#World_Military
Published 27 October 2022
အမေရိကန်ရေတပ်နဲ့ စစ်တပ်တို့ဟာ ဗုဒ္ဓဟူးနေ့က အသံထက် ၅ ဆမြန်တဲ့လက်နက်စမ်းသပ်မှု တစ်ဒါဇင်နီးပါးကိုစမ်းသပ်ရန် ဗာဂျီးနီးယားရှိ ပင်လယ်ကမ်းစပ်တစ်ခုကနေ ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပါတယ်။
ဒါဟာ လက်နက်အမျိုးအစားအသစ်ထုတ်လုပ်ရန် အထောက်အကူဖြစ်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်လိုက်ပါတယ်။
ဆန်ဒီယာအမျိုးသားဓာတ်ခွဲခန်းဟာ ဗာဂျီးနီးယားရှိ နာဆာ(NASA)ရဲ့ ဝေါလော့ပ်စ်ဖလိုက်စခန်းကနေ စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီစမ်းသပ်မှုအတွင်း အသံထက်အလွန်မြန်လက်နက်ရဲ့ ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းများ၊ လမ်းကြောင်းပြကိရိယာများအပြင် လက်တွေ့ဆန်တဲ့ အသံထက်အလွန်မြန်ကိရိယာရဲ့ အပူဒဏ်ကိုခံနိုင်မယ့် အဆင့်မြင့်ပစ္စည်းများကိုပါ အကဲဖြတ်ခဲ့ကြောင်း နာဆာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လေထုအပေါ်ပိုင်းက ဒုံးကျည်ကနေ အသံထက်အလွန်မြန်တဲ့ လျှောထွက်ယာဉ်များလွှတ်တင်ပြီးနောက် အသံထက် ၅ ဆမြန်တဲ့နှုန်း တစ်နည်းအားဖြင့် တစ်နာရီကို ၆,၂၀၀ ကီလိုမီတာနှုန်းဖြင့် ပစ်မှတ်ဆီ ပျံသန်းသွားပါတယ်။
အမေရိကန်နဲ့ တစ်ကမ္ဘာလုံးရှိပြိုင်ဘက်များက အသံထက်မြန်လက်နက်များကို အရေးတကြီးအလျင်အမြန် ထုတ်လုပ်လာကြကာ ရန်သူရဲ့နည်းပညာများကို အနိုင်ရမယ့် အဆင့်မြင့်လက်နက်များရရှိရန် ကြိုးပမ်းလာကြပါတယ်။
စမ်းသပ်ထုတ်လုပ်မှုကို အရှိန်မြှင့်တဲ့အနေနဲ့ ပင်တဂွန်ဟာ မြေပြင်စမ်းသပ်မှုနဲ့ စနစ်အပြည့်အဝပျံသန်းခြင်းတို့အကြား အရေးပါတဲ့ကွာဟချက်တစ်ခုကို ဖြည့်ဆည်းနိုင်ရန် ပိုမိုသေးငယ်တဲ့စမ်းသပ်ယာဉ်ကို အသုံးပြုပြီး ရှေ့ပြေးပုံစံများနဲ့ စမ်းသပ်လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က စမ်းသပ်မှုဟာ အမေရိကန်ရေတပ်နဲ့ စစ်တပ်တို့ရဲ့ ပစ်ခတ်နိုင်မှုစွမ်းအားအလားအလာကို အတည်ပြုစစ်ဆေးနိုင်ရန် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
ဒုံးကျည်လျှောထွက်ယာဉ်တွေဟာ မူလလက်နက်အမျိုးအစားနဲ့ ကွဲပြားနေကာ အသံထက်မြန်တဲ့အရှိန်နဲ့ ပျံသန်းနိုင်စေရန် လောင်ကျွမ်းခြင်းမပြုမီ အဝင်လေကိုဖိသိပ်မယ့် scramjet အင်ဂျင်နည်းပညာနဲ့ ယာဉ်ရဲ့မြန်နှုန်းမြင့်စွမ်းအားကို အသုံးပြုထားတာဖြစ်ပါတယ်။
အမေရိကန်ရဲ့ အသံထက်အလွန်မြန်တဲ့ လက်နက်များအတွက် Lockheed Martin နဲ့ Raytheon Technologies ကုမ္ပဏီတို့က လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 27 October 2022
