Published 24 Oct 2022
Dove၊ Nexxus၊ နှင့် Suave တို့ကဲ့သို့သော အမှတ်တံဆိပ်တွေကို ပိုင်ဆိုင်တဲ့ ယူနီလီဗာကုမ္ပဏီက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်း ဘင်ဇင်း benzene ဟာ အန္တရာယ်ရှိတဲ့ ပမာဏတွေ့ရှိရလို့ ယင်းရဲ့ ခေါင်းလျှော်ရည်အခြောက် dry shampoo တွေကို အမေရိကန်ဈေးကွက်နေ ဆန္ဒအလျောက် ပြန်သိမ်းယူဖို့ ကြေညာထားပါတယ်။
အမေရိကန် အစားအသောက်နှင့်ဆေးဝါးဌာန (အက်ဖ်ဒီအေ)က ဆန္ဒအလျောက်အဲဒီထုတ်ကုန်တွေကို ပြန်သိမ်းကြဖို့ ကြေညာထားတာလည်းဖြစ်ပါတယ်။
ယူနီလီဗာ-အမေရိကန်ပြည်ထောင်စုက သတ်မှတ်ရွေးချယ်ထားတဲ့ ကုတ်ဒ်နံပါတ်အတွဲတွေထဲက dry shampoo တွေကို ဆန္ဒအလျောက်ပြန်လည်သိမ်းယူစေဖို့ ကြေညာထားပါတယ်။ အဲဒီ ခေါင်းလျှော်ရည်အခြောက်တွေထဲမှာDove၊ Nexxus၊ Suave၊ TIGI(Rockaholic and Bed Head)နှင့် TRESemmé တို့ပါဝင်ပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဘင်ဇင်းဆိုတာ လူသား ကာဆီနိုဂျင်တစ်ခု ဖြစ်ပါတယ်။ အဲဒါကို ရှုရှိုက်မိတာ၊ ပါးစပ်ထဲဝင်တာနှင့် အရေပြားကတစ်ဆင့် အဲဒီဓာတုပစ္စည်းနှင့် ထိတွေ့မှုဖြစ်ရပါတယ်။ အဲဒီဓာတ်ဟာ သွေးကင်ဆာ၊ ရိုးတွင်းခြင်ဆီကင်ဆာတွေဖြစ်တတ်ပါတယ်။ အဲဒီအပြင် သွေးဓာတ်ပုံမမှန်ဖြစ်ပြီး အဲဒါဟာ အသက်အန္တရာယ်ရှိစေနိုင်ပါတယ်။
ဒီထုတ်ကုန်တွေပြန်သိမ်းရတာဟာ သတိကြီးစွာထားတဲ့အနေနှင့်သာဖြစ်ပြီး ဒီခေါင်းလျှော်ရည်တွေမှာ ပါတဲ့ ဓာတုပစ္စည်း အဲဒီပမာဏဟာ နေ့စဉ်ထိတွေ့ရုံနှင့် ကျန်းမာရေးဆိုးကျိုးရှိလာနိုင်ဖွယ်မရှိတာကို စမ်းသပ်တွေ့ရှိရတယ်လို့ ယူနီလီဗာက သတင်းထုတ်ပြန်ပါတယ်။
ဒီခေါင်းလျှော်ရည်တွေနှင့်ပတ်သက်လို့ ကျန်းမာရေးထိခိုက်မှုဖြစ်တဲ့ သတင်းပေးပို့မှုတွေကို ရရှိထားခြင်းလည်း မရှိပါဘူးလို့ ကုမ္ပဏီကပြောပါတယ်။
အဆိုပါခေါင်းလျှော်ရည်တွေကို ပြည်တွင်းမှာသာ ဖြန့်ချိတာဖြစ်ပြီး လက်လီဆိုင်တွေအနေနှင့် သူတို့ရဲ့အရောင်းစင်တွေပေါ်ကနေ ဒီပစ္စည်းတွေဖယ်ရှားကြဖို့ တိုက်တွန်းထားပါတယ်။
ကနေဒါမှာလည်း အလားတူ ခေါင်းလျှော်ရည်တွေကို ပြန်လည်သိမ်းဆည်းနေတယ်လို့ ကနေဒါလာတဲ့ သတင်းတွေမှာလည်းဖော်ပြထားပါတယ်။
(သိမ်းဆည်းခိုင်းထားတဲ့ dry shampoo အမျိုးအစားနှင့် ထုတ်လုပ်တဲ့ အတွဲတွေကို ယူနီလီဗာရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပြီး ယခု ဒီသတင်းမှာ လည်းပူးတွဲဖော်ပြပေးထားပါတယ်)
