#World_News
Published 28 May 2026
■ ရေလမ်းကြောင်း သွားလာမှုများပြန်လည်စတင်ရန် သဘောတူညီချက် ရရှိထားတယ်ဆိုတဲ့ အီရန်ရဲ့ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပယ်ချလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်တပ်ဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးသင်္ဘောများကို ခြိမ်းခြောက်စေနိုင်မယ်လို့ ယူဆရတဲ့ ဟော်မုဇ်ရေလက်ကြားမှ အီရန်စစ်ဘက်ဆိုင်ရာ နေရာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦး ပြောပါတယ်။
■ ခြိမ်းခြောက်အနေအထားမှာ ရှိနေတဲ့ အီရန်ဒရုန်းအများအပြားကို အမေရိကန်တပ်က ပစ်ချခဲ့တယ်လို့ အမည်မဖော်လိုသူ အမေရိကန်အရာရှိက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
■ ကြာသပတေးနေ့ အီရန်စံတော်ချိန် ညသန်းခေါင် ၁ နာရီခွဲခန့် အီရန်ဆိပ်ကမ်းမြို့ ဘန်ဒါအက်ဘက်စ် အရှေ့ဘက်မှာ ပေါက်ကွဲသံ ၃ ခု ကြားခဲ့ရတယ်လို့ အီရန်မီဒီယာမှာ ဖော်ပြထားပါတယ်။
■ ဟော်မုဇ်ရေလက်ကြား သွားလာမှုကို ထိန်းချုပ်မယ့် အီရန်နဲ့အိုမန် သဘောတူညီချက် သတင်းများကို ထရမ့်က ငြင်းပယ်လိုက်ပါတယ်။
■ အမေရိကန်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဖြိုခွဲရန်ကြိုးပမ်းနေပြီး အီရန်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ဖို့နဲ့ နျူကလီးယား ထုတ်လုပ်ပိုင်ခွင့်ရဖို့ အလိုရှိနေပါတယ်။
■ စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း သက်ရောက်နိုင်ပြီး ရေလက်ကြား ဖြတ်သန်းသွားလာမှုများ အနှောင့်အယှက် ဖြစ်ရပါတယ်။
■ အီရန်အပေါ် ပိတ်ဆို့မှုမြှင့်တင်ဖို့အတွက် အမေရိကန်က ထိုဒေသအတွင်း တပ်အင်အားထောင်နဲ့ချီ နေရာချထားပါတယ်။
■ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုတွေမှာ အတားအဆီးများစွာ ရှိနေပြီး ရေလက်ကြားနဲ့ နျူကလီးယားကိစ္စများအပေါ် သဘောထားကွဲလွဲနေကြပါတယ်။
Source: Reuters
#World_Health
Published 28 May 2026
■ လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၁၈၀ ခန့်က နေထိုင်ခဲ့တဲ့ ပင်လယ်သတ္တဝါကြီးတစ်ကောင်ရဲ့ ပုံသဏ္ဍာန်မပျက်လုနီးပါး ကျောက်ဖြစ်ရုပ်ကြွင်းကို ဂျာမနီမှာ သိပ္ပံပညာရှင်တွေ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။
■ တမ်နိုဒွန်တိုဆောရပ်စ်လို့သိကြတဲ့ ဧရာမပင်လယ်တွားသွားသတ္တဝါကြီးက ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများကြားမှ ဘယ်လိုရှင်သန်ခဲ့လဲဆိုတာကို အစာအိမ်ထဲမှာ တွေ့ရှိခဲ့တဲ့အရာတွေက ပြသနေပါတယ်။
■ လေ့လာမှုတစ်ခုမှာ အစာအိမ်ကျောက်ခဲများပါရှိတဲ့ သွားပေါင်း ၁၀၀ ရှိတဲ့ အသားစား အစ်သီယိုဆောရပ်စ် ရေနေတွားသွားတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။
■ ထိုသတ္တဝါက ပခုံးနဲ့မေးရိုးတို့မှာ ဒဏ်ရာပြင်းထန်စွာ ရထားတဲ့အတွက် မြန်ဆန်တဲ့သားကောင်တွေကို လိုက်ဖမ်းရန် ခက်ခဲခဲ့ပေမယ့် ဆက်လက်ရှင်သန်ရန်အတွက်တော့ တစ်နည်းနည်း ရှာဖွေနိုင်ခဲ့ပါတယ်။
