်း နတ်တလူသာသနာပြုအသင်းမှ သိရပါတယ်။
"ဆွမ်းခံကြွအပူဇော်ခံတာကို ရပ်နားဖိုမိန့်ပါတယ် တပေါင်းလဆန်း ၁၂ ရက်နေ့ကစပြီး ရပ်နားမှာပါ ပြန်အပူဇော်ခံမယ့်ရက်မသိရသေးပါဘူး"လို့ နတ်တလူ သာသနာပြုအသင်းမှ ကပ္ပိယဦးခင်မောင်ဝင်းကပြောပါတယ်။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁)ရက်နေ့မှစတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံပြီး အပူဇော်ခံ ကြွပေးနေခြင်းကို ၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားတပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည်ဖြစ်ပါကြောင်း ဝေနေယျ သာ၀ကအပေါင်းတို့အား သိရှိစေရန် ကြေညာထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 18 Feb 2022
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်းတည်ရှိသည့်နေရာတွင် ကျိုင်းတုံဟော်နန်းပုံစံတူကို ပြန်လည်တည်ဆောက်နေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက် အဆိုပါ ဟော်နန်းတည်ဆောက်ရန်ပြုလုပ်သော ရတနာအုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားသို့ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကျိုင်းတုံနယ်ရှင် စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန် ၏ ဆွေတော်မျိုးတော်များ၊ အလှူရှင်များ၊ မြို့မိမြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်း၊ လားဟူ၊ “ဝ”၊ အခါ၊ လီဆူ တိုင်းရင်းသားများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ယင်း ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ကျိုင်းတုံ ဟော်နန်းကြီးကို နောင်တုံကန်အနီးရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်စပ်တည်း တည်ရှိသည့်မြေနေရာ၌ ပုံစံတူပြန်လည် တည်ဆောက်နိုင်ရေး ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ဆန္ဒအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်း အဆောက်အဦကြီးနှင့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ သိန်းနီဟော်နန်းအဆောက်အဦတို့ ပျက်စီးယိုယွင်းလျက်ရှိရာ ယင်းတို့ကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ မိုင်းပွန်ဟော်နန်းကြီး မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရာနှုန်း ပြည့်ပြီးစီး၍ သိန်းနီဟော်နန်းကြီးမှာ ၆၀ ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ပန်မူကျေးရွာရှိ ၁၉၅၈ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးမှာလည်း ၂၀၁၁ ခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီး ခဲ့ရသဖြင့် နဂိုမူလပုံစံမပျက် ပြန်လည်ပြုပြင်မွမ်းမံပေးခြင်း၊ အသင်းတော်အဆောင်၊ မူကြိုကျောင်း၊ မီးဖိုဆောင်နှင့် ဘုရားကျောင်းအဝင်လမ်းများကို ပြုပြင်၊ မွမ်းမံ၊ ဖောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
