Published 30 Oct 2022
အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ မျောက်ဝံကြီးတစ်ကောင်ဟာ သူမရဲ့ ဘဝတလျောက်လုံးနီးပါးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဈေးဝယ်စင်တာကြီးတစ်ခုကြီးရဲ့ ခုနှစ်ထပ်မှာ သတ္တုလှောင်အိမ်ထဲ တစ်ကောင်တည်းနေခဲ့ရတဲ့အတွက် သူမကို ကမ္ဘာ့ အထီးကျန်ဆုံးမျောက်ဝံကြီးအဖြစ် အမည်ပေးထားကြပါတယ်။
ဘွာနွိုင်းဆိုတဲ့ အဲဒီဂေါ်ရီလာမျောက်ဝံမကြီးဟာ အဲဒီ လှောင်အိမ်ထဲထည့်ထားခံရပြီးနောက် သူမရဲ့ အမြဲတမ်းနေအိမ် အဖြစ် ဆယ်စုနှစ်သုံးစုကျော်ကြာ အဲဒီအထဲမှာပဲ နေထိုင်ခဲ့ရပါတယ်။ သူမဟာ ကိုးရိုးကားယားနိုင်လှတဲ့ တိရိစ္ဆာန်ဥယျဉ်တစ်ခုရဲ့ အဓိကဆွဲဆောင်စရာတွေထဲက တစ်ခုဖြစ်နေပါတယ်။ဘန်ကောက်ရဲ့ ရှေးအကျဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ ပါတာပင်ကလို ကုန်တိုက်ကြီးအတွင်းမှာ အဲဒီတိရစ္ဆာန်ရုံထားရှိတာပါ။
ထိုင်အစိုးရနှင့် တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေက သူမကို ဒီ့ထက်သင့်တော်မယ့်နေရာကို ရွှေ့ပြောင်းပေးပါလို့မေတ္တာရပ်ခံခဲ့ကြပေမယ့် ပိုင်ရှင်က ငြင်းဆန်ခဲ့ပါတယ်။
သူမရဲ့ ကျန်ရှိတဲ့ ဘဝအချိန်တွေကို အခြားသော သူမရဲ့မျိုးတူသတ္တဝါများနှင့်အတူ ဘေးမဲ့တောတစ်ခုမှာ ထားပေးဖို့ ဘွာနွိုင်းရဲ့ပိုင်ရှင်က ယနေ့ထက်တိုင်ငြင်းဆန်နေဆဲလည်းဖြစ်ပါတယ်။
“ဒီစုတ်ပြတ်ညံ့ဖျင်းလှတဲ့ နေရာအနေအထားကို နိုင်ငံတကာက ကမ္ဘာ့အဆိုးရွားဆုံးတိရိစ္ဆာန်ရုံဆိုပြီး ရှုတ်ချကြတယ်”လို့ တိရိစ္ဆာန်အခွင့်အရေးကာကွယ်ရေးတစ်ဖွဲ့ဖြစ်တဲ့ PETA ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဂျေဆင်ဘေကာက ပြောပါတယ်။
“ပါတာ တိရိစ္ဆာန်ရုံကို လူတိုင်းက ဖိအားတွေပေးကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ပြီးတော့ PETA အနေနှင့် ဒီတိရိစ္ဆာန်တွေအားလုံးကို သူတို့ရဲ့ ကိုယ်နှင့်စိတ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်နာမည်ကောင်းရထားတဲ့ ဘေးမဲ့တော နေရာတွေမှာ အငြိမ်းစားပေးလိုက်ဖို့ ဆောင်ရွက်ခွင့်ကိုပါတောင်းဆိုပေးပါ” လို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကလည်း သူ့အနေနှင့် ကြာပန်းလေးလို့ အဓိပ္ပါယ်ရတဲ့ ဘွာနွိုင်းကို အခြာသော