Published_ 9 September 2023
စားနပ်ရိက္ခာဖူလုံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် နယူးဇီလန်မှ သုတေသီတွေက ဓာတ်ခွဲခန်းမှာ အသီးအနှံများ စိုက်ပျိုးထုတ်လုပ်မယ့် အစီအစဥ်ကို ချပြလာပါတယ်။
ကမ္ဘာပေါ်မှာ ဓာတ်ခွဲခန်းထုတ် အသားတွေ ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာပေမယ့် ဓာတ်ခွဲခန်းထုတ် အသီးအနှံကဏ္ဍကတော့ မကျယ်ပြန့်သေးပါဘူး။
နယူးဇီလန်မှ သုတေသီတွေက အပင်ဆဲလ်တွေမှ အသီးတစ်ရှူးပေါက်လာစေကာ တစ်နေ့နေ့မှာ တကယ့်အသီးလိုမျိုး အနံ့အရသာ ရရှိလာစေရန် မျှော်လင့်နေပါတယ်။
ဒီနည်းလမ်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ဖွယ် ရှိပါတယ်။
နယူးဇီလန်မှာဆိုရင် သမားရိုးကျ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းနေပေမယ့် အနာဂတ်ကို ကြည့်လိုက်ရင် လူဦးရေတိုးတက်ခြင်း ရာသီဥတုပြောင်းလဲခြင်းတို့ ရှိလာနိုင်တယ်လို့ အပင်နှင့် အစားအစာသုတေသနမှ ဦးဆောင်သုတေသီ ဒေါက်တာဘင်ရွှန်က ပြောပြသွားပါတယ်။
ဒီအစီအစဥ်က အစောပိုင်းစမ်းသပ်မှုကာလပဲ ရှိနေသေးပြီး အသီးရဲ့စားလို့ရတဲ့ အပိုင်းကိုသာ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်စိုက်ပျိုးမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ပန်းသီးရဲ့ အလယ်အူတိုင်၊ လိမ္မော်သီးရဲ့ အခွံလိုမျိုးအရာတွေကိုတော့ ထည့်ပြီးထုတ်လုပ်မှာ မဟုတ်ပါဘူး။
ဒီအစီအစဥ်ကို အပြည့်အဝ ဖန်တီးပြီးပြီဆိုရင်တော့ ရေရှည်တည်တံ့မြဲ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ပေးနိုင်မှာဖြစ်ကာ ရာသီဥတုဖောက်ပြန်မှု ရည်မှန်းချက်များနဲ့ ကိုက်ညီဖို့ရန် အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
လူတွေ အသုံးမပြုနိုင်ခင်မှာတော့ ကြာရှည်များပြားတဲ့ စမ်းသပ်မှုတွေနဲ့ ထိန်းချုပ်ကွပ်ကဲရေး လုပ်ငန်းစဥ်တွေကို ကျော်ဖြတ်ရဦးမှာ ဖြစ်တယ်လို့ အော့ကလန် မက်ဆေးတက္ကသိုလ်မှ အစားအစာသိပ္ပံပညာရှင် ဒေါက်တာ အလီရာရှီဒင်ဂျက်ဒ်က ပြောပြသွားပါတယ်။
စားသုံးသူတွေက သမားရိုးကျ စိုက်ပျိုးတဲ့ နည်းလမ်းတွေကို အသုံးမပြုချင်တော့ဘူးဆိုမှ ဓာတ်ခွဲခန်းသီးနှံအစီအစဥ်ကို အသုံးပြုနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
လွန်ခဲ့တဲ့ ၁၈ လက စတင်ခဲ့တဲ့ အပင်နှင့်အစားအစာ အစီအစဥ်မှာ ဘလူးဘယ်ရီ၊ ပန်းသီး၊ ချယ်ရီသီး၊ မက်မွန်သီး၊ စပျစ်သီးတို့ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။
အာဟာရရှိစွာ စားသုံးနိုင်မယ့် အသီးခူးဆွတ်နိုင်ဖို့အထိ နည်းပညာဖန်တီးဖို့ဆိုရင် နှစ်တွေကြာအောင် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times
Published_ 9 September 2023
အသက်ရှူထုတ်ခြင်းရဲ့ အခြေခံလုပ်ဆောင်ချက်တွေက အောက်ဆီဂျင်ရှူသွင်းခြင်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရှူထုတ်ခြင်းတို့ ဖြစ်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်ကာ ခန္ဓာ၊ စိတ်၊ ဝိဉာဥ်၊ ခံစားချက်တို့မှာ အားသာချက် အများအပြား ပေးစွမ်းနိုင်ပါတယ်။