Source: Miami Herald and other news outlets
#Unilever_Dry_shampoo
#benzene_cancer
#US_canada
#World_Politics
Published 24 October 2022
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း'ဘော်ရစ်ဂျွန်ဆင်'က ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ရန် ရွေးချယ်ခံမှာမဟုတ်ကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပြီး လွန်ခဲ့တဲ့ ၃ လကျော်က ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူမယ့် ကြိုးပမ်းမှုများကို အဆုံးသတ်လိုက်ပါတယ်။
ဘော်ရစ်ဂျွန်ဆင်နှုတ်ထွက်ခြင်းကြောင့် အခုလို နိုင်ငံရေးမတည်ငြိမ်မှုများနဲ့ စီးပွားရေးစိန်ခေါ်မှုပြင်းထန်နေချိန်မှာ ယခင်ဘဏ္ဍာရေးဝန်ကြီးဟောင်း'ရီရှီဆူနက်'အနေနဲ့ ဗြိတိန်ရဲ့နောက်ထပ်ဝန်ကြီးချုပ်ဖြစ်လာဖို့ အလွန်အလေးသာသွားပါတယ်။
တနင်္လာနေ့လောက်ဆိုရင် သူက ပြိုင်ပွဲကို အနိုင်ရလောက်တဲ့အနေအထား ရောက်နေလောက်ပါပြီ။ ကျင့်ဝတ်အရှုပ်အထွေးများကြောင့် ဇူလိုင်က ဖြုတ်ချခံခဲ့ရတဲ့ 'ဂျွန်ဆန်'ဟာ 'လစ်ဇ်ထရပ်စ်'ရဲ့နေရာမှာ အစားထိုးဖို့ မျှော်လင့်လာကြပါတယ်။
'လစ်ဇ်ထရပ်စ်'ဟာ သူ့ရဲ့အခွန်လျှော့ချရေးအစီအစဉ်များကြောင့် စီးပွားရေးပျက်စီးခဲ့ရပြီး အုပ်ချုပ်ရေးပိုင်းအတွင်း အာဏာကျဆင်းခဲ့သူဖြစ်ပါတယ်။ 'ဂျွန်ဆင်'ဟာ ကာရစ်ဘီယံအားလပ်ရက်ခရီးမှ ပြန်လာပြီးနောက် အခြားပြိုင်ဖက်နှစ်ဦးဖြစ်တဲ့ 'ဆူနက်'နဲ့ 'ပန်နီမော်ဒေါင့်'တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များထံမှ ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့ပါတယ်။
ပါလီမန်အမတ်များထံမှ သတ်မှတ်ချက် ၁၀၀ ထက်ကျော်လွန်ကာ ၁၀၂ ယောက်ရဲ့ ထောက်ခံချက်ကို တနင်္ဂနွေနေ့မှာ ရရှိခဲ့ပေမယ့် 'ဆူနက်'ထက်တော့ လျော့နည်းနေပါသေးတယ်။
အရင်ကတည်းက ကွဲပြားနေတဲ့ ကွန်ဆာဗေးတစ်ပါတီဟာ 'ဂျွန်ဆင်'ပြန်လာတဲ့အခြေအနေကြောင့် ပိုပြီးပျက်ပြားလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်က ပါတီကိုဦးဆောင်ခဲ့ပေမယ့် ငွေကြေးနဲ့ကျင့်ဝတ်အရှုပ်အထွေးများကြောင့် ထောက်ခံသူကျဆင်းလာခဲ့ပါတယ်။
ကြာသပတေးနေ့က 'ထရပ်စ်'နှုတ်ထွက်ပြီးနောက် တနင်္လာနေ့မှာ စာရင်းတင်သွင်းခြင်းကို အပြီးသတ်ပြီး တစ်ပတ်အတွင်း ဝန်ကြီးချုပ်အသစ်ခန့်အပ်ရန် ကွန်ဆာဗေးတစ်ပါတီက အလျင်အမြန်အမိန့်ပေးခဲ့ပါတယ်။