ဂေါ်ရီလာတို့နှင့်အတူ နေထိုင်ပျော်ရွှင်ခွင့်ရဖို့ တောရိုင်းဘေးမဲ့တော်ထဲ လွှဲပြောင်းပေးတာကို မြင်ချင် နေပါတယ်။ ဒါပေမယ့် ဝန်ကြီးရဲ့ အတွင်းရေးမှူးတစ်ဦးက ဒီမျောက်ဝံကြီးဟာ ပုဂ္ဂလိကပိုင်ဆိုင်မှုတစ်ခုဖြစ်လို့ နေရာ ရွှေ့ပြောင်းချင်ရင် ပိုင်ရှင်ခွင့်ပြုချက်လိုအပ်တယ်လို့ သူ့ကိုရှင်းရှင်းလင်းလင်းပြောထားပါတယ်။
“ အန္တရာ ယ်ပြုနိုင်တဲ့တိရစ္ဆာန်တွေနှင့် တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်တဲ့ ဥပဒေ မပြဋ္ဌာန်းခင်မှာ ပိုင်ရှင်က ဘွာနွိုင်းကို ဝယ်ခဲ့တာဖြစ်ပါတယ်။ ဘွာနွိုင်းကိုအားပေးကြသူတွေဆီက ကျွန်တော်တို့ အလှူခံခဲ့ကြပါတယ်။ ဒါပေမယ့် ခက်တာက ပိုင်ရှင်က ဘွာနွိုင်းကို မရောင်းနိုင်ဘူးတဲ့။ သူက ရောင်းမယ်လို့ ဆိုတဲ့ အခါမှာလည်း ဈေးကသိပ်ကြီးလွန်းနေတယ်” လို့ ဝန်ကြီး သန်နက်ပို သန်နာဘိုညာဝက် ကပြောပါတယ်။
ထိုင်းသတင်းအရင်းအမြစ်တွေရဲ့အဆိုအရ ဘွာနွိုင်းရဲ့ပိုင်ရှင်က သူ့ကိုလွှတ်ပေးဖို့ ဒေါ်လာ ရှစ်သိန်းတောင်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံကိုပိုင်တဲ့ ကုမ္ပဏီက သူ့ကိုရောင်းဖို့ ဈေးအညှိမခံဘူးလို့လည်းဆိုပါတယ်။ မျောက်ဝံကြီးကို ကောင်းစွာစောင့်ရှောက်ထားပြီး သူမဟာ ကိုယ်ရောစိတ်ပါ ဘာဖိအားမှ မခံစားရဘူးလို့ ကုမ္ပဏီရဲ့ကိုယ်စားလှယ်တွေကပြောပါတယ်။
“ အင်တာနက်ထဲမှာ ဘွာနွိုင်းပုံတွေမြင်ရတဲ့သူတွေက သူမဟာ ဝမ်းနည်းကြေကွဲနေတယ်လို့ပြောကြတယ်။ တကယ်တမ်းတော့ သူတို့ဟာလည်း လူတွေလိုပါပဲ။ အချို့တွေမှာ ဝမ်းနည်းတဲ့မျက်နှာပိုင်ဆိုင်ကြပြီး အချို့ကပျော်ရွှင်တဲ့ မျက်နှာပိုင်ဆိုင်ကြတာဖြစ်တယ်” လို့ တိရိစ္ဆာန်ရုံ ညွှန်ကြားရေးမှူး ကန်နစ်ဆမ်ဆီရီမွန်ဂိုကပြောပါတယ်။
“ ဝေဖန်တာတွေကိုစိတ်ပူစရာမရှိပါဘူး။ သူမအကြောင်း ကျွန်တော်တို့က အသိဆုံးပါ” လို့ သူကပြောပါတယ်။
နိုင်ငံတကာက ဘာပဲပြောနေနေ၊ တိရိစ္ဆာန်ရုံပိုင်ရှင်ကိုယ်တိုင်က လွှတ်မပေးဘဲနှင့်တော့ ဘာတစ်ခုမှတော့ လုပ်ပေးနိုင်ကြမှာမဟုတ်ပါဘူး။ မျောက်ဝံတွေဟာ တောထဲမှာ အသက် ၃၅နှစ်မှ ၄၀နှစ်အထိနေနိုင်ကြပြီး ကျွေးမွေးပြုစုမှုအောက်မှာ နှစ် ၅၀လောက်နေနိုင်ကြပါတယ်။ အဲဒါကြောင့် ဘွာနွိုင်းဟာ သူမရဲ့ ရွှေရောင်ရက်တွေကိုတော့ ကျော်လွန်ခဲ့ပါပြီ။
Source: The Guardian
#Bua_Noi