အသက်ပြင်းပြင်း ရှူထုတ်ခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ပြေလျော့စေနိုင်တဲ့အပြင် အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုထိရောက်စေပါတယ်။
အသက်ရှူလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး အဆင်ပြေတာကတော့ ပစ္စည်းကိရိယာများ အထူးတလည် မလိုအပ်ဘဲ ရောက်တဲ့နေရာမှာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။
(၁) အဆုတ်ကျန်းမာရေးပြဿနာ အမျိုးမျိုး သက်သာစေခြင်း
အသက်ရှူလေ့ကျင့်ခန်းတွေက ရင်ကြပ်ရောဂါနဲ့ အဆုတ်ပြွန်ပိတ်ရောဂါတို့လို အဆုတ်ပြဿနာရှိသူတွေကို အထောက်အကူဖြစ်စေပြီး ခက်ခက်ခဲခဲ အသက်ရှူနေရတဲ့ လူတွေမှာ ရောဂါလက္ခဏာ၊ အဆုတ်လုပ်ဆောင်ချက်၊ အသက်ဘဝတို့ကို တိုးတက်စေပါတယ်။
(၂) အဆစ်အမြစ်ကိုက်ခြင်းကို သက်သာစေခြင်း
အသက်ရှူလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ဆဲလ်တွေမှ အောက်ဆီဂျင်ပိုရစေကာ အဆစ်အမြစ်တွေကို ထောက်ပံ့ပေးပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ဖိစီးမှုတွေကို ပြေလျော့စေကာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို ခံနိုင်ရည်ရှိစေပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတိုးတက်စေခြင်း
ဖိစီးမှုမြင့်တက်လာတဲ့အခါ ရှင်းလင်းစွာ တွေးတောဖို့ ခက်ခဲလာပါတယ်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ အသက်ရှူသွင်းရှူထုတ်စနစ်ကို ပြန်လည်သစ်လွင်စေပြီး ခံစား တွေးတောရတာတွေကို မြှင့်တင်ပေးပါတယ်။
(၄) အစာချေစနစ်ကောင်းမွန်စေခြင်း
အစာချေလမ်းကြောင်းကို ကျန်းမာစေပြီး အစာအိမ်အူလမ်းကြောင်း ပြဿနာများကို ပြေလျော့စေနိုင်ကာ အစာရေမျိုလျှံတက်ခြင်း လက္ခဏာကို သက်သာစေပါတယ်။
(၅) အိုမင်းရင့်ရော်ခြင်းကိုနှောင့်နှေးစေခြင်း
အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဝမ်းဗိုက်ကြွက်သားတွေ သန်မာစေခြင်း၊ ကိုယ်နေဟန်ထား ကောင်းမွန်စေခြင်း၊ အရေးကြောင်း ကာကွယ်ပေးခြင်း၊ အသားအရေ စိုပြည်ဝင်းပစေခြင်းတို့ကို ပေးစွမ်းနိုင်ကာ သွေးထဲက အဆိပ်အတောက်များ ဖယ်ရှားပေးတာကြောင့် ငယ်ရွယ်နုပျိုစေပါတယ်။
(၆) ဦးနှောက်အသိဉာဏ်တိုးတက်စေခြင်း
ပုံမှန်အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အာရုံစူးစိုက်မှု ကောင်းမွန်စေပြီး မှတ်ဉာဏ်ပိုင်း တိုးတက်စေတဲ့အပြင် ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်းများကို ကျွမ်းကျင်သွားပြီဆိုရင် လုပ်ဆောင်ရ လွယ်ကူသွားပြီး အခြားလူတွေဆီက အကြံဉာဏ်မလိုအပ်တော့ပါဘူး။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times
တရုတ်တွင် မှိုဖြင့်ချက်ပြုတ်သည့် ဟင်းလျာများ လူကြိုက်များလာကာ မှိုဆက်စပ်လုပ်ငန်းများတိုးချဲ့နိုင်ရန်မျှော်မှန်း
တရုတ်ပြည်မှာ စားသုံးနိုင်တဲ့ မှိုရိုင်းတွေပါဝင်တဲ့ ဟင်းပွဲအသစ်တွေ ခေတ်စားလာပြီး သူတိုရဲ့ အနံ့အရသာ ပုံပန်းသဏ္ဍာန်က လူအများအပြားကို စွဲဆောင်နေပါတယ်။
#Asia_Industry
#Published_ 8 September 2023
#YMG #Yangon_Times
၈ စက်တင်ဘာ ၂၀၂၃