အခုအချိန်မှာ 'ဆူနက်'က ရေပန်းအစားဆုံးဖြစ်နေပြီး အမတ် ၁၄၀ ကျော်ရဲ့ထောက်ခံမှုကိုရရှိထားပါတယ်။
'ဂျွန်ဆင်'ဟာ ဒေါင်းနင်းလမ်း ပါတီပွဲတွေမှာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကို ချိုးဖောက်ခြင်းနဲ့ပတ်သက်ပြီး ပါလီမန်ကို လိမ်လည်ခြင်းရှိ/မရှိ စစ်ဆေးမှု ခံနေရဆဲဖြစ်ပါတယ်။
Source: AP News
#Yangon_Media_Group
#World_Health
Published 24 October 2022
အသားတွေက စားလို့ကောင်းပေမယ့် နေ့စဉ်စားသုံးဖို့တော့ မသင့်ပါဘူး။
ဒါပေမဲ့ မစားပြန်ရင်လည်း အသက်ရှင်သန်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အသားအစားထိုးစားသုံးနိုင်မယ့် စားစရာတွေရှိနေပါသေးတယ်။
အသားတွေက သံဓာတ်ကြွယ်ဝပြီး အများအပြားစားသုံးပါက သွေးထဲမှာသံဓာတ်လွန်ကဲလာနိုင်ပါတယ်။
သွေးကြောနံရံတွေ ပြောင်းလဲပြီး နှလုံးသွေးကြောရောဂါများ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် အလွန်အကျွံအသားစားသုံးပါက အူမကြီးကင်ဆာဖြစ်နိုင်ချေများပါတယ်။
အသားတွေ မကြာခဏစားသုံးရင် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းဓာတ်ပြုခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
အသားပိုစားလေ အရွက်ပရိုတိန်းပိုနည်းလေဖြစ်ပြီး အမျှင်ဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ချို့တဲ့လာနိုင်ပါတယ်။
ဒါကြောင့် အသားအစားထိုး နည်းလမ်းတွေကတော့...
(၁) ကြက်ဥ
ကြက်ဥက ပရိုတိန်းသဘာဝအရင်းအမြစ်တစ်ခုပါ။
ကြက်ဥကြီးတစ်လုံးမှာ ၇၀ ကယ်လိုရီပါဝင်ပြီး ကြက်ဥတစ်မျိုးတည်းနဲ့တင် အဟာရလိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ပြီး ကြွက်သားသန်မာစေပါတယ်။
(၂) ငါး
အသားစားမယ့်နေရာမှာ ငါးနဲ့အစားထိုးနိုင်တဲ့အဓိက အကြောင်းအရင်းက အဆီဓာတ်နည်းပါးတာပါပဲ။
ဗိုက်တာမင် အေ၊ ဘီ၊ ဒီနဲ့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝကာ ကျန်းမာရေးညီညွတ်တဲ့ အစားအစာအတွက်ဆိုရင်လည်း ငါးက အသင့်တော်ဆုံးဖြစ်ပါတယ်။
ဒါ့အပြင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်လည်း ကြွယ်ဝပါတယ်။
(၃) တောင်အမေရိကထွက်အစေ့တစ်မျိုး
အဆိုပါအစေ့တွေကလည်း အဟာရဓာတ်များပေါကြွယ်ဝကာ ဗိုက်ပြည့်ဝစေပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းစေကာ ဆီးချိုရောဂါတိုက်ဖျက်ပေးနိုင်ပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#World_Health