"အခုက ဟော်နန်းကို ရှေးဟောင်းယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရေး အဖွဲ့အနေနဲ့ တောင်းဆိုခဲ့တယ်။ဟော်နန်းရှိခဲ့တဲ့နေရာမှာဆောက်ထားတဲ့ ဟိုတယ်ကို နှစ်ရှည်အငှားချခဲ့တယ်။ဒါကြောင့် ဟော်နန်းကို မူလအတိုင်း အခြားနေရာမှာ ဆောက်ပေးမယ် ကန့်ကွက်မယ့်သူရှိသလားလို့ မေးတယ်။ဒေသမှာလည်း အများကြီးလည်း မတတ်နိုင်။ဆောက်ပေးမယ်ဆိုတာတော့ လက်ခံမယ်။မကန့်ကွက်ကြဘဲနဲ့ လက်ခံကြတယ်။မြေကတော့ တပ်ပိုင်တဲ့မြေမှာပဲ ဆောက်ပေးမှာပါ။ဟော်နန်းပိုင်မြေနဲ့ တစ်ဆက်တည်းပါ။ ပေ ၈၀ ၊ ပေ ၁၂၀ ရှိပါတယ်"ဟု ရှမ်းပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ စိုင်းရွက်ဟောင် က YMG ကိုပြောသည်။
၁၉၀၃ ခုနှစ်က စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်သည် အိန္ဒိယသို့ အစည်းအဝေးတစ်ခုသွားတက်စဉ်မှာ အိန္ဒိယရှိတာ့ချ်မဟာနန်းတော်ကြီးဗိသုကာလက်ရာကို သဘောကျသည့်အတွက် ကျိုင်းတုံသို့ပြန်ရောက်သည့်အခါ အိန္ဒိယပညာရှင်တွေခေါ်ယူပြီး ၁၉၀၅ ခုနှစ်တွင် ကျိုင်းတုံဟော်နန်းအသစ်ကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုအရသိရသည်။
ကျိုင်းတုံဟော်နန်း ကို ၁၉၉၁ ခုနှစ်က ဖြိုချခဲ့ပြီး အလွှာ ၄ လွှာရှိ New Kyaing Tong Hotel (အခု Amazing Kengtong Resort) ကို တည်ဆောက်ဖွင့်လှစ်ထားခဲ့သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published- 18 Feb 2022
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ယနေ့ နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးအနီး ငါးစက်လှေတစ်စီးဓါးပြတိုက်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက်၃နာရီ မိနစ် ၅၀ အချိန်ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်းမြောက်အနောက်ရပ်ကွက်၊ဗဟိုစံပြငါးဈေးသိုထန်းတပင်မြို့နယ်မှငါး၊ပုဇွန်များရောင်းချရန်လာသောစိန်ဝင်းခိုင်အမည်ရှိငါးစက်လှေမှာငါးဈေးကမ်းနားအနီးရပ်နားနေစဉ်စက်လှေ(၂)စီးဖြင့်လူ(၁၅)ဦးခန့်မှတုတ်/ဓါးများကိုင်ဆောင်ရောက်ရှိလာပြီးဓါးပြတိုက်မှုဖြစ်စဉ်ကျူးလွန်ခဲ့တာလို့ အမည်မဖော်လိုသူဆိပ်ကမ်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
"ဖြစ်စဉ်ကမှန်ပါတယ်။အားလုံးပေါင်း ငါးလှေလုပ်သား၉ဦးထိခိုက်ဒဏ်ရာရှိပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေစစ်ဆေးပြီး ရှာဖွေဖမ်းဆီးရမိဖို့ဆောင်ရွက်နေပါတယ်"လို့ အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။
အဆိုပါဖြစ်စဉ်တွင်ဓါးပြတိုက်သူများကစက်လှေပေါ်ပါလုပ်သားများအားဓါးများဖြင့်ရိုက်နှက်ထိုးခုတ်ကာ၊စက်လှေပေါ်ပါပုဇွန်အချိန်(၅၀)ခန့်တန်ဘိုး(၁၀)သိန်းခန့်၊ငွေ(၄)သိန်းကျပ်နှင့်ဖုန်း၄လုံးတို့ အားလုယူထွက်ပြေးသွားတယ်လို့သိရပါတယ်။
ရိုက်နှက်ထိုးခုတ်မှုကြောင့်ငါးစက်လှေပေါ်ပါဦးကြည်ဝင်း၊၅၂နှစ်၊(ဘ)ဦးလှ၊နတ်သမင်ကျေးရွာ၊ထန်းတပင်မြို့နယ်နေသူပါ(၈)ဦးတွင်(မစိုးရိမ်ရ)ဒဏ်ရာများရရှိသဖြင့်စံပြလူမှုကူညီရေးယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး၊အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့မှတရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 18 Feb 2022
ဥရောပတိုက် စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတည်ဆောက်သွားမှာဖြစ်ပြီး