#World’s_loneliest _gorilla
#Thailand_ Pata_Zoo
Published 29 Oct 2022
မြောက်ကိုးရီးယားက နျူကလီးယားတိုက်ခိုက်လာခဲ့ရင် အနည်းဆုံးရက်သတ္တပတ်နှစ်ပတ် ဓာတ်ရောင်ခြည် အဆိပ်သင့်ခြင်းမှရှောင်ရှားနိုင်ရန် ရည်ရွယ်ပြီး တောင်ကိုးရီးယား ဗိသုကာပါမောက္ခတစ်ဦးက မြေအောက်ဗုံးခိုကျင်း(ဘန်ကာ) တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။
ပါမောက္ခ လီတေးဂိုဟာ ထူထဲတဲ့ ကွန်ကရစ်နံရံ၊ သံမဏိအားဖြည့် တံခါးတွေနှင့် လေသန့်စင်ရေးစနစ်တပ်ဆင်ထားတဲ့ မြေအောက်ဘန်ကာတစ်ခုကို မြေအောက်တစ်မီတာမှာ တည်ဆောက်ထားပါတယ်။ အဲဒီဘန်ကာဟာ သူ့ကို နျူကလီးယား ဘေးဆိုးကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး သမားရိုးကျ ဒုံးကျည်တစ်ခု တိုက်ရိုက်ထိမှန်တာကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
မြို့တော်ဆိုးလ်ကနေ အရှေ့တောင်ဘက် ၁၂၀ ကီလိုမီတာအကွာမှာရှိတဲ့ ဂျီချီယွန်မြို့က သူပိုင်မြေပေါ်မှာ အစိုးရက ရန်ပုံငွေဖြင့်တည်ဆောက်ထားတဲ့ အဆိုပါဘန်ကာဟာ နျူကလီးယားရေဒီယိုဓာတ်သတ္တိကြွတွေရဲ့အန္တရာယ်ကို တောင်ကိုးရီးယားနိုင်ငံသားတွေ လေးလေးနက်နက်ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး ပါမောက္ခလီရဲ့ စည်းရုံးလှုံဆော်မှု အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
“ ဒီကနေ ကီလိုမီတာ ၁၀၀လောက်ပဲဝေးတဲ့နေရာမှာ မြောက်ကိုးရီးယားရှိနေတယ်။ အဲဒီကနေ ဇီဝ ဒါမှမဟုတ် နျူကလီးယား ဒုံးကျည်တွေပျံသန်းလာနိုင်တယ်”လို့ ပါမောက္ခလီကပြောပါတယ်။
သူ့အနေနှင့် တောင်ကိုးရီးယားရဲ့ အိုမင်းနေပြီဖြစ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေထဲက တစ်ခုမှာ ဖူကူရှီမာပုံစံ မတော်တဆပျော်ကျတာမျိုးကိုလည်း အတော့်ကိုပူပန်နေပါတယ်။
“ တောင်ကိုးရီးယားနိုင်ငံသားတွေဟာ ကိုယ်ရေးကိုယ်တာသုံး ဗုံးခိုကျင်းတွေ တည်ဆောက်ဖို့ မလိုအပ်ခဲ့တာ နှစ်တွေအကြာကြီးရှိခဲ့ပါပြီ။ အခု အများသုံး ကျင်းတွေ မရှိဖြစ်နေတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
တောင်ကိုးရီးယားစစ်တပ်က တိုက်ခိုက်မှုအပေါ် အဆုံးစွန်ပြင်ဆင်ထားတယ်လို့ ပြောနေပေမယ့် အရပ်သားအများစုဟာ စစ်ဆိုတာကိုမေ့လျော့နေကြပြီး ဘာမှမပြင်ဆင်ထားကြဘူးလို့ ပါမောက္ခလီက ပြောပါတယ်။
