#World_Health
Published 28 May 2026

■ လမ်းလျှောက်ခြင်းက သွေးပေါင်ချိန် ထိန်းချုပ်ဖို့အတွက် အရိုးရှင်း အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပေမယ့် ဘယ်လောက်အထိ လမ်းလျှောက်ဖို့ လိုအပ်နိုင်သလဲ။

■ လူရွယ်အများစုအတွက်တော့ တစ်ပတ်အတွင်း အနည်းဆုံး ၅ ရက်ခန့်ကို မိနစ် ၃၀ ခန့် စတင်လမ်းလျှောက်သင့်တယ်လို့ ဂျူပီတာဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာ အာမစ်ဆာရက်ဖ်က ပြောပါတယ်။

■ ခပ်မြန်မြန် လမ်းလျှောက်ခြင်းက နှလုံးခုန်နှုန်းမြင့်စေရန် လုံလောက်ပေမယ့် မိနစ် ၃၀ က များလွန်းတယ်ထင်ရင် ၁၀ မိနစ်စီခန့် ခွဲလျှောက်နိုင်ပြီး ဒီလိုနည်းလမ်းကလည်း ပုံမှန်လုပ်သွားရင် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

■ သွေးတိုးတဲ့သူတွေမှာ နေ့စဉ် ဖြည်းဖြည်းချင်း လှုပ်ရှားသွားမယ်ဆိုရင် အပေါ်သွေး ၄-၉ မီလီမီတာမာကျူရီခန့် ကျစေနိုင်မှာပါ။

■ အချိန်ကြာလာရင် သွေးလည်ပတ်မှု ကောင်းလာပြီး ကိုယ်အလေးချိန်ထိန်းချုပ်နိုင်ခြင်း၊ ဖိစီးမှုကျဆင်းခြင်းတို့ အကူအညီဖြစ်လာပြီး သွေးပေါင်ချိန်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

■ အနည်းငယ်မျှ အပြောင်းအလဲတွေကလည်း အကူအညီဖြစ်စေနိုင်ပြီး ဓာတ်လှေကားအစား လှေကားဖြင့်တက်ခြင်း၊ စားသောက်ပြီးနောက် လမ်းလျှောက်ခြင်း၊ ညနေခင်း ခဏတဖြုတ် လမ်းလျှောက်ခြင်းတို့ လုပ်နိုင်သလို စိမ်းလန်းတဲ့ပတ်ဝန်းကျင်မှာ လမ်းလျှောက်ခြင်းကလည်း ဖိစီးမှု လျော့ကျစေနိုင်ပါတယ်။

■ တစ်ခါတည်းနဲ့ အပြင်းအထန် စလုပ်တာထက်စာရင် ဖြည်းဖြည်းချင်း အစပြုပြီး မြှင့်တင်သွားတာက ပိုပြီးထိရောက်နိုင်ပါတယ်။

■ သွေးတိုးများလွန်းသူ၊ နှလုံးရောဂါ ရှိသူတွေကတော့ လေ့ကျင့်ခန်းစမလုပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

■ ဒါကြောင့် ပုံမှန်လေး လမ်းလျှောက်ခြင်းက သွေးပေါင်ချိန်ထိန်းနိုင်ရန် အထောက်အကူဖြစ်စေပြီး ရေရှည်ကျန်းမာရေးအတွက် အလွယ်ကူဆုံး အလေ့အကျင့် ဖြစ်ပါတယ်။

Source: Indian Express