ဥယျာဥ်တော်ကြီး တည်ဆောက်ဖို့အတွက် စပိန်နိုင်ငံအစိုးရထံမှ ခွင့်ပြုချက်ကိုလည်း ရရှိခဲ့ပြီးဖြစ်တယ်လို့
သိရပါတယ်။
အဆိုပါ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးကို စပိန်နိုင်ငံ Caceres ကပ်ဆီးရပ် ယူနက်စကို ရှေးဟောင်းယဉ်ကျေးမူမြို့တော်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ဘုရားရှင်၏ အငွေ့အသက်ဓမ္မတရားတွေမွမ်းထုံမည့် လုမ္ဗိနီဥယျာဉ်စီမံကိန်းအကောင်အထည်ဖေါ်ရန် ဥရောပတိုက် စပိန်နိုင်ငံ ကပ်ဆီးရပ်ခရိုင် အစိုးရအဖွဲ့အကြီးအကဲနှင့် lumbini Garden project တာဝန်ရှိသူများဆွေးနွေးညှိနှိုင်းပွဲကိုလည်း( ဖေဖော်ဝါရီ ၁၆ ရက် )နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတောင်ရိုး International Buddhist Education Center တည်ထောင်သူ ကျွန်းလှဗုဒ္ဓတက္ကသိုလ်နှင့်နယ်သာလန် Stichting IBEC ဆရာတော်ဒေါက်တာ အရှင်သောဘိတ တို့ တက်ရောက်ခဲ့ကြတာပါ။
ထို့နောက် ဥရောပတိုက် Lumbini Garden Project ဒါရိုက်အဖွဲ့က IBEC ဆရာတော်အား အဖွဲ့ဝင်ခန့်အပ်လွှာကိုဆက်ကပ်ခဲ့ပြီး ယခုအခါ IBEC ဆရာတော်သည် အဆိုပါစီမံကိန်း၏ တရားဝင်ပူးပေါင်းဆောင်ရွက်မည့် ဒါရိုက်တာအဖွဲ့ဝင် ရဟန်းတော်ဖြစ်လာပြီလည်း ဖြစ်ပါတယ်။
အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည်အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမူမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကို ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့ International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 Feb 2022
မဲခေါင်မြစ်တွင်း နောက်ဆုံးကျန်ရှိသော ဧရာဝတီလင်းပိုင်လေးဟာ ယခုအခါမှာတော့ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ EHS - Myanmar က ( ဖေ ဖော်ဝါရီ ၁၇ ရက်) နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လာအိုနယ်စပ်အနီး Stung Treng ပြည်နယ် မြစ်ကမ်းပါးတွင် သေဆုံးနေသည့်လင်းပိုင်ကို တွေ့ရှိခဲ့ကြောင်း အင်္ဂါနေ့က ကမ္ဘောဒီးယားငါးလုပ်ငန်း ထိန်းသိမ်းရေးဌာနမှ ထုတ်ပြန်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဧရာဝတီလင်းပိုင်လေးဟာ ငါးမျှားပိုက်ထဲနှင့်ညှိပြီး ရရှိသည့်ဒဏ်ရာများကြောင့် နာမကျန်းဖြစ်ပြီး သေဆုံးသွားဖွယ် ဖြစ်နိုင်တယ်လို့လည်း ကမ္ဘောဒီးယား ငါးလုပ်ငန်းထိန်းသိမ်းရေးဌာနက ယူဆထားပါတယ်။
၎င်းနောက်ဆုံးသောလင်းပိုင် သေဆုံးမှုနှင့်အတူ ဧရာဝတီလင်းပိုင်သည် ယခုအခါ လာအိုတွင် မျိုးသုဉ်းသွားခဲ့ပြီဖြစ်တယ်လို့ EHS - Myanmar ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - EHS - Myanmar
ymg/kg
#Yangon_Media_Group
#WorldPolitics
Published 18 February 2022
ရုရှားတို့က ရက်ပိုင်းအတွင်း ယူကရိန်းကိုကျူးကျော်တိုက်ခိုက်လာနိုင်ပြီး ဥရောပမှာ နောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာမယ့်အန္တရာယ်ရှိနေကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။
ယူကရိန်းအရှေ့ဘက်ပိုင်းမှာ အချိန်အတော်ကြာမြင့်လာတဲ့အထိ နှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံနေကြရာ အချို့နိုင်ငံကြီးတွေရဲ့ စိုးရိမ်ပူပန်မှုတွေက ပဋိပက္ခတွေပိုကြီးလာအောင် အစပျိုးသလိုဖြစ်နေပါတယ်။