ကိုဗစ်ရောဂါကူးစက်ဖူးသူတွေဟာ ရောဂါမဖြစ်ဖူးတဲ့သူတွေထက် နာမကျန်းအန္တရာယ်များ သိသိသာသာပိုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
လူသန်းပေါင်းများစွာဟာ ရောဂါကူးစက်ခဲ့သလို ကာကွယ်ဆေးလည်း ထိုးနှံထားကြပါတယ်။
ဒါပေမဲ့ ရောဂါလက္ခဏာအပျော့စား ခံစားခဲ့ရသူတွေတောင်မှ နှလုံးရောဂါနဲ့ အသက်အန္တရာယ်ထိပါးနိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေများကြောင်း ကျွမ်းကျင်သူများက သတိပေးလိုက်ပါတယ်။
ကိုဗစ်ကြောင့်ဆေးရုံတက်ခဲ့ရသူတွေဆိုရင် သွေးပြန်ကြောတွင် သွေးခဲပိတ်ခြင်းမျိုး ဖြစ်နိုင်ချေ ၂၇ ဆပိုများကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ကိုဗစ်ရောဂါအပျော့စားဖြစ်ခဲ့သူတွေကတော့ ရောဂါမဖြစ်ဖူးသူထက် သွေးခဲပိတ်ခြင်း ဖြစ်နိုင်ချေ ၃ ဆပိုများပါတယ်။
သွေးခဲပိတ်ခြင်းကို မကုသဘဲထားလိုက်ရင် သွေးခဲပိုကြီးလာပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ကိုဗစ်ကြောင့်ဆေးရုံတက်ဖူးသူတွေဟာ နှလုံးဖောက်ခြင်းဖြစ်နိုင်ချေ ၂၁ ဆပိုများပြီး လေဖြတ်ခြင်းဖြစ်နိုင်ချေ ၁၇ ဆပိုများပါတယ်။
ဒါ့အပြင် နှလုံးပုံစံမမှန်ခြင်း၊ နှလုံးရောင်ရမ်းခြင်းနဲ့ ရုတ်တရက်နှလုံးဖောက်ခြင်းတို့လည်း ပိုဖြစ်နိုင်ပါတယ်။
ကိုဗစ်ကြောင့်ဆေးရုံတက်ခဲ့ရသူတွေဟာ ရောဂါမပြင်းထန်သူတွေထက်စာရင် အသက်အန္တရာယ်ဆုံးပါးနိုင်ချေ ၁၁၈ ဆပိုများနေပါတယ်။
ရောဂါကူးစက်ပြီး ရက် ၃၀ အတွင်း နှလုံးရောဂါများနဲ့ အသက်အန္တရာယ် အများဆုံးဖြစ်ပေမယ့် နောက်ပိုင်းအချိန်ကာလတစ်ခုအထိလည်း ဖြစ်နိုင်ချေများနေဆဲဖြစ်ပါတယ်။
ကိုဗစ်ကူးစက်ပြီးနောက်ပိုင်း နောက်ဆက်တွဲလက္ခဏာတွေက လူအများကြား စိုးရိမ်စရာတစ်ရပ်ဖြစ်လာပါတယ်။
လက်ရှိအချိန်မှာ အိုမီခရွန်က အဓိကကူးစက်တဲ့ဗိုင်းရပ်စ်ဖြစ်နေပြီး အရင်ကထက် ရောဂါပျော့လာပါတယ်။
ယခုဆောင်းရာသီအတွင်း မျိုးဗီဇကွဲ ၃ မျိုးစုပေါင်းပျံ့ပွားလာနိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
Source: The Sun
#Yangon_Media_Group
#World_Health
Published 27 October 2022
အလုပ်ရှင်နဲ့ အဆင်မပြေတာမျိုး၊ အလုပ်ခွင်နေရာမှာ အဆင်မပြေတာမျိုးတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်ကြောင်း အမေရိကန်အထွေထွေခွဲစိတ်ဆရာဝန်ကြီးက တင်ပြခဲ့ပါတယ်။
အလုပ်သမားရေးရာ ပြဿနာများ လတ်တလောနှစ်များအတွင်း မြင့်တက်လာသလို ကိုဗစ်ကပ်ရောဂါကြောင့် ဝန်ထမ်းများပင်ပန်းနွမ်းနယ်ခြင်းနဲ့ လုပ်ငန်းခွင်အဆင်မပြေမှုများအပေါ် အာရုံစိုက်လာကြပါတယ်။
ဝန်ထမ်းရပိုင်ခွင့်များနဲ့ပတ်သက်ပြီး သတ်မှတ်ချက်များဖြင့် ကာကွယ်ပေးထားမယ့်ဥပဒေမျိုး အမေရိကန်မှာ ချမှတ်ထားပေမယ့် လုပ်ငန်းရှင်များအနေနဲ့ ဒီထက်ထောက်ပံ့နိုင်ပါသေးတယ်။
လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုဖြစ်ပေါ်လာနိုင်တဲ့ အချက်အလက်များကို ဆရာဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
အလုပ်နေရာနဲ့ဝေးကွာခြင်း၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်နည်းပါးခြင်း၊ လစာနည်းခြင်း၊ တာဝန်များစွာလုပ်ကိုင်ရခြင်း၊ အလုပ်ချိန်ဇယားခန့်မှန်းရခက်ခြင်း၊ အလုပ်ဝန်ပိခြင်း၊ အလုပ်ချိန်ကြာမြင့်ခြင်း၊ အသိအမှတ်ပြု မခံရခြင်း၊ တိုးတက်ရေးအခွင့်အလမ်း နည်းပါးခြင်းတို့ဖြစ်ပါတယ်။
လုပ်ငန်းခွင်ပတ်ဝန်းကျင်အဆင်မပြေခြင်း ဖြစ်နိုင်တဲ့အချက်များကတော့ လေးစားမှုမရှိခြင်း၊ ကျင့်ဝတ်မညီခြင်း၊ ရိုင်းစိုင်းခြင်း၊ ခေါင်းပုံဖြတ်ခြင်း တို့ဖြစ်ပါတယ်။
စိတ်ဖိစီးမှုဆက်တိုက်ဖြစ်ပေါ်လာပါက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုရှိလာနိုင်ကာ ထကြွဆန့်ကျင်ခြင်း ဒါမှမဟုတ် လက်လျှော့အရှုံးပေးခြင်းတို့ဖြင့် တုံ့ပြန်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုများလာတဲ့အခါ ရောဂါဝင်ရောက်နိုင်ခြင်း၊ နာတာရှည်ရောဂါဖြစ်လာနိုင်ခြင်း၊ သွေးတိုးခြင်း၊ အိပ်ရေးပျက်ခြင်း၊ အဝလွန်ခြင်း၊ ကိုယ့်ကိုယ်ကိုကြံစည်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။
အစ္စရေးလ်မှဝန်ထမ်းများဆိုရင် အလုပ်တာဝန်များလွန်းခြင်းကြောင့် အားလပ်ချိန်များမှာပါ အချိန်ပိုအလုပ်လုပ်နေကြရပါတယ်။
အရင်ကတည်းက လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုဆိုတာ ရှိစမြဲဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ပိုမိုဆိုးရွားလာကြပါတယ်။
၂၀၂၁ ခုနှစ် အမေရိကန်စစ်တမ်းတစ်ခုအရ ၇၆ ရာခိုင်နှုန်းသောဝန်ထမ်းတွေဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေ အနည်းဆုံးတစ်မျိုးခံစားရကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီလိုမျိုး ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်လာခြင်းက လုပ်ကိုင်နိုင်စွမ်းကျဆင်းလာပြီး လုပ်ငန်းအဖွဲ့အစည်းများကိုပါ ထိခိုက်လာစေပါတယ်။
ဒါကြောင့် ဝန်ထမ်းအလုပ်သမားများ ပျော်ရွှင်မှသာ လုပ်ကိုင်နိုင်စွမ်းမြင့်မားပြီး လုပ်ငန်းအောင်မြင်နိုင်မှာဖြစ်ပါတယ်။
ဝန်ထမ်းများ ပျော်ရွှင်စေဖို့ လုပ်ငန်းရှင်များဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကတော့ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းအတွင်း ဆက်ဆံရေးတိုးတက်စေခြင်း၊ လုပ်ငန်းတာဝန်မျှတအောင် စီမံခြင်း၊ သင့်တင့်ကောင်းမွန်တဲ့ လုပ်အားလစာပေးခြင်း၊ တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းပေးခြင်းတို့ ဖြစ်ပါတယ်။
