#World_Entertainment
Published 9 February 2023
Netflix က သူတို့ဆီမှာ ပုံမှန်စာရင်းပေးကြည့်ရှုနေသူများ ဆုံးရှုံးနေရခြင်းကို ဖြေရှင်းဖို့အတွက် နောက်ထပ်နိုင်ငံ ၄ နိုင်ငံမှာ ပါ့စ်ဝေါ့ဒ်စကားဝှက်မျှဝေမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
အခုဆိုရင် ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်တို့မှာရှိတဲ့ စာရင်းပေးကြည့်ရှုသူများဟာ သူတို့နဲ့အတူမနေတဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေအတွက်ပါ Netflix အကောင့်ကို မျှဝေစာရင်းပေးကြည့်ရှုစေချင်တယ်ဆိုရင် အပိုကျသင့်ငွေပေးဆောင်သွားရမှာဖြစ်ပါတယ်။
ဒီလိုမျိုး စကားဝှက်မျှဝေခြင်းကို ကန့်သတ်တာတွေက နိုင်ငံအချို့မှာချမှတ်ထားပြီးဖြစ်ကာ တစ်အိမ်တည်းကနေ မဟုတ်ဘဲနဲ့ ပြင်ပကနေပါ စကားဝှက်မျှဝေအသုံးပြုမယ်ဆိုပါက ကျသင့်ငွေပိုမိုကောက်ခံသွားဖို့ကို ယခုနှစ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်သွားမယ်လို့ ကုမ္ပဏီက အစောပိုင်းမှာပြောကြားခဲ့ပါတယ်။
မီဒီယာကြီးတစ်ခုရဲ့ဖော်ပြချက်အရ ကမ္ဘာတဝှမ်းမှာ မျှဝေသုံးစွဲနေတဲ့ Netflix အကောင့်ပေါင်း သန်း ၁၀၀ ခန့်ရှိပါတယ်။
Netflix က ရုပ်မြင်သံကြားအစီအစဉ်တစ်ခု ရင်းနှီးမြှုပ်နှံရန်ကြိုးပမ်းနေစဉ်မှာ မျှဝေသုံးစွဲတဲ့အကောင့်တွေကြောင့် ဝင်ငွေတွေဆုံးရှုံးနေရတယ်လို့ ကုမ္ပဏီကဆိုပါတယ်။
"ပြီးခဲ့တဲ့နှစ်တုန်းက ဒီပြဿနာဖြေရှင်းဖို့ လက်တင်အမေရိကမှာ နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့ကြပြီး အခုဆိုရင် ကနေဒါ၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်တို့မှာလည်း ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်သွားဖို့ ရှိပါတယ်၊ စာရင်းပေးကြည့်ရှုသူတွေ သူတို့ရဲ့အကောင့်တွေကို ဝင်ရောက်အသုံးပြုခွင့်အပေါ် ပိုမိုထိန်းချုပ်နိုင်ရန် ဖြစ်ပါတယ်" လို့ Netflix က blogspot မှာ ဖော်ပြထားပါတယ်။
သုံးစွဲသူအပိုထည့်သွင်းနိုင်မယ့်အကောင့် လုပ်တဲ့နေရာမှာ သုံးစွဲသူနဲ့အတူမနေတဲ့ လူ ၂ ဦးအထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။
သုံးစွဲသူအပိုတစ်ယောက်ကို ကနေဒါမှာ ကနေဒါဒေါ်လာ ၇.၉၉ ၊ နယူးဇီလန်မှာ နယူးဇီလန်ဒေါ်လာ ၇.၉၉၊ ပေါ်တူဂီမှာ ယူရိုငွေ ၃.၉၉ ၊ စပိန်မှာ ယူရိုငွေ ၅.၉၉ အပိုလစဉ်ကြေးပေးဆောင်ရမှာဖြစ်ကာ ပရိုဖိုင်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်၊ စကားဝှက်နဲ့ အကောင့်ဝင်ခွင့်တို့ ရရှိမှာဖြစ်ပါတယ်။