ကမ္ဘာ့အကြီးအကဲပုဂ္ဂိုလ်တွေ အပြိုင်အဆိုင်ပြဿနာဖြေရှင်းနေကြပေမယ့် အရှေ့နိုင်ငံနဲ့အနောက်နိုင်ငံကြား သံသယတွေကတော့ ပိုပြီးကြီးထွားလာပုံရပါတယ်။
ရုရှားစစ်ရေးလေ့ကျင့်မှုများပြုလုပ်ပြီးနောက် တပ်ပြန်ဆုတ်သွားခဲ့ပြီလို့ ရုရှားတို့က အဆိုပြုထားပေမယ့် နေတိုး(NATO)မဟာမိတ်အဖွဲ့တွေကတော့ ဒီအဆိုကို ယုံကြည်ခြင်းမရှိပါဘူး။
ဒါ့အပြင် ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်အင်အား ၁ သိန်းခွဲခန့် ဖြန့်ကျက်နေရာချထားတယ်လို့ ယုံကြည်ယူဆနေကြပါတယ်။
ဒါဟာ ရုရှားမြေပြင်စစ်တပ်ကြီးရဲ့ ၆၀ ရာခိုင်နှုန်းအင်အားခန့် ရှိနေတာကြောင့် ဒီတပ်ဖွဲ့တွေနဲ့ ရုရှားတို့ဘာတွေပြုလုပ်ဖို့ ရည်ရွယ်နေသလဲဆိုတာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်လျက်ရှိပါတယ်။
ရုရှားတို့က ယူကရိန်းကို ကျူးကျော်ဖိုအစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် ယူကရိန်းကို ရုရှားလွှမ်းမိုးမှုအောက်မှာရှိနေဖို့ အရင်ကတည်းကအလိုရှိနေပြီး နေတိုးတပ်ဖွဲ့တွေ ဥရောပအရှေ့ဘက်သို့ တိုးချဲ့လာမှုကိုလည်း ခြိမ်းခြောက်မှုအဖြစ် ယူဆထားပါတယ်။
ရုရှားတို့ ကျူးကျော်ဖိုအစီအစဉ်မှန်သမျှကို ထုတ်ဖော်ကာကွယ်သွားနိုင်ဖို့ အမေရိကန်နဲ့ဗြိတိန်တို့ မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်ဘလင်ကန်'က ကုလလုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကိုကျူးကျော်ရန် အကြောင်းပြချက်ကိုလည်း ရုရှားတို့က လုပ်ကြံဖန်တီးသွားတော့မှာဖြစ်ကြောင်း 'ဘလင်ကန်'က သံတမန်တွေကို မှာကြားထားပါတယ်။
ရုရှားနိုင်ငံထဲမှာ အကြမ်းဖက်ဗုံးခွဲခြင်း၊ မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ခြင်း၊ ဓာတုလက်နက်များဖြင့်တိုက်ခိုက်ခြင်းများ တွေ့ရှိထားပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ စတင်တိုက်ခိုက်လာနိုင်ပြီး ယူကရိန်းနိုင်ငံအပေါ် ဒုံးကျည်တွေ ဗုံးတွေအသုံးပြုလာနိုင်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ လူဦးရေ ၃ သန်းနီးပါးရှိတဲ့ မြို့တော်ကိဗ်ကို ဝင်ရောက်လာနိုင်ပြီး အခြားအရေးကြီးနေရာတွေကို ပစ်မှတ်ထားလာနိုင်ကြောင်း အမေရိကန်တို့က ခန့်မှန်းပုံဖော်နေကြပါတယ်။
'ဘိုင်ဒန်'က အိမ်ဖြူတော်တွင်ပြောကြားရာမှာ ရုရှားတို့က တပ်ပြန်ဆုတ်မယ်လို့ ကတိပေးပြောဆိုခဲ့ပေမယ့် လက်တွေ့မှာ တပ်ဆုတ်တဲ့အရိပ်အယောင်မတွေ့ရကြောင်း၊ ယူကရိန်းနယ်စပ်ဘက်ကို နောက်ထပ်စစ်အင်အားတိုးချဲ့မှုတွေပါ ပြုလုပ်လာတာကြောင့် ကျူးကျော်နိုင်တဲ့အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့သိရှိသလောက်ကတော့ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အကြောင်းပြချက်တစ်ခု လုပ်ကြံဖန်တီးပြီး ဝင်ရောက်ဖွယ်ရှိနေတယ်လို့လည်း ယူဆထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပမှအရာရှိတွေက ကျူးကျော်မှုပြုလုပ်ရန် ရုရှားတို့ပြုလုပ်လာနိုင်တဲ့ အကြောင်းပြချက်တွေအတွက် အလွန်သတိထားစောင့်ကြည့်နေရပါတယ်။
Source: AP News