■ အလျား ၂၁ ပေရှိတဲ့ တမ်နိုဒွန်တိုဆောရပ်စ် ကျောက်ဖြစ်ရုပ်ကြွင်းဟာ ပုံသဏ္ဍာန်မပျက် ဦးခေါင်းခွံနဲ့ သွားပေါင်း ၁၀၀ ပါဝင်ပါတယ်။
■ ယခုတွေ့ရှိတဲ့ ဧရာမအသားစားသတ္တဝါကြီးဟာ ယခင်မှတ်တမ်းတင်ထားတာထက် ပိုမိုကြာရှည်စွာ ရှင်သန်နေထိုင်ခဲ့ကြောင်း တွေ့ရပါတယ်။
■ အစ်သီယိုဆောရပ်စ်သတ္တဝါရဲ့ ဗိုက်ထဲက ရှားပါးအစာအိမ်ကျောက်ခဲများ တွေ့ရှိခဲ့ရာမှာ ဒဏ်ရာများကြောင့် အစားအစာပုံစံ ပြောင်းလဲသွားပြီး အစာခြေဖျက်မှု အထောက်အကူပြုရန် ကျောက်ခဲများ မျိုချခဲ့ခြင်းဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။
■ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပေမယ့် တမ်နိုဒွန်တိုဆောရပ်စ်ဟာ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြီး ရှင်သန်နိုင်ခဲ့တာ တွေ့ရပါတယ်။
■ ဒီတွေ့ရှိမှုကနေ မျိုးသုဉ်းခဲ့ပြီဖြစ်တဲ့ သတ္တဝါများအကြောင်း ပြန်လည်ဆန်းစစ်ဖို့ တွန်းအားဖြစ်စေပြီး အစာကွင်းဆက်ထိပ်ပိုင်းမှ သတ္တဝါများရဲ့ ဆင့်ကဲဖြစ်စဉ်များကို ပေါ်လွင်စေပါတယ်။
Source: WION Thur11
#World_Health
Published 28 May 2026
■ လမ်းလျှောက်ခြင်းက သွေးပေါင်ချိန် ထိန်းချုပ်ဖို့အတွက် အရိုးရှင်း အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပေမယ့် ဘယ်လောက်အထိ လမ်းလျှောက်ဖို့ လိုအပ်နိုင်သလဲ။
■ လူရွယ်အများစုအတွက်တော့ တစ်ပတ်အတွင်း အနည်းဆုံး ၅ ရက်ခန့်ကို မိနစ် ၃၀ ခန့် စတင်လမ်းလျှောက်သင့်တယ်လို့ ဂျူပီတာဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပါတယ်။
■ ခပ်မြန်မြန် လမ်းလျှောက်ခြင်းက နှလုံးခုန်နှုန်းမြင့်စေရန် လုံလောက်ပေမယ့် မိနစ် ၃၀ က များလွန်းတယ်ထင်ရင် ၁၀ မိနစ်စီခန့် ခွဲလျှောက်နိုင်ပြီး ဒီလိုနည်းလမ်းကလည်း ပုံမှန်လုပ်သွားရင် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
■ သွေးတိုးတဲ့သူတွေမှာ နေ့စဉ် ဖြည်းဖြည်းချင်း လှုပ်ရှားသွားမယ်ဆိုရင် အပေါ်သွေး ၄-၉ မီလီမီတာမာကျူရီခန့် ကျစေနိုင်မှာပါ။
■ အချိန်ကြာလာရင် သွေးလည်ပတ်မှု ကောင်းလာပြီး ကိုယ်အလေးချိန်ထိန်းချုပ်နိုင်ခြင်း၊ ဖိစီးမှုကျဆင်းခြင်းတို့ အကူအညီဖြစ်လာပြီး သွေးပေါင်ချိန်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
■ အနည်းငယ်မျှ အပြောင်းအလဲတွေကလည်း အကူအညီဖြစ်စေနိုင်ပြီး ဓာတ်လှေကားအစား လှေကားဖြင့်တက်ခြင်း၊ စားသောက်ပြီးနောက် လမ်းလျှောက်ခြင်း၊ ညနေခင်း ခဏတဖြုတ် လမ်းလျှောက်ခြင်းတို့ လုပ်နိုင်သလို စိမ်းလန်းတဲ့ပတ်ဝန်းကျင်မှာ လမ်းလျှောက်ခြင်းကလည်း ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။
■ တစ်ခါတည်းနဲ့ အပြင်းအထန် စလုပ်တာထက်စာရင် ဖြည်းဖြည်းချင်း အစပြုပြီး မြှင့်တင်သွားတာက ပိုပြီးထိရောက်နိုင်ပါတယ်။