တောင်ကိုးရီးယားမှာ တစ်နိုင်ငံလုံးအနေနှင့် ခိုလှုံရာ ဗုံးခိုကျင်းတွေ ၁၇,၀၀၀ ကျော်ကွန်ယက်တစ်ခု ရှိနေပါတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းများက ဆိုပါတယ်။ အဲဒီအထဲက ၃,၀၀၀ ကျော်ဟာ ဆိုးလ်မြို့တော်မှာရှိနေပါတယ်။
မြို့ရဲ့ မြေအောက်ရထားဘူတာရုံတွေဟာ လေကြောင်းတိုက်ခိုက်မှုအကာအကွယ်ယူဖို့နေရာတွေဖြစ်ပေမယ့် နျူကလီးယားဘေးကနေ မလုံခြုံဘူးလို့ဆိုပါတယ်။
၁၉၇၀ပြည့်လွန်နှစ်တွေတုန်းကတော့ အဓိကမြို့ကြီးတွေမှာ အဆောက်အဦတည်ဆောက်ရင် စစ်အတွင်းဘန်ကာအဖြစ် သုံးနိုင်အောင် မြေအောက်အထပ်တွေထည့်သွင်းတည်ဆောက်ရမယ်ဆိုတဲ့ ဥပဒေရှိခဲ့ပါတယ်။
ဒါပေမယ့် ဆိုးလ်မှာ အိမ်ခြံမြေဈေးတွေက မြင့်တက်နေတော့ ပုဂ္ဂလိက အဆောက်အဦအများစုဟာ အဲဒီ မြေအောက်အထပ်တွေကို ကားရပ်နားဖို့နေရာတွေ ဒါမှမဟုတ် အော်စကာဆုရတဲ့ Parasite ဇာတ်ကားထဲမှာ တွေ့ရတဲ့ အေးစက်တဲ့ မြေအောက်အိမ်ခန်းတွေအဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။အဲဒါတွေကို ဆမ်ယွန်းတက္ကသိုလ်ဘွဲ့ရ ပါမောက္ခလီက စိတ်ပူနေပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ စစ်တပ်အတွက် ပထမတန်းစား ကျင်းတွေရှိပါတယ်။ ဒါပေမယ့် အရပ်သားတွေအတွက်က အတော့်ကိုအားနည်းနေတယ်လို့ သူကပြောပါတယ်။
လီတည်ဆောက်ထားတဲ့ ဘန်ကာဟာ ဝမ်ငွေ သန်း ၇၀ (စင်္ကာပူဒေါ်လာ ၆၉,၄၀၀)ကုန်ကျပါတယ်။ အဲဒီအထဲမှာ အလုပ်သမားခမပါသေးပါဘူး။ သူက ဒီဘန်ကာကို ပညာရေးဝန်ကြီးဌာနဆီ သုတေသနအဖြစ်တင်ပြခဲ့ရာမှာ အဲဒီက ရန်ပုံငွေထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။
နျူကလီးယားဒဏ်ခံ ဘန်ကာတွေတည်ဆောက်သူတွေက ဒါကို လျို့ဝှက်ထားချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးပေါ်ဖြစ်လာရင် မိတ်ဆွေတွေ၊မိသားစုတွေနှင့် အိမ်နီးချင်းတွေဆီက အကူအညီတောင်းတာတွေ အလျှံပယ် ဖြစ်လာမှာကို ကြောက်ကြပါတယ်။
“ ကျွန်တော်ကိုယ်တိုင် ဒီဘန်ကာကိုဆောက်တုန်းက အဲဒီသူတွေက နိုင်ငံသာ အတိုက်အခိုက်ခံရရင် ဒီဘန်ကာဆီ လာကြမယ်လို့ ကျွန်တော့်ကိုပြောကြတယ်ဗျာ။ ကျွန်တော်က သူတို့ကိုပြန်ပြောရတယ်။ ဒီ ဘန်ကာက လူ၁၂ ယောက်ပဲဆန့်တယ်လို့ “ လို့ ပါမောက္ခလီကပြောလိုက်ပါတယ်။
Source AFP
#Professor_Lee Tae-goo