#Yangon_Media_Group
#WorldHealth
Published 18 February 2022
ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲရဲ့ BA.2 မျိုးနွယ်ခွဲဟာ မူလအိုမီခရွန်ထက် ထူးထူးခြားခြားရောဂါလက္ခဏာပြင်းထန်ခြင်းမျိုး မဖြစ်နိုင်ကြောင်း တောင်အာဖရိကမှလေ့လာချက်တစ်ရပ်မှာဖော်ပြထားကာ အဆိုပါမျိုးနွယ်ခွဲအသစ်အပေါ် စိုးရိမ်ပူပန်နေမှုကို သက်သာရာရစေပါတယ်။
အိုမီခရွန်မျိုးနွယ်ခွဲအသစ် ကူးစက်ခြင်းခံရတဲ့လူနာတွေအနေနဲ့ ဆေးရုံတက်ကုသခံယူရမှုနဲ့ ရောဂါပြင်းထန်မှုတိုမှာ မူလအိုမီခရွန်မျိုးဗီဇကွဲနဲ့ အတူတူနီးပါးဖြစ်နေကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။
တောင်အာဖရိကနိုင်ငံ ကူးစက်ရောဂါအမျိုးသားတက္ကသိုလ်အဖွဲ့က ဆေးရုံတွေနဲ့ အစိုးရဓာတ်ခွဲခန်းဌာနတွေမှ ကူးစက်မှုပေါင်း ၁ သိန်းနီးပါးကို လေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ မူလအိုမီခရွန်မျိုးဗီဇကွဲဟာ အမေရိကန်၊ ဥရောပနိုင်ငံများသို့ ကူးစက်ခဲ့တဲ့အပြင် ကမ္ဘာ့အနှံ့အပြားကိုပါ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် BA.2 မျိုးနွယ်ခွဲ ထပ်မံပေါ်ထွက်လာကာ မူလအိုမီခရွန်ထက် ပိုမိုကူးစက်မြန်နိုင်တယ်လို့ ယူဆခဲ့ကြတာကြောင့် စိုးရိမ်စွာဖြင့် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
လေ့လာချက်အရ BA.2 မျိုးနွယ်ခွဲဟာ နဂိုမူလအိုမီခရွန်လိုပဲ ကိုရိုနာဗိုင်းရပ်စ်အခြားမျိုးဗီဇကွဲတွေနဲ့ နှိင်းယှဉ်ပါက ရောဂါအပျော့စားသာဖြစ်လေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။
သတိပြုစရာကတော့ တောင်အာဖရိကမှလူအများစုဟာ ကိုဗစ်ကာကွယ်ဆေးထက်စာရင် ကိုဗစ်ရောဂါကူးစက်မှုမှရတဲ့ ရောဂါခုခံအားရရှိထားတာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးရှိလူဦးရေ ၈၀ ရာခိုင်နှုန်းခန့် ရောဂါကူးစက်ပြီးပြီလို့ ယူဆရပြီး လူဦးရေ ၂၉ ရာခိုင်နှုန်းကသာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကာ booster အားမြှင့်ကာကွယ်ဆေးထိုးပြီးသူ ၁.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။
ဒီဇင်ဘာအစောပိုင်းက ရောဂါကူးစက်သူဦးရေ ၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ တောင်အာဖရိကမှာ BA.2 မျိုးနွယ်ခွဲလျင်မြန်စွာကူးစက်ပျံ့နှံခဲ့ပြီး ဇန်နဝါရီလကုန်လောက်မှာ ၈၀ ရာခိုင်နှုန်းအထိ ကူးစက်သူတွေများပြားလာခဲ့ပါတယ်။
ဓာတ်ခွဲခန်းဆန်းစစ်လေ့လာချက်တွေအရ ကူးစက်သူ ၉၅,၄၇၀ ဦးတွင် BA.2 မျိုးနွယ်ခွဲကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူရသူ ၃.၆ ရာခိုင်နှုန်းရှိကာ မူလအိုမီခရွန်ကြောင့် ဆေးရုံတက်ကုသခံယူရသူ ၃.၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဆေးရုံတက်ကုသခံယူရသူ ၃,၀၅၈ ဦးမှာမှ BA.2 မျိုးနွယ်ခွဲကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားသူ ၃၀.၅ ရာခိုင်နှုန်းရှိကာ မူလအိုမီခရွန်ကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားသူ ၃၃.၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။.
Source: Bloomberg.
#Yangon_Media_Group
Page 1501 of 1528