ဝန်ထမ်းတွေရဲ့အခက်အခဲကို နားထောင်ခြင်းဖြင့်လည်း သူတို့ရဲ့ကျေနပ်မှုကို အထောက်အကူဖြစ်စေကြောင်း ဆရာဝန်ကြီးက အကြံပြုထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 27 Oct 2022
အဖွားတစ်ဦးရဲ့ တစ်ကိုယ်လုံးကို ၂၂ပေရှည်လျားတဲ့ စပါးအုံးမြွေကြီးတစ်ကောင်က မြိုချခံရတဲ့ ဖြစ်ရပ် အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ပါတယ်။ တုန်လှုပ်စရာကောင်းတဲ့ဗွီဒီယိုတစ်ခုမှာ မြွေကြီးကို ခွဲကြည့်တဲ့အခါ အထဲမှာ အဖွားရဲ့ခန္ဓာကိုယ် ရုပ်ကြွင်းတွေကို တွေ့ရတာကိုရိုက်ကူးထားပါတယ်။
အသက် ၅၄ နှစ်အရွယ် ဂျရာလို့သိကြတဲ့ အမျိုးသမီးကြီး တနင်္ဂနွေနေ့က ဂျမ်ဗီပြည်နယ်က ရာဘာတောတစ်ခုမှာ ရာဘာစေးတွေခြစ်ဖို့ သွားခဲ့ရာ ပြန်မလာတော့တဲ့အတွက် လိုက်လံရှာဖွေခဲ့ကြရတယ်လို့ ရဲတပ်ဖွဲ့က CNN Indonesia ကို ပြောပါတယ်။
သူ့ခင်ပွန်းက အဲဒီနေရာတွေကို ရှာခဲ့ရာမှာ သူ့ဇနီးရဲ့ခြေညှပ်ဖိနပ်တစ်စုံ၊ ဂျာကင်၊ ခေါင်းစည်းပဝါနှင့် ဓားတစ်ချောင်းပဲ တွေ့ခဲ့ရပါတယ်လို့ ဘာတာရာဂျမ်ဘီရဲချုပ် အေကေပီ ဟာရာဖာက သတင်းမီဒီယာကိုပြောတာဖြစ်ပါတယ်။
သူဟာ အဲဒီနေရာကိုပဲ နောက်တစ်နေ့မှာ အဖွဲ့တွေနှင့်ရောက်လာပြီး ထပ်ရှာပါတယ်။ခန္ဓာအလယ်ပိုင်းဗိုက် ဖောင်းကားနေတဲ့ မြွေကြီးတစ်ကောင်ကို သူတို့ မထင်မှတ်ဘဲတွေ့ပါတယ်။ဒါဟာ ကြီးမားတဲ့ အရာတစ်ခုခုကို သူမြိုခဲ့လို့ ပဲဖြစ်ပါတယ်။
ဗွီဒီယိုထဲမှာ ရှာဖွေတဲ့အုပ်စုဟာ စပါးအုံးမြွေကြီးရဲ့ ဦးခေါင်းကို သစ်ကိုင်းနှင့် ထိုးချပြီးသတ်ပစ်ခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် ဖောင်းကားနေတဲ့နေရာက မြွေကြီးရဲ့ အရေခွံတွေကို ခွဲကြည့်ခဲ့ပါတယ်။
အဲဒီနောက် သူတို့ ဂရုတစ်စိုက် ဆွဲဟလိုက်တဲ့အခါ ပျောက်ဆုံးနေတဲ့ အဖွားရဲ့ မြိုချခံရတဲ့ ခန္ဓာကိုယ်ကို အံအားသင့်စွာ တွေ့ရှိကြရပါတော့တယ်။
“ အားလုံးအံ့အားသင့်ကုန်ကြတယ်” လို့ တာဂျန်ဂါဂျာကျေးရွာသူကြီး အန်တိုက ဗိုင်ရယ်သတင်းဌာနကကိုပြောပါတယ်။
“ ကျွန်တော်တို့ရှာနေတဲ့ အမျိုးသမီးကြီးကို မြွေဗိုက်ထဲမှာ တွေ့ကြရတာပဲ” လို့ သူကဆက်ပြောပါတယ်။
မြွေကြီးဟာ ဂျရာကို အရင်ဆုံးကိုက်ခဲ့ပုံရပါတယ်။ ပြီးမှာ ဂျရာ့ ခန္တာတစ်ခုလုံးကို ရစ်ပတ်ပစ်လိုက်ပြီး အသက်ရှုကြပ်အောင် လုပ်ပြီးမှ မြိုခဲ့ပုံရတယ်လို့ အန်တိုက ပြောပါတယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးဟာ အနည်းဆုံး နှစ်နာရီ လောက်ကြာနိုင်တယ်လို့လည်း သူကပြောပါတယ်။
ဒီမြွေကြီးဟာ ရွာမှာ အကြီးဆုံးမြွေလို့ ပြောလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ အရင်က ၂၇ ပေရှည်တဲ့ စပါးအုံးကြီး တစ်ကောင်တွေ့ခဲ့ဖူးလို့ဖြစ်တယ်လို့လည်း အန်တိုက ဆက်ပြောပြပါတယ်။