#South_Korea
#Nuclear_proof_bunkers
Published 30 Oct 2022
✅စနေနေ့ညက ဆိုးလ်တွင်ဖြစ်ပွားခဲ့သည့် ဟော်လိုဝင်ပွဲတော် လူအုပ်ပြိုလဲမှုကြောင့် သေဆုံးသူ ၁၅၁ ဦးအထိရှိလာ
✅တောင်ကိုရီးယားသမ္မတ ယွန်းဆပ်ယိုက နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးသည့် ကာလတစ်ခုအဖြစ် သတ်မှတ်ကြောင်း တနင်္ဂနွေနေ့ကကြေညာ
✅သေဆုံးသူ ၁၅၁ ဦးရှိပြီး ၁၉ ဦးမှာ နိုင်ငံခြားသားများဖြစ်၊ ဖြစ်ပွားရာနေရာတွင် ဒဏ်ရာရသူ ၈၂ ဦးရှိပြီး ယင်းတို့အထဲမှ ၁၉ ဦးမှာ ဒဏ်ရာများပြင်းထန်ကောင်း ယွန်ဆန်မီးသတ်ဌာနအကြီးအကဲ ချွိုင်ဆ်ဘွန်က ပြော
✅ယခုဟော်လိုဝင်ပွဲတော်မှာ ကိုဗစ်-၁၉ကြောင့် မကျင်းပဖြစ်ခဲ့သည်မှာ (၃)နှစ်ရှိပြီးမှ ယခုနှစ်တွင်ပထမဆုံးအဖြစ် ပြနလည်ကျင်းပခြင်းဖြစ်
✅သေဆုံးသူအများစုမှာ အသက်၂၀ ဝန်းကျင် အမျိုးသမီးငယ်များဖြစ်ပြီး သေဆုံးသည့် နိုင်ငံခြားသားများထဲတွင် တရုတ်၊အီရန်၊ ဥဇဘက်ကစ္စတန်နှင့်နော်ဝေးတို့မှနိုင်ငံခြားသားများပါဝင် ဟုသူကပြော
✅ယခင်ဟော်လိုဝင်ပွဲများထက် ပရိဿတ်က ၁၀ဆခန့်များပြားခဲ့ဟု မျက်မြင်သက်သေများကပြော
✅သေဆုံးသူအများစုမှာ လူကြိတ်ကြိတ်တိုးသည့်အထဲ သေဆုံးရခြင်းဖြစ်
✅အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်သမ္မတကတော်၊ ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူနက်တို့က ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့
Source: Reutees
#Seoul_ Halloween_Tragedy
#Yoon_Suk-yeol_national_mourning
#South_Korea_Haloween_night
#World_Health
Published 30 October 2022
ကမ္ဘာပေါ်မှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဆက်နွယ်နေတဲ့ ရောဂါပေါင်း ၁၀၀ ကျော်ရှိတယ်လို့ အမေရိကန်အဆစ်အမြစ်ရောင်ရောဂါအဖွဲ့အစည်းက ဖော်ပြထားပါတယ်။
အသက်အရွယ်ကြောင့် ထိပါးလာတဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းဝေဒနာက အခုအချိန်ထိတော့ အဖြစ်အများဆုံးရောဂါဖြစ်နေပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်တွေဟာ ထိခိုက်ပွန်းပဲ့လာပြီး အဓိကအဆစ်နေရာတွေ ထိပါးလာကာ အိတ်စ်ရေး သို့မဟုတ် MRI စကင်တို့မှာ တွေ့ရှိနိုင်ပါတယ်။