ပရိသတ်များအတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တုန့်ပြန်မှုတွေပေါ်မူတည်ပြီး ကုမ္ပဏီက ပြန်လည်ပြင်ဆင်ဦးမှာဖြစ်ကာ လာမယ့်နှစ်တွေမှာ ပိုမိုတိုးတက်လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ အင်တာနက်သုံးစွဲသူတွေက Netflix အပေါ် မကျေနပ်ချက်တွေ ထွက်လာပါတယ်။
ပြင်ဆင်ချက်နဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာများ ဖြစ်ပေါ်လာကြကာ ခရီးသွားနေစဉ် အသုံးပြုလို့ရပါ့မလားဆိုတာကိုလည်း စိုးရိမ်လာကြပါတယ်။
ထိုအခါ စာရင်းပေးကြည့်ရှုသူတွေက ခရီးသွားနေစဉ်မှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 9 February 2023
ဗိုက်တာမင်-ဒီက ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။
နေရောင်ခြည်မှာပါတဲ့ ဗိုက်တာမင်-ဒီဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်ကအသုံးချနိုင်အောင် တိုးမြှင့်ပေးပါတယ်။
ဆီးချိုဒုတိယအမျိုးအစားဖြစ်လာရတဲ့ အကြောင်းအရင်းဖြစ်တဲ့ အင်ဆူလင်ယဉ်ပါးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဗိုက်တာမင်-ဒီအားဆေး သုံးစွဲခြင်းဖြင့် နောက် ၃ နှစ်အတွင်း ဆီးချိုလက္ခဏာရှိလာနိုင်တဲ့ လူတွေမှာ ဆီးချိုရောဂါဖြစ်နိုင်ချေကို ၁၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။
နေအလင်းရောင်မှ ခရမ်းလွန်ရောင်ခြည်က အရေပြားကိုထိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဒီထွက်ရှိသလို ဖြည့်စွက်အားဆေးအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။
ထိုသုတေသနကို အမေရိကန် ဘော့စ်တွန်ရှိ တက်ဖ်ဆေးဘက်ဆိုင်ရာစင်တာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 9 February 2023
အလုပ်နေရာထဲမှာ လုံးဝတိတ်ဆိတ်နေခြင်းက ကျန်းမာရေးအတွက် အကျိုးမရှိစေဘဲ ထိုထက်စာရင် အနည်းငယ်ဆူညံသံရှိတဲ့ နေရာမှာလုပ်ကိုင်ရခြင်းက ပိုမိုကျန်းမာနိုင်ဖွယ်ရှိကြောင်း အရီဇိုနာနဲ့ ကန်းဆက်စ်တက္ကသိုလ်တို့မှ သုတေသီများက လေ့လာတွေ့ရှိထားပါတယ်။
ရုံးခန်းထဲမှာ ဆူညံလွန်းခြင်းက ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ သိထားကြသလို လုံးဝဆိတ်ငြိမ်နေခြင်းကလည်း အကျိုးမဖြစ်ထွန်းစေပါဘူး။