ဒါပေမယ့် အဲဒီမြွေကြီးက ထွက်ပြေးသွားလို့ ရွာသားတွေဟာ ဒီလို မြွေကြီးတွေ တောထဲမှာ ရှိနေမှာပဲဆိုပြီး စိတ်ပူနေခဲ့ကြတာဖြစ်ပါတယ်။
Source NYPost
#Big_python_swallowed_woman
#Indonesia_ Jambi_province
#Python_eats_woman
#World_Health
Published 26 October 2022
ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်မျှ ပိတ်ပင်ထားခဲ့ရတဲ့ ဖိလစ်ပိုင်ရိုးရာကြက်တိုက်ပွဲများဟာ အခုဆိုရင် ပြန်လည်စတင်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 26 October 2022
တရုတ်နိုင်ငံဟာ ဟိုက်ဒရိုဂျင်စွမ်းအင်ဖြင့်မောင်းနှင်နိုင်တဲ့ မျှဝေသုံး စက်ဘီးတွေကို တောင်ပိုင်း ကွမ်တုံပြည်နယ် မြို့ တစ်မြို့မှာ စတင်အသုံးပြုနေပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး ဟိုက်ဒရိုဂျင်ထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ ဒေသအစိုးရတွေနှင့် ကုမ္ပဏီတွေက နိုင်ငံရဲ့ အစိမ်းရောင်စီးပွားရေးပြောင်းလဲဖို့ လုပ်ပိုင်ခွင့်ပေးနေတဲ့ ထွန်းသစ်စအခွင့်အလမ်းတွေကို ရယူပြီး ဖွံ့ဖြိုးစ ဟိုက်ဒရိုဂျင်စွမ်းအင်စက်မှုလုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်နေကြတာကို တွေ့မြင်ကြရပါတယ်။
အဲဒီအထဲမှာ ကွမ်တုံပြည်နယ်ရဲ့ တောင်ပိုင်း ဖိုရှန်မြို့ကလေးဟာ အဲဒီစက်မှုလုပ်ငန်းမှာ ထိပ်ဆုံးကပြေးနေတဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
ဖိုရှန်ရဲ့ တန်ဇောင်းမြို့ကလေးမှာ ဟိုက်ဒရိုစက်ဘီးတွေဟာ မျှဝေသုံးစက်ဘီးတွေအဖြစ် လမ်းတွေပေါ်မှာ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လေထုတ်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်တဲ့ ယာဉ်အဖြစ် စီးနင်းနေကြပါတယ်။
“ ဒီအတွင်းထဲမှာ ဟိုက်ဒရိုဂျင်ဗူးကလေးရှိတယ်။ အဲဒီကနေ ဟိုက်ဒရိုဂျင်တွေထုတ်ပေးပြီး ပါဝါဘောက်စ်ထဲ ရောက်သွားတယ်။ ပါဝါဘောက်စ်ကနေ လျှပ်စစ်ဓာတ်ထုတ်လုပ်ပေးပြီး မော်တာကိုမောင်းနှင်ပေးတယ်။ လုပ်ငန်းစဉ်တစ်ခုလုံးဟာ ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှု သုညပါ” လို့ ဟိုက်ဒရိုဂျင်စက်ဘီးတွေ ထုတ်လုပ်တဲ့ ပုလဲ ဟိုက်ဒရိုဂျင်နည်းပညာကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ရှီးထောင်က ပြောပါတယ်။
မျှဝေသုံး ဟိုက်ဒရိုဂျင်စက်ဘီးတွေတည်ဆောက်ဖို့ လိုအပ်တဲ့ နည်းပညာက ပင်မအခက်အခဲကြီးမဟုတ်ပါဘူး။ ရှီရဲ့ရည်မှန်းချက်က ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုကို အပေးအယူလုပ်စရာမလိုတဲ့ ဈေးနှုန်းသက်သာတဲ့ စက်ဘီးတွေ ထုတ်လုပ်ဖို့ပဲဖြစ်ပါတယ်။