အရိုးအဆစ်ထဲက အရွတ်တွေဆုံးရှုံးလျော့ပါးလာတဲ့အခါ အဆစ်ကြားက ကူရှင်ပြားတွေဟာ ဆုတ်ယုတ်လာပြီး အရိုးချင်းပွတ်တိုက်မိကုန်တာကို စကင်ရိုက်တဲ့အခါ အရိုးကြား အရွတ်နေရာနည်းပါးလာတာကို တွေ့မြင်နိုင်ပါတယ်။
လေးဘက်နာကတော့ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကာ ရောဂါခုခံအားစနစ်က အဆစ်တွေကို တိုက်ခိုက်လာလို့ ဖြစ်ရတာပါ။
အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့် ဒူးနေရာက အထိခိုက်ခံရဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာ မသွားနိုင်မလာနိုင်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။
အရိုးအဆစ်ရောင်ရတဲ့အချက်ထဲမှာ ကိုယ်အလေးချိန်တိုးလာခြင်းက အကြောင်းအရင်းတစ်ခုဖြစ်ပြီး အမျိုးသမီးများ မီးယပ်သွေးဆုံးချိန်မှာ ဖြစ်လာတတ်ကြပါတယ်။
ထခြင်း ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းတို့မှာ ဒူးနဲ့တင်ပါးဆုံတို့က အဓိကလှုပ်ရှားရတာကြောင့် အထိခိုက်ခံရဆုံးနေရာတွေဖြစ်ပါတယ်။
လမ်းလျှောက်တဲ့အခါ စီးတဲ့ဖိနပ်ကလည်း အရိုးအဆစ်တွေကြားပွတ်တိုက်မှုနဲ့ သက်ဆိုင်နေပြီး ဒေါက်မြင့်ဖိနပ်စီးခြင်းကလည်း ဝေဒနာဖြစ်နိုင်တဲ့ဆီ ဦးတည်နေပါတယ်။
အဆစ်အမြစ်ရောင်ရမ်းခြင်းက မသိသာဘဲ ဖြစ်ပွားနေတတ်တာကြောင့် ငယ်ရွယ်သူများလည်း သတိထားသင့်ပါတယ်။
အရိုးအဆစ်ကျန်းမာရေးထိန်းသိမ်းတဲ့နေရာမှာ အစားအစာကလည်း အရေးကြီးပြီး ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာစားသုံးဖို့ ဟောင်ကောင်မှ အဟာရပညာရှင်'မစ်ရှဲလ်လောင်'က အကြံပြုထားပါတယ်။
ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကုသနည်းခံယူခြင်း၊ နာကျင်ကိုက်ခဲပျောက်ဆေးသုံးစွဲခြင်း၊ ရေကူးခြင်းတို့ဖြင့် အရိုးအဆစ်ထိခိုက်ခြင်းကို လျော့ပါးစေနိုင်ပါတယ်။
အဆစ်အမြစ်ရောင်ရောဂါကြောင့် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပြီး ကမ္ဘာ့အရိုးအဆစ်ရောင်ရောဂါအဖွဲ့အစည်းကလည်း လူနာရှင်တွေအနေနဲ့ ရောဂါခံစားနေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ကြောင်း သိရှိစေချင်တယ်လို့ အားပေးထားပါတယ်။
Source: SCMP
#Yangon_Media_Group
#World_Health
Published 30 October 2022