■ သွေးတိုးများလွန်းသူ၊ နှလုံးရောဂါ ရှိသူတွေကတော့ လေ့ကျင့်ခန်းစမလုပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
■ ဒါကြောင့် ပုံမှန်လေး လမ်းလျှောက်ခြင်းက သွေးပေါင်ချိန်ထိန်းနိုင်ရန် အထောက်အကူဖြစ်စေပြီး ရေရှည်ကျန်းမာရေးအတွက် အလွယ်ကူဆုံး အလေ့အကျင့် ဖြစ်ပါတယ်။
Source: Indian Express
အမေရိကန်နဲ့ အီရန်တို့ လက်မှတ်ရေးထိုးရန် နီးစပ်နေပြီဖြစ်တဲ့ အဆိုပြုသဘောတူညီချက်ထဲမှာ ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို ပါဝင်ပြီး ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်ပေးရမှာဖြစ်ကာ အီရန်အနေဖြင့် ရေနံလွတ်လပ်စွာ ရောင်းချခွင့်ရမှာဖြစ်ပါတယ်။
#World_News
Published 26 May 2026
#အမေရိကန် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာအဖွဲ့အစည်းကြီးများနဲ့ နိုင်ငံရေးအတိုက်အခံများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အီရန်အပေါ် အမေရိကန်စစ်တပ်က လုံးဝဥဿုံ အောင်ပွဲရရှိခဲ့ရင်တောင် ယင်းတို့ကဖြစ်ရပ်မှန်ကို ပုံဖျက်ဖော်ပြကြလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
■ မီဒီယာကြီးတွေဟာ အမေရိကန်အနေဖြင့် အီရန်ကို အကြွင်းမဲ့ အောင်ပွဲခံနိုင်ရင်တောင် ထိုရလဒ်ကို လွဲမှားစွာဖော်ပြကြလိမ့်မယ်လို့ ထရမ့်က ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
■ သတင်းမီဒီယာတွေက 'အီရန်ဟာ အမေရိကန်အပေါ် ပြောင်မြောက်ပြီး ထူးချွန်ပြည့်စုံတဲ့ အောင်ပွဲကို ရရှိခဲ့တယ်၊ ယှဉ်လို့တောင် မရပါဘူး’ ဆိုပြီး ခေါင်းကြီးပိုင်းသတင်း တင်ကြလိမ့်မယ်လို့ ဆိုပါတယ်။
■ ထရမ့်ဟာ The New York Times ၊ The Wall Street Journal ၊ CNN စတဲ့ နာမည်ကြီး သတင်းဌာနတွေကို အမည်ပြောင်တွေသုံးပြီး လှောင်ပြောင်ဖော်ပြခဲ့ပါတယ်။
■ ထရမ့်က ထိုအဖွဲ့အစည်းများကို သတင်းတုမီဒီယာဆိုတဲ့ အကြောင်းအရာအောက်
စုစည်းဖော်ပြခဲ့ပါတယ်။
■ ဒါ့အပြင် ပြည်တွင်းနိုင်ငံရေး ပြိုင်ဘက်များအထိ ဝေဖန်ခဲ့ပြီး ဒီမိုကရက်များနဲ့ မီဒီယာလောကမှ ပုဂ္ဂိုလ်တွေဟာ လက်တွေ့ဘဝနဲ့ ကင်းကွာနေကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။
Source: WION
#World_Health
Published 27 May 2026
■ ကျောက်ကပ်ကျောက်တည်ခြင်း မဖြစ်စေဖို့ ရေများများသောက်ပေးရမယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆက မလုံလောက်နိုင်ဘူးလို့ ၂၀၂၆ The Lancet လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။
■ ရေပိုသောက်တာ တစ်ခုတည်းနဲ့ ကျောက်ပြန်ဖြစ်ခြင်းကို မကာကွယ်နိုင်တဲ့သဘော မြင်တွေ့ရတာကြောင့် ရေသောက်ရင်ရတယ်ဆိုတဲ့ အယူအဆကို စိန်ခေါ်ရာကျပါတယ်။
■ ကျောက်ကပ်ကျောက်တည်ခြင်းက ပြန်လည်ဖြစ်ပွားမှုနှုန်း မြင့်မားပြီး တဝက်နီးပါးလောက်က ဆယ်စုနှစ်အတွင်း ထပ်မံဖြစ်ပွားကြပါတယ်။
■ ရေတွေပိုသောက်ပေမယ့် ဆီးထွက်နှုန်းမလုံလောက်တဲ့ လူနာတွေမှာ ကျောက်ပြန်ဖြစ်နှုန်း သိသိသာသာ လျော့နည်းခြင်းမရှိဘူးလို့ လေ့လာချက်ကြီးတစ်ခုမှာ တွေ့ရပါတယ်။