သင့်တော်တဲ့ဆူညံသံပမာဏက ၅၀ ဒက်ဆီဘယ်ဖြစ်ပြီး ဒါဟာ ခေါင်မိုးပေါ်မိုးရေကျသံ ဒါမှမဟုတ် ငှက်တေးသီဆိုသံနဲ့ အကြမ်းဖျင်းညီမျှပါတယ်။
ကျန်းမာရေးကောင်းမွန်ခြင်းလို့ စဉ်းစားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကောင်းမွန်သလားဆိုတာကို ယူဆပါတယ်။
ပရော်ဖက်ဆာ'စတန်းဘာ့ဂ်'ဦးဆောင်တဲ့ သုတေသနမှာ ရုံးခန်းအတွင်း နေရာကန့်သတ်ချက်မထားဘဲ ပွင့်လင်းမြင်သာစွာ အတူလုပ်ကိုင်ရတဲ့ဝန်ထမ်းတွေက သီးသန့်နေရာထိုင်ခင်းဖြင့် လုပ်ကိုင်ရတဲ့ဝန်ထမ်းတွေထက် ပိုမိုလှုပ်ရဖျားဖြစ်ကာ စိတ်ဖိစီးမှုလျော့နည်းနေပါတယ်။
ဒါပေမဲ့ လူအများနဲ့လုပ်ကိုင်ရတဲ့အခါ ဆူညံသံကိုလည်း ခံစားကြရပါတယ်။
စမ်းသပ်ဖို့အတွက် အမေရိကန်ရှိ အလုပ်ရုံ ၄ နေရာမှ ဝန်ထမ်း ၂၃၁ ဦးမှာ ၃ ရက်တိုင်အောင် စက်ပစ္စည်း ၂ ခုတပ်ဆင်ခိုင်းခဲ့ပါတယ်။
တစ်ခုကတော့ ပတ်ဝန်းကျင်ရှိ ဆူညံသံကိုတိုင်းတာပေးပြီး လည်ပင်းမှာတပ်ဆင်ခဲ့ပါတယ်။
နောက်တစ်ခုကတော့ ရင်ဘတ်မှာတပ်ဆင်ကာ နှလုံးခုန်နှုန်းကိုတိုင်းတာပြီး စိတ်ဖိစီးမှုနဲ့ စိတ်ပြေလျော့မှုပမာဏတို့ကို စစ်ဆေးပါတယ်။
ရလဒ်များအရ ပတ်ဝန်းကျင်ဆူညံသံက ၅၀ ဒက်ဆီဘယ်ကျော်တဲ့အခါ ၁၀ ဒက်ဆီဘယ်များလာတိုင်း ဇီဝကမ္မကျန်းမာခြင်းမှာ ၁.၉ ရာခိုင်နှုန်းကျဆင်းပြီး ၅၀ ဒက်ဆီဘယ်အောက်နည်းရင်တော့ ၁၀ ဒက်ဆီဘယ်တက်လာတိုင်း ၅.၄ ရာခိုင်နှုန်းတက်လာပါတယ်။
လူတွေရဲ့ဦးနှောက်က အသံရုတ်ချည်းပြောင်းလဲမှုကို ကွဲပြားသိရှိပြီး ရင်ဆိုင်မလား ရှောင်ရှားမလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
ဆူညံသံတွေထွက်နေတဲ့အခါ အသံအားလုံးက နောက်ခံအသံကဲ့သို့ စုဝေးသွားပြီး အာရုံလွှဲစေတဲ့အသံကို ဖုံးလွှမ်းစေပါတယ်။
အလွန်တိတ်ဆိတ်တဲ့နေရာမှာတော့ အပ်ကျတဲ့အသံတောင် အာရုံပြောင်းသွားစေနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Species
Published 8 February 2023
ကယ်လီဖိုးနီးယားမှာ စွမ်းအားမြင့်မုန်တိုင်းတိုက်ခတ်နေပြီး ဆောင်းရာသီရွှေ့ပြောင်းနေထိုင်မှုအရ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ လိပ်ပြာတွေအတွက် သဘာဝပတ်ဝန်းကျင်လိုလားသူများက စိုးရိမ်နေကြပါတယ်။
#Yangon_Media_Group
Published 8 Feb 2023