အသားလွန်ကဲစွာ စားသုံးသူတွေဟာ မျိုးမအောင်နိုင်တဲ့အန္တရာယ်များကြောင်း လေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ကလေးယူဖို့စဉ်းစားနေတဲ့သူတွေအတွက် ကြက်သား၊ အမဲသား၊ ဆိတ်သားတို့ကို ထိန်းချုပ်စားသုံးသင့်တယ်လို့ ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
ပရိုတိန်းဓာတ်မြင့်မားတဲ့ အစားအစာတွေဟာ ယောက်ျားတွေရဲ့ တက်စ်တိုစတီရုန်းပမာဏကို ၃၇ ရာခိုင်နှုန်းလျော့နည်းစေတယ်လို့ ဝေါဆက်စ်တာတက္ကသိုလ်မှ သုတေသနပြုခဲ့ပါတယ်။
တက်စ်တိုစတီရုန်းနည်းပါးတဲ့အခါ သုတ်ပိုးအကောင်ရေနည်းပါးသွားပြီး မျိုးပွားနိုင်စွမ်းကို ထိခိုက်စေပါတယ်။
ဒါ့အပြင် တက်စ်တိုစတီရုန်းနည်းတဲ့အခါ နှလုံးရောဂါ၊ ဆီးချို၊ အယ်လ်ဇိုင်းမား စတဲ့ နာတာရှည်ရောဂါများလည်း ဆက်စပ်လာပါတယ်။
Nutrition and Health ဂျာနယ်မှာဖော်ပြထားချက်အရ ပရိုတိန်းက အမိုးနီးယားအဖြစ် ပြိုကွဲသွားပြီး အဆိပ်အတောက်ဖြစ်လာစေပါတယ်။
ပရိုတိန်းအဆိပ်ဖြစ်ခြင်းလက္ခဏာများအဖြစ် မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ လိင်မှုကိစ္စဆန္ဒနည်းပါးခြင်းတို့ကို ပထမ တစ်ပတ်နှစ်ပတ်အတွင်း တွေ့မြင်နိုင်ပါတယ်။
အချို့သောအမျိုးသားတွေက ပရိုတိန်းအများအပြားစားသုံးပြီး ကြွက်သားတည်ဆောက်ကြပါတယ်။
အထူးသဖြင့် ကာယဗလမောင်တွေနဲ့ ဝိတ်မတဲ့သူတွေပါပဲ။
ခန္ဓာကိုယ်အတွက် ပရိုတိန်းကို ၃၅ ရာခိုင်နှုန်းခန့်အထိ နှစ်ပတ်ကျော်ကြာအောင် စားသုံးခြင်းက အန္တရာယ်များတဲ့အနေအထားဖြစ်ပါတယ်။
ပရိုတိန်းကို ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိသာ စားသုံးသင့်ပြီး အရက်၊ ဆေးလိပ်လျှော့ကာ အဟာရမျှတတဲ့ အစားအစာများစားသုံးပေးရပါမယ်။
ကြွက်သားတည်ဆောက်ခြင်း၊ ဗိုက်ပြည့်နေစေခြင်းတို့ကြောင့် ပရိုတိန်းဟာ အရေးပါပြီး ကျန်းမာရေးကောင်းကျိုးများရှိနေပါတယ်။
ခန္ဓာကိုယ်ကြံ့ခိုင်လှပအောင် ပြုလုပ်နေသူတွေက ပရိုတိန်းစားသုံးဖို့တိုက်တွန်းနေကြပါတယ်။
ပျမ်းမျှအားဖြင့်တော့ လူအတော်များများဟာ ပရိုတိန်းကို လိုအပ်တာထက် ပိုမိုစားသုံးနေကြပါတယ်။
Source: The Sun
#Yangon_Media_Group
Published 29 Oct 2022
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ယနေ့ အောက်တိုဘာ ၂၉ ရက်ညမှာ Halloween ဟော်လိုဝင်းပွဲတော် ကျင်းပနေစဉ်အတွင်း ကျဉ်းမြောင်းတဲ့ လမ်းတစ်ခုမှာ ကြီးမားတဲ့ လူအုပ်ကြီးက အရှေ့ကို အလုအယက်ပြုံတိုးမှုကြောင့် လူဒါဇင်ပေါင်းများစွာ နှလုံး ရပ်ကုန်ကြပါတယ်။