Published 24 October 2022
စိတ်ညစ်နေတဲ့အခါမျိုးမှာ သွားဖြဲပြီး ဟန်ပြပြုံးပြတာမျိုး လုပ်ဖူးကြမှာပါ။
ဒါပေမဲ့ ဟန်ဆောင်ပြုံးပြရင် တကယ်စိတ်ခံစားရ သက်သာစေလားဆိုတာကို စိတ်ရောဂါဆိုင်ရာ သုတေသီများကြား အငြင်းပွားနေကြပါတယ်။
အခုတော့ ခိုင်မာတဲ့ အထောက်အထားရရှိထားပါပြီ။
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဦးဆောင်တဲ့ သုတေသနအဖွဲ့က နိုင်ငံ ၁၉ နိုင်ငံမှ စမ်းသပ်ခံသူ ၃,၈၇၈ ဦးထံမှ အချက်အလက်များရယူခဲ့ပါတယ်။
တစ်ဖွဲ့က ပါးစပ်ထဲမှာ ဘောလ်ပင်တစ်ချောင်းထိန်းခိုင်းထားကာ နောက်တစ်ဖွဲ့က ဓာတ်ပုံတွေထဲက သရုပ်ဆောင်များပြုံးတဲ့အတိုင်း လိုက်လံတုပစေပြီး ကျန်တဲ့တစ်ဖွဲ့ကိုတော့ ပါးပြင်ကကြွက်သားတွေဖြင့် နှုတ်ခမ်းအစပ်တွေကို နားရွက်နားအထိရောက်အောင် ရွေ့ခိုင်းခဲ့ပါတယ်။
ပြုလုပ်ခိုင်းပြီးနောက် သူတို့ဘယ်လောက်စိတ်ပျော်ရွှင်နေလဲဆိုတာကို အဆင့်သတ်မှတ်ခဲ့ကြပါတယ်။
ဓာတ်ပုံတွေကြည့်ပြီး ဟန်ဆောင်ပြုံးတဲ့သူတွေနဲ့ ပါးစပ်ကိုနားရွက်အထိ ရယ်ခဲ့ကြတဲ့သူတွေမှာ ပျော်ရွှင်မှုရလာတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒီသက်ရောက်မှုက နည်းပါးပေမယ့် ပျော်ရွှင်စရာပုံတွေကို မျက်နှာတည်နဲ့ကြည့်ရတဲ့ ခံစားချက်မျိုးကရတဲ့ ပျော်ရွှင်မှုနဲ့ဆင်တူကြောင်း သိရှိရပါတယ်။
ပါးစပ်ထဲ ဘောလ်ပင်ထိန်းထားတဲ့သူတွေကတော့ ပြုံးပြတဲ့ပုံမပေါ်တာကြောင့် စိတ်ခံစားချက်ကြီးကြီးမားမားပြောင်းလဲတာမျိုး မရှိပါဘူး။
စိတ်ခံစားချက်မရှိရင် နာကျင်မှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အောင်မြင်မှုဆိုတာတွေကို မခံစားရတော့ပါဘူး။
စိတ်ခံစားချက်က ဘယ်လောက်အရေးပါလဲဆိုတာကို ဒီသုတေသနက သက်သေပြနေပါတယ်လို့ ဦးဆောင်စာတမ်းပြုစုသူ'နီကိုလတ်စ်ကိုးလ်စ်'က ပြောကြားခဲ့ပါတယ်။
ပြုံးပြရယ်ပြတာဟာ လူတွေကိုပျော်ရွှင်စေပြီး မျက်မှောင်ကျုံ့ခြင်းက စိတ်တိုစေကာ စိတ်ခံစားချက်က ခန္ဓာကိုယ်လှုပ်ရှားမှုအပေါ် အနည်းဆုံးမူတည်နေပါတယ်။
အဆိုပါ အချက်အလက်များအရ မျက်နှာဟန်ပန်နဲ့ မျက်နှာလှုပ်ရှားခြင်းတို့က ပျော်ရွှင်မှုခံစားချက်ကို အစဖော်ပေးနိုင်တယ်လို့ Nature Human Behaviour ဂျာနယ်က ဖော်ပြထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published: 24 October 2022
ကိုရီးယာလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စီးဟာ ဖိလစ်ပိုင်အလယ်ပိုင်းက လေဆိပ်တစ်ခုမှာ တနင်္ဂနွေညက ဆိုးရွားတဲ့ရာသီဥတုအတွင်းဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ရပါတယ်။ လေယာဉ်ပါသူ ၁၇၃ ဦးစလုံးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း အာဏာပိုင်တွေကပြောပါတယ်။
အဲဘတ်စ် အက်စ်အီး A330 အမျိုးအစားလေယာဉ် ခရီစဉ် KE361ဟာ တောင်ကိုးရီးယားနိုင်ငံဆိုးလ်မြို့တော် အင်ချွန်လေဆိပ်ကနေ ဖိလစ်ပိုင်နိုင်ငံ ဆီးဘူးကို ပျံသန်းတာ ဖြစ်ပြီး ရာသီဥတုဆိုးရွားနေတဲ့အတွက် နှစ်ကြိမ်တိုင်ကြိုးစားဆင်းသက်ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ည ၁၁နာရီ ၇မိနစ်မှာ တတိယအကြိမ်ထပ်မံကြိုးစားဆင်းသက်တဲ့အခါမှာ ပြေးလမ်းချော်ခဲ့ရတာဖြစ်ပါတယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆီဘူးပြည်နယ်က မက်တန်ကျွန်းလေဆိပ်ဟာ ပြေးလမ်းချော်တဲ့လေယာဉ်ကြီးပိတ်ဆို့နေမှုကြောင့် ပိတ်ထားရတယ်လို့ ဖိလစ်ပိုင်လေကြောင်း အာဏာပိုင်တွေကပြောပါတယ်။
ထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲမှာ လေယာဉ်ရဲ့ ဝမ်းဗိုက်အောက်ပိုင်းရှေ့ပိုင်း အစိတ်အပိုင်းတွေ ကြီးကြီးမားမား စုတ်ပြဲ ပျက်စီးသွားတာ မြင်တွေ့ရပါတယ်။ ဒါပေမယ့် လေကြောင်းအာဏာပိုင်ကတော့ ပျက်စီးမှုအသေးစိတ်ကိုမထုတ်ပြန်ပါဘူး။ ဒါပေမယ့် ဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မှာဖြစ်တယ်လို့တော့ ပြောပါတယ်။
ကိုးရီးယားလေကြောင်းလိုင်း ဥက္ကဋ္ဌ ကီဟွန်ဝိုးက မတော်တဆမှုအတွက် တောင်းပန်စာထုတ်ပြန်ကြေညာခဲ့ပါတယ်။
Source: Agencies
#Korean_Air_overshot_runway
#Cebu_Philippines
#Aviation_accident_Philippine
Published 23 Oct 2022
မိခင်နှင့်ကလေး ပန်ဒါဝက်ဝံသားအမိရဲ့ အစားအစာရှာဖွေတာ၊ပိုင်နက် အနံ့ခံမှတ်သားရှာဖွေတာတွေပါဝင်တဲ့ ရုပ်သံအပိုင်းအစကို တရုတ်နိုင်ငံအနောက်မြောက်ပိုင် ရှန်ရှီးပြည်နယ်က ချန်ချင်းအမျိုးသား သဘာဝ ကြိုးဝိုင်းက မကြာသေးမီက ထုတ်ပြန်ပေးခဲ့ပါတယ်။
မကြာသေးမီက ကင်းလှည့်ကြည့်ရှုခဲ့စဉ်အတွင်း စားကျက်ကွင်းစောင့်ကြည့်သူတွေက ကြိုးဝိုင်းထဲက အနီအောက်ရောင်ခြည် ကင်မရာတွေဆီကိုပြန်လည်သိမ်းယူခဲ့ပါတယ်။ အဲဒီမှာမှတ်တမ်းတင်ခဲ့တာတွေကို ပြန်ကြည့်ရင်း သူတို့ဟာ တန်ဖိုးရှိလှတဲ့ ဒီမှတ်တမ်းဗွီဒီယိုပုံရိပ်တွေကို တွေ့ရှိခဲ့တာပါ။