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှိပြည်နယ်ရဲ့ ရှီယန်မြို့မှာ မြို့ရဲ့ပထမဆုံးသော မောင်းသူမဲ့(အလိုအလျောက်မောင်း) လှေခရီးစဉ်တစ်ခုကို မကြာသေးမီက စတင်ခဲ့ပါတယ်။ အဲဒီမောင်းသူမဲ့လှေဟာ ရှေးဟောင်းမြို့ရဲ့ နံရံဘေး ကျုံးတစ်လျောက်မောင်းနှင်ခဲ့ပြီး တစ်မူထူးခြားတဲ့ မြင်ကွင်းတွေကို ကြည့်ရှုဖို့ ခေတ်သစ်သဘောတရားတစ်ခုကို ဆောင်ကြဉ်းလာတာဖြစ်ပါတယ်။
နှစ်ကီလိုမီတာရှည်လျားတဲ့ အဲဒီခရီးစဉ်မှာ ခရီးသည်တွေဟာ အပျော်ခရီးတစ်ခုရရှိပြီး လှေပေါ်မှာ မီးဖိုနှင့်ဆူပွက်ထားတဲ့ လက်ဖက်ရည်ကြမ်းကို လှေမောင်းနှင်နေရင်း သုံးဆောင်နိုင်ကြပါတယ်။ လှေဟာ ရာစုနှစ်များစွာသက်တမ်းရှိပြီဖြစ်တဲ့ ရှီယန်မြို့ခံတပ်ကြီးတစ်လျောက်လှည့်လည်မောင်းနှင်ပေးနေပါတယ်။
အဲဒီ အလိုအလျောက်မောင်းလှေကို ဒစ်ဂျစ်တယ်ဘုတ်ပြားတွေနှင့် အရည်အသွေးမြင့် ပတ်လည်စပီကာတွေတပ်ဆင်ပေး ထားပါတယ်။
“ ရှီယန်မြို့ရဲ့ နှစ်ဖိုဖွယ်ကောင်းတဲ့သမိုင်းနှင့်ယဉ်ကျေးမှုတွေကို ခံစားခွင့်ရပါတယ်။ ဒီလှေဟာ သိပ္ပံနှင့်နည်းပညာ အငွေ့အသက်တွေ အပြည့်အဝခံစားရပါတယ်” လို့ ခရီးသွားတစ်ဦးဖြစ်တဲ့ လီဟောင်ယူက ပြောပါတယ်။
ယခုလျှပ်စစ်လှေကို ပြည်နယ်ရဲ့ သိပ္ပံနည်းပညာကုမ္ပဏီ တစ်ခုဖြစ်တဲ့ အောကောဘုတ်ခ်က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လှေရဲ့ခေါင်ပေါ်မှာ ဆိုလာပြားတွေတပ်ဆင်ပေးထားပြီး နေ့စဉ် မွန်းတည့် ၁၂နာရီမှ ည(၈)ရီအထိ ပြေးဆွဲပေးပါတယ်။ လှေတစ်စီးကို ခရီးသည် ၈ဦးကနေ ၁၀ဦးအထိတင်ဆောင်နိုင်ပါတယ်။
“ လှေဟာ အတားအဆီးတွေကို အလိုအလျောက်ရှောင်ကွင်းပြီး မောင်းနှင်နိုင်ပါတယ်။ ဧည့်သည်တွေဟာ ရှီယန်ခံတပ်ကြီးရဲ့ နက်နဲတဲ့သမိုင်းကို ခံစားနိုင်ပြီး ကျုံးတစ်လျှောက် လှပတဲ့ရှုခင်းတွေကိုလည်း ကြည်နူးနိုင်ပါတယ်။ ဒီလှေဟာ ရှီယန်က ဘယ်လောက်တောင် သိပ္ပံနှင့်နည်းပညာတိုးတက်နေတယ်ဆိုတာပြသတာလည်းဖြစ်ပါတယ်” လို့ အောကောဘုတ်ခ် ကုမ္ပဏီရဲ့ ဈေးကွက်ဌာနမှူး ကျန်ဝေဘင်းက ပြောကြားလိုက်ပါတယ်။
Source CCTV+
#first_self-driving_boat_China
#China_ Shaanxi
#Electric_boat
#DailyNews
Published_ 8 February 2023
၁။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ပုံမှန် ပြန်ဖွင့်ထားခြင်းကို လူသိနည်းနေ၊ အခမဲ့ကြည့်နိုင်
၂။ အိုးဘိုထောင်အပါအဝင် အကျဉ်းထောင်များတွင် စာအုပ်များအခမဲ့ လှူဒါန်းပေးလိုဟုဆို