■ ထိရောက်တဲ့ ကာကွယ်နည်းလမ်းတွေထဲမှာ ဆိုဒီယံလျှော့စားခြင်း၊ ကယ်စီယံပမာဏ လုံလောက်အောင် ထိန်းသိမ်းခြင်း၊ တိရိစ္ဆာန်ပရိုတိန်း ကန့်သတ်စားသုံးခြင်း၊ အောက်ဆဲလိတ်များတာတွေ ရှောင်ရှားခြင်းတို့ ပါဝင်ပါတယ်။
■ ပိုတက်ဆီယံဆစ်ထရိတ်၊ သိုင်ယာဇိုက်ဆီးရွှင်ဆေးများ၊ အေလိုပျူရီနောတို့လို ဆေးတွေအပြင် နောက်ခံရောဂါများ ဖြေရှင်းခြင်းက ကျောက်ပြန်ဖြစ်ခြင်းအတွက် အလွန်အရေးကြီးပါတယ်။
■ ရေသောက်တဲ့ပမာဏထက်စာရင် တစ်နေ့ကို ဆီး ၂ လီတာမှ ၂.၅ လီတာခန့် သွားဖို့ကို ဦးစားပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
■ ဆီးအရောင် ဖျော့ခြင်း၊ အဝါဖျော့ဖျော့သွားခြင်းတို့က ရေဓာတ်ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။
■ ကျောက်တည်ခြင်းကို ကာကွယ်ဖို့ဆိုတာက မျှတညီညွတ်စွာ ပေါင်းစပ်ဖို့လိုပြီး ရေဓာတ်ဖြည့်ခြင်း၊ စားသောက်ပုံပြောင်းလဲခြင်း၊ ကိုယ်အလေးချိန် သင့်တင့်ခြင်း၊ ဆေးကုသမှု ခံယူခြင်းတို့ ပါဝင်ပါတယ်။
Source: NDTV.
#World_Science
Published 27 May 2026
■ တိရိစ္ဆာန်တွေဟာ ရောဂါပိုးမွှားများကို ရှာဖွေသိရှိခြင်းဖြင့် ဖျားနာသေဆုံးခြင်းကနေ ရှောင်ရှားနိုင်စေပါတယ်။
■ အထူးသဖြင့် အုံနဲ့ကျင်းနဲ့ နေထိုင်တတ်တဲ့ ပျားတွေ ပုရွက်ဆိတ်တွေလို မျိုးစိတ်တွေမှာ တစ်သိုက်လုံး ရောဂါကူးစက်ပျံ့ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
■ USDA-ARS မှ သုတေသီများ တွေ့ရှိချက်အရ ပျားတွေဟာ အစာအရင်းအမြစ်တွေထဲမှာ ဗိုင်းရပ်စ်ပိုးရှိ၊မရှိ ရှာဖွေနိုင်ရုံမက အချို့သော အခြေအနေတွေမှာ သန့်ရှင်းတဲ့အစာတွေထက် ရောဂါပိုးမွှားရှိတဲ့ အစာကို ပိုမိုနှစ်သက်ကြတယ်လို့ သိရပါတယ်။
■ သုတေသီတွေက ဗိုင်းရပ်စ်ကူးစက်ထားတဲ့ အစာတွေအပေါ် ပျားတွေရဲ့ တုံ့ပြန်မှုကို လေ့လာရန်အတွက် ဓာတ်ခွဲခန်းနဲ့ ကွင်းဆင်းစမ်းသပ်မှု နှစ်မျိုးစလုံး ပြုလုပ်ခဲ့ကြပါတယ်။
■ အသိုက်စောင့်ပျားတွေနဲ့ အစာရှာထွက်တဲ့ ပျားတွေဟာ ရောဂါပိုးရှိနေတဲ့ အစားအစာအပေါ် မတူညီတဲ့တုံ့ပြန်မှုများ ပြသခဲ့ကြပြီး ရာသီဥတု အပြောင်းအလဲတွေကလည်း ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။
■ ပျားတွေရဲ့ ဗိုင်းရပ်စ်ဖော်ထုတ်နိုင်စွမ်းက ပျားအုံထဲမှာ ယင်းတို့တာဝန်ယူရတဲ့ကဏ္ဍတွေနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။
■ လွတ်လပ်ပွင့်လင်းစွာ စားသောက်ခြင်းက ပျားအုံတွေကြား ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ပိုမိုဖြစ်စေနိုင်ပါတယ်။
■ ဒီလေ့လာချက်ကနေ ပျားတွေက ဗိုင်းရပ်စ်ကို ဘယ်လိုသိရှိလဲ၊ ဒီအသိပညာကနေ ရောဂါထိန်းချုပ်ရေးနဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဘယ်လိုမြှင့်တင်မလဲဆိုတဲ့အပေါ် သုတေသနပြုလုပ်ဖို့ လမ်းစတွေ ဖြစ်လာစေပါတယ်။
Source: Phys
Page 79 of 1243