ပန်ဒါဝက်ဝံနှစ်ကောင်ရဲ့ အဲဒီပုံရိပ်တွေကို ယခုနှစ် မေလ (၃၀)ရက်နေ့ ည၇နာရီခန့်မှာ မှတ်တမ်းတင်နိုင် ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီဗွီဒီယိုထဲမှာ မိခင်ပန်ဒါမကြီးဟာ သစ်ပင်တစ်ပင်ပေါ်တက်ပြီး နှာရှုပ်ကြည့်တာ၊ခေါင်းနှင့် ခွေ့တာ၊ပြီးတော့ ပင်စည်ကို လည်ပင်းနှင့်ခွေ့တာတွေကို မြင်ကြရတာ။ အဲဒီနောက် သစ်ပင်ခြေရင်းမှာ ကျင်ငယ်စွန့်ပြီး သူမရဲ့ ပိုင်နက်ကို မှတ်သားပါတယ်။ မြင်ကွင်းကနေ ထွက်မသွာခင် သူမဟာ အပင်ကို ခဏတာမျှ ပျင်းရိစွာ မှီပြီးနေလိုက်ပါသေးတယ်။
ပန်ဒါကလေးကတော့ သူ့မိခင် မြင်ကွင်းကပျောက်သွားတာတောင်မှ စားဖို့ပဲ အလုပ်ရှုပ်တာပါ။
ဒီပန်ဒါဝက်ဝံတွေဟာ တစ်ကိုယ်တည်းနေလေ့ရှိကြပြီး ဒီလို ကလေးငယ်တွေနှင့် အတူသွားလာတာ မြင်ရခဲတယ်လို့ ကြိုးဝိုင်းအရာရှိတွေက ပြောပါတယ်။
ချန်ချင်း အမျိုးသားသဘာဝကြိုးဝိုင်းဟာ ချင်လင်းတောင်တန်းတွေအလယ် တောင်ဘက်ကုန်းလျောမှာ တည်ရှိပြီး ပန်ဒါဝက်ဝံကြီးတွေရဲ့ စားကျက်အတွက် ဟက်တာ သုံးသောင်းနီးပါး ကျယ်ဝန်းတဲ့ ဧရိယာရှိပါတယ်။
ယခုစတုတ္ထအကြိမ်မြောက် ကွင်းဆင်းလေ့လာမှုအရေ ကြိုးဝိုင်းထဲမှာ ပန်ဒါဝက်ဝံရိုင်းတွေရဲ့ အရေအတွက်ဟာ ၆၇ ကောင်အထိရှိလာပြီလို့သိရပါတယ်။
Source CCTV+
#Giant_pandas
#Changqing_National_Nature_Reserve
#China_Pandas
Published 23 October 2022
ဆော်ဒီအာရေဗျနိုင်ငံ က အသက် ၆၅နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဟာ ဘဝတစ်လျောက်လုံး စိတ်တည်ငြိမ်မှုရရှိရေး ရှာဖွေရင်းနှင့် အမျိုးသမီး ၅၃ ဦးကို လက်ထပ်မိခဲ့သားဖြစ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းက တစ်မြို့လုံးပြောစရာတစ်ခု ဖြစ်နေတယ်လို့ ပင်လယ်ကွေ့သတင်း ဌာနက သတင်းရေးသားပါတယ်။
အဘူ အဘူဒူလာဆိုဟာ အသက် ၂၀အရွယ်မှာ ပထမဆုံးလက်ထပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူ့ပထမဆုံးဇနီးက သူ့ထက် အသက်(၆)နှစ်ကြီးပါတယ်။ အဲဒီတုန်းကတော့ သူလိုတာအားလုံးက သူမတစ်ယောက်တည်းဖြစ်ခဲ့တာပါတဲ့။
သူတို့ဇနီးမောင်နှံမှာ သားသမီးထွန်းကားခဲ့ပြီး အစပိုင်းမှာ အရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာတွေစတင်ခဲ့ ပြီးနောက် သူနောက်ထပ်တစ်ဦးကို လက်ထပ်ချင်လာခဲ့ပါတယ်။