၃။ ရန်ကုန်ရွှေဈေး ၂၂ သိန်းကျော် ပေါက်ဈေးရှိနေပြီး အရောင်းအဝယ်အေးနိုင်
၄။ မျိုးသုဉ်းအန္တရာယ်ရှိနေသည့် ဧကရာဇ်လိပ်ပြာမျိုးစိတ် မုန်တိုင်းအန္တရာယ်နှင့်ရင်ဆိုင်နေရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 8 Feb 2023
ဆီးရီးယားနိုင်ငံမှာ ငလျင်ကြောင့်ပြိုကျနေတဲ့ အပျက်အစီးအပုံတွေကြားထဲမှ မွေးကင်းစကလေးငယ်တစ်ဦးကို ဖေဖော်ဝါရီ ၇ ရက်က ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီကလေးငယ်ဟာ ပြိုကျသွားတဲ့အဆောက်အဦကြီးတစ်ခုရဲ့ အပျက်အစီးပုံတွေအောက်မှာ မွေးဖွားခဲ့တာပါ။ ဒါပေမယ့် မိခင်ဖြစ်သူကတော့ ကံခေစွာပဲ ကလေးမွေးပြီးတာနှင့် သေဆုံးခဲ့ရပါတယ်။
အဲဒီကလေးကို အံအားသင့်စွာ ကယ်ထုတ်ခဲ့တဲ့ ဗွီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားပါတယ်။ တူရကီနှင့် ဆီးရီးယားမှာ လှုပ်ရှားခဲ့တဲ့ ငလျင်ကြီးကြောင့် ကြုံတွေ့ခံစားရတဲ့ ဝမ်းနည်းတုန်လှုပ်စရာတွေကြားထဲမှာ ဒီကလေးငယ်ကို ကယ်တင်လိုက်တဲ့သတင်းက တောက်ပထင်ရှားခဲ့ပါတယ်။
ကယ်ဆယ်ရေးသမးတစ်ဦးဟာ အဲဒီကလေးငယ်ကို သူ့လက်ထဲပွေ့ထားပြီး အပျက်အစီးပုံတွေကြားထဲမှ အပြေးအလွှားကယ်ထုတ်လာတဲ့ ဗွီဒီယိုဟာ ကြည့်ရှုသူတွေ အတော်များသွားပါတယ်။
ဒေလီးမေးလ်သတင်းစာထဲမှာဖော်ပြချက်အရ ကလေးငယ်ရဲ့ မိခင်ဟာ ဆီရီးယားအရှေ့ပိုင်း ဒီယာအက်ဇာဒေသကနေ ရွှေ့ပြောင်းနေထိုင်လာသူဖြစ်ပြီး ငလျင်လှုပ်ပြီးတာနှင့် ကလေးငယ်ကို မီးဖွားခဲ့တာဖြစ်ပါတယ်။
ကလေးရဲ့ မိသားစုတစ်စုလုံးဟာ အပျက်အစီးတွေကြားထဲမှာ ဆုံးပါးသွားကုန်ကြပြီလို့ သိရပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေးသမားတွေက ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်ထားပါတယ်။
တနင်္လာနေ့က လှုပ်ရှားခဲ့တဲ့ ပြင်းအား ၇.၈ အဆင့်ငလျင်ကြီးကြောင့် တူရကီနှင့်ဆီးရီးယားနှစ်နိုင်ငံစလုံးမှာ လူပေါင်း ၇၈၀၀ကျော် သေဆုံးခဲ့ရပြီး အဆောက်အဦများစွာပြိုကျပျက်စီးခဲ့ရပါတယ်။
ကလေးငယ် ၁.၄သန်းအပါအဝင် လူဦးရေ ၂၃သန်းကျော်ဟာ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကခန့်မှန်းထားပါတယ်။
ရုပ်သံကို Telegramလင့်ခ်တွင်ကြည့်ပါ
https://t.me/yangonmediagroup/16830
Source: WION
#New_born_baby_survived_in_earthquakes
#Turkey-Syria_Earthquakes
Page 596 of 953