အမျိုးသားမီးသတ်ဌာနကက အရာရှိတစ်ဦးရဲ့အဆိုအရ ဆိုးလ်မြို့တော်ရဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ Itaewon အရပ်မှာ လူ၁၀၀ ဝန်းကျင်ခန့်ဟာ တဟုန်ထိုးတိုးမှုကြောင့် ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ကြတယ်လို့သိရပါတယ်။
လူ၅၀လောက်ဟာ နှလုံးရပ်တန့်ခဲ့ကြပြီး အခြားသူတော်တော်များများဟာ သေဆုံးခဲ့ကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။
နှလုံးရပ်တန့်သွားလို့ အရေးပေါ်ကုသပေးလိုက်ရတဲ့ အသေးစိတ်ကို အရာရှိတွေက ထုတ်မပြောပါဘူး။ ဒါပေမယ့် ဒါဇင် ပေါင်းများစွာရှိနိုင်တယ်လို့ သူတို့ကပြောပါတယ်။
ဆိုးလ်ရဲ့ အဓိကပါတီပွဲကြီးတစ်ခုလုပ်နေတဲ့ ဟမ်မီလ်တန်ဟိုတယ်အနီး လမ်းကျဉ်းကျဉ်းကလေးထဲမှာ ကြီးမားတဲ့လူအုပ်ကြီးက ရှေ့ကို အတင်းတိုးဝှေ့ကြပြီးနောက် သေဆုံးမှုတွေဖြစ်ခဲ့ကြရတာလို့ သူတို့က ယုံကြည်ထားကြပါတယ်။
ဒါဇင်များစွာရှိတဲ့လူတွေကို Itaewon လမ်းတွေပေါ်မှာပဲ CPR အရေးပေါ်အသက်ကယ်ကုသမှုတွေလုပ်ပေးခဲ့ရပါတယ်။ အချို့ကိုတော့ အနီးအနားက ဆေးရုံတွေဆီ ပို့ဆောင်ပေးကြပါတယ်လို့ ရဲတွေကပြောပါတယ်။
အဲဒီနေရာကို အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၄၀၀ကျော်ရောက်ရှိနေကြပါတယ်။ဖြစ်ပွားရတဲ့ အသေးစိတ်ကို စုံစမ်း ဖော်ထုတ်နေဆဲဖြစ်ပါတယ်။
တောင်ကိုးရီးယားသမ္မတ ယွန်ဆပ်ယိုးက ထိခိုက်ဒဏ်ရာရသူတွေကို အသေအချာကုသစောင့်ရှောင်ပေးဖို့နှင့် ပွဲတော်နေရာရဲ့ ဘေးကင်းမှုအပေါ်ပြန်လည်သုံးသပ်ဖို့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်းက လောလောဆယ် ဥရောပကိုခရီးထွက်နေပြီး ဒီသတင်းကြောင့် ချက်ခြင်းပြန်လာမယ်လို့ပြောပါတယ်။
Source DailyMail
#Seoul
#Halloween_festivities
#A_ massive_stampede
#World_Industry
Published 29 October 2022
လပေါင်းများစွာတိုင်အောင် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာတာကြောင့် ဂျပန်သစ်ကုန်သည်များအနေနဲ့ သစ်တင်သွင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းကို ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
Page 595 of 865