အဲဒါကြောင့် သူ အသက် ၂၃နှစ်အရယ်မှာ သူနောက်မိန်းမတစ်ယောက်ထပ်ယူမယ့် အစီအစဉ်ကို သူ့မိန်းမကို ပြောလိုက်ပါတော့တယ်။ သူတို့သုံးဦးဟာ အတူတကွပေါင်းသင်းနေထိုင်ကြရင်းနှင့် မယားနှစ်ယောက်အကြား ပြဿနာတွေတက်လာလို့ သူဟာ တတိယမယားယူခဲ့ပါတယ်။ အဲဒီနောက် လေးယောက်မြောက်မယား..။
ဒါပေမယ့် အခြေအနေတွေက ပိုသာဆိုးလာပါတယ်။ အဲဒါကြောင့် သူဟာ ပထမနှင့် ဒုတိယမယားနှစ်ဦးကို ကွာရှင်း လိုက်ပါတယ်။ နောက်တော့ တတိယနှင့် စတုတ္ထမယားတွေကလည်း ရန်တွေဖြစ်နေကြလို့ သူတို့ကိုလည်း အဲသလိုပဲ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တည်တည်ငြိမ်ငြိမ်ဖြစ်ရေးကို ဆက်လက်ရှာဖွေနေပါတော့တယ်။
အသက် ၆၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက အာရပ်သတင်းစာ Sabq နှင့်တွေ့ဆုံပြီး သူဟာ အခုထက်ထိ မိန်းမ ၅၃ ယောက် လက်ထပ်ပြီးပြီလို့ပြောပါတယ်။ အတိုဆုံးအိမ်ထောင်ရေးကတော့ တစ်ညသာပဲဖြစ်တယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် ဒါဟာ သူနောက်ပြောင်ပြောနေတာမဟုတ်။တကယ်အတည်ပြောခဲ့တာဖြစ်ပြီး အားလုံးကိုလည်း သူက ရိုးရာ ဓလေ့နှင့်အညီ လက်ထပ်ယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။
သူက သူ့ဘဝမှာ သူ့ကိုပျော်ရွှင်အောင်ထားနိုင်မယ့် အမျိုးသမီးတစ်ဦးကို ကြိုစားရှာဖွေနေပုံရပါတယ်။ ဒါပေမယ့် သူ့ အိမ်ထောင်ရေးဟာ ကျရှုံးပြီးရင်း ကျရှုံးဖြစ်ခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးမှ သူစိတ်ကြိုက်တစ်ဦးတွေ့ပြီလားဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။ အဘူ အဘူဒူလာက သူ အခုဆို နောက်ထပ် မိန်းမတစ်ယောက်ထပ်ယူပြီးပြီ။ နောက်ထပ်ထပ်ယူဖို့ အစီအစဉ်မရှိဘူးလို့တော့ ပြောရှာပါတယ်။
သူ့မိန်းမတွေအားလုံးနီးပါးက ဆော်ဒီအမျိုးသမီးတွေဖြစ်ကြပြီး နိုင်ငံခြားခရီးသွားရင်းနှင့်နိုင်ငံခြားသူတစ်ဦးပဲ သူလက်ထပ်ဖူးပါတယ်။အဲဒီအိမ်ထောင်ရေးဟာလည်း လပိုင်းပဲကြာခဲ့ပါတယ်။
အဘူအဘူဒူလာရဲ့ ဇာတ်လမ်းဟာ တောင်အာရေဗျမှာ အတော်ပေါက်နေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူရဲ့ ဘဝစွန့်စားခန်းကို ချီးမွမ်းထောပနာပြုကြသူတွေနှင့် သူလုပ်တာမှားပြီးသူဟာ ရာစုနှစ်ရဲ့ မယားပြိုင်သမားကြီး” ဆိုပြီး မှတ်ယူထားကြသူတွေ အကြားမှာလည်း ပြင်းထန်တဲ့ ငြင်းခုန်မှုတွေ ဖြစ်နေကြရပါတယ်လို့ သတင်းကရေးသားပါတယ်။
Source: Gulf-News
#Abu Abdullah
#the_polygamist_of_the century
#Saudi_man_and_53_wives
Page 601 of 865