“ ဒီလိုစက်ဘီးမျိုးလုပ်ရတာ ကျွန်တော်တို့အတွက် အခက်အခဲမရှိပါဘူး။ ဒါပေမယ့် ဒါပေမယ့် ဈေးကွက်ကလက်ခံတဲ့ စက်ဘီးတွေကို ကျွန်တော်တို့ထုတ်လုပ်လိုပါတယ်။ဆိုလိုတာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖြစ်စေပြီး ဈေးနှုန်း သက်သာတဲ့ စက်ဘီးမျိုးဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
တန်ဇောင်းမြို့ကလေးမှာ ဟိုက်ဒရိုဂျင် စွမ်းအင်စက်မှုလုပ်ငန်းတွေ သီးသန့်ဆောင်ရွက်ဖို့အတွက် ၄၈ စတုရန်းကီလိုမီတာ ဧရိယာတစ်ခုသတ်မှတ်ပေးထားပါတယ်။
အဲဒီနေရာကို ရှန်ဟူး ဟိုက်ဒရိုဂျင်တောင်ကြားလို့ အမည်ပေးထားပြီး အဲဒီနေရာဟာ စက်ဘီး နှင့်ရင်းနှီးကျွမ်းဝင်တဲ့ ဇုန် ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆီလီကွန်တောင်ကြားတစ်ခု ဖြစ်လာစေဖို့ မျှော်မှန်း ထားပါတယ်။ အဲဒီနေရာမှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လမ်းတံမြက်လှည်းကား၊ ဟိုက်ဒရိုဂျင်ငွေ့ရည်ဖြည့် စတေရှင်တွေနှင့် မျှဝေသုံးစက်ဘီးတွေကို နေရာအနှံ့တွေ့ကြရပါတယ်။
ယခုထက်ထိ ရှန်ဟူး ဟိုက်ဒရိုဂျင်တောင်ကြားမှာ ဟိုက်ဒရိုဂျင်နှင့်ဆက်စပ်တဲ့ အဖွဲ့အစည်းပေါင်း ၄၀ကျော်က ဟိုက်ဒရိုဂျင်ဆက်စပ် ပစ္စည်းတွေထုတ်လုပ်နေကြပြီး အဲဒီနယ်ပယ်ကို သိပ္ပံသုတေသနလုပ်ငန်းတွေလည်း လုပ်ဆောင်နေကြပါတယ်။
“ လက်ရှိမှာ ရှန်ဟူး ဟိုက်ဒရိုဂျင်တောင်ကြားဟာ ဟိုက်ဒရိုဂျင်စွမ်းအင် စက်မှုလုပ်ငန်းကွင်းစက်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးစုစည်းထားတာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီနေရာကို ဟိုက်ဒရိုဂျင်စွမ်းအင်အတွက် သရုပ်ပြဇုန်တစ်ခုအဖြစ်နှင့်ရော၊ အဆင့်မြင့် စက်မှုလုပ်ငန်းပေါင်းစုအခြေစိုက်နေရာတစ်ခုအဖြစ်နှင့်ပါ တည်ဆောက်ဖို့ဖြစ်ပါတယ်” လို့ တန်ဇောင်းမြို့ရဲ့ ဒုတိယမြို့တော်ဝန် လီကျုန်းရှန်းက ပြောပါတယ်။
Source: CCTV+
#Hydrogen_Bike
#China_ Guangdong
#Xianhu_Hydrogen_Valley
#DailyNews
Published _ 26 October 2022
၁။ နိုဝင်ဘာလ(၈)ရက်တွင် လကြတ်မည်၊ လကြတ်ခြင်းကို မြန်မာနိုင်ငံက အပြည့်မြင်နိုင်မည်
၂။ ရွှေဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား ပိုများနေ
၃။ တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းများအတက်အကျငြိမ်သက်မှု မရှိဘဲ ပုံမှန်ဈေးဖြင့်သာရှိနေ
၄။ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ခဲ့ရသည့် ဖိလစ်ပိုင်ကြက်တိုက်ပွဲများ ပြန်လည်ကျင်းပလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 598 of 865