ကုလသမဂ္ဂအနေဖြင့် အိန္ဒိယအစိုးရအနေဖြင့် တရားဝင်လုပ်ဆောင်စရာလုပ်ငန်းများ ပြီးစီးပါက အိန္ဒိယနိုင်ငံ၏အမည်ကို ဘာရက် Bharat ဟု ကုလသမဂ္ဂရဲ့ မှတ်တမ်းများမှာ ပြောင်းလဲပေးမှာဖြစ်တယ်လို့ ကုလရဲ့ပြောရေးဆိုခွင့်ရသူက အင်န်ဒီတီဗွီကို စက်တင်ဘာ ၈ ရက်ကပြောကြားလိုက်ပါတယ်။
“ အိန္ဒိယအနေနှင့် နိုင်ငံအမည်ပြောင်းဖို့ တရားဝင်ဆောင်ရွက်စရာကိစ္စတွေပြီးစီးတဲ့အခါ သူတို့က ကျွန်တော်တို့ကို အကြောင်းကြားပါလိမ့်မယ်။ အဲဒီအခါ ကုလသမဂ္ဂရဲ့မှတ်တမ်းတွေမှာလည်း ကျွန်တော်တို့က ပြောင်းလဲပေးမှာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရသူ စတက်ဖိန်း ဒူဂျာရစ်က သတင်းဌာနကိုပြောကြား တာဖြစ်ပါတယ်။
“ အမည်ပြောင်းတဲ့ကိစ္စကို ကုလအနေနှင့် မှတ်ချက်ပေးရမယ့်၊ ငြင်းရခုန်ရမယ့် ကိစ္စမဟုတ်ဘူး” လို့လည်း မစ္စတာ ဒူဂျာရစ်ကဆက်လက်ပြောဆိုပါတယ်။ သူဟာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ နယူးဒေလီကိုရောက်ရှိနေတာပါ။
အိန္ဒိယနိုင်ငံဟာ အမည်ပြောင်းတဲ့ ပထမဆုံးနိုင်ငံတော့မဟုတ်ပါဘူး။ သူ့အရှေ့မှာ နိုင်ငံရေး၊လူမှုရေးနှင့် အခြားသော အကြောင်းပြချက်တွေကြောင့် အမည်ပြောင်းခဲ့ကြတဲ့ နိုင်ငံတွေစာရင်းက အရှည်ကြီးဖြစ်ပါတယ်လို့ သတင်းကရေးသားပါတယ်။
အတိုက်အခံတွေက အိန္ဒိယနာမည်အစား ဘားရက်အမည်ပြောင်းမယ့်အပေါ် အစီအစဉ်ဆွဲသူတွေကိုစွပ်စွဲပြောဆိုခဲ့ပေမယ့် ဘီဂျေပီပါတီခေါင်းဆောင်တွေနှင့် ဝန်ကြီးတော်တော်များများကတော့ ဘားရက်အမည်ကို ရှေးအတီတေကတည်းက သုံးလာခဲ့တာ မို့ ဘာမှငြင်းခုန်စရာမလိုဘူးလို့ ဆိုကြပါတယ်။
ဝန်ကြီးချုပ်နာရင်ဒရာမိုဒီက သူ့ရဲ့ ပြည်ထောင်စုဝန်ကြီးအဖွဲ့နှင့်ပြောဆိုရာမှာ လာမယ့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှာ ဆောင်ရန် ရှောင်ရန်တွေကို မှာကြားခဲ့ပါတယ်။ ဘားရက်ကိစ္စနှင့်ပတ်သက်လို့ နိုင်ငံရေးအရပြောတာဆိုတာရှောင်ရှားဖို့လည်းပါဝင်ပါတယ်။ ဘားရက်ဟာ နိုင်ငံရဲ့ ရှေးဟောင်းအမည်တစ်ခုဖြစ်တယ်လို့လည်း သူကပြောဆိုပါတယ်။
ဂျီ-၂၀ အစည်းအဝေးတက်ရောက်တဲ့သူတွေကို အိန္ဒိယအစိုးရက တရားဝင်ဖိတ်စာများပေးပို့ရာမှာ အိန္ဒိယသမ္မတ ဒရိုပါဒီမာမူးကို ဘားရက်၏သမ္မတ President of Bharat လို့ ညွှန်းဆိုရေးသားဖိတ်ကြားခဲ့ပြီးတဲ့နောက် နိုင်ငံ့အမည်ပြောင်းတော့မလားဆိုတဲ့ မေးခွန်းကို နေရာအနှံ့မေးလာကြတာဖြစ်ပါတယ်။
Source ndtv/ap
#Daily_News
Published_ 8 September 2023
၁။ သီတင်းကျွှတ်ကာလ နီးလာပေမယ့် ကုန်ကြမ်းဈေးတတ်ပြီး အရောင်းအေးနေတဲ့ ဖယောင်းတိုင်ဈေးကွက်
၂။ အောက်တိုဘာတွင် ပုဂံဒေသကို ပြည်တွင်းခရီးသွားများအပြင် အိန္ဒိယနှင့် တရုတ်ခရီးသွားများလည်း ဝင်ရောက်လာနိုင်ဟုဆို
၃။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့်ရပ်တည်ချက် မြင့်တက်လာရန် လုပ်ဆောင်မည်ဟု အသင်းနည်းပြချုပ်ပြော
၄။ တရုတ်တွင် မှိုဖြင့်ချက်ပြုတ်သည့် ဟင်းလျာများ လူကြိုက်များလာကာ မှိုဆက်စပ်လုပ်ငန်းများတိုးချဲ့နိုင်ရန် မျှော်မှန်း .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 8 September 2023
မြောက်ကိုရီးယားဟာ ပထမဆုံးသော နျူကလီးယားနည်းဗျူဟာမြောက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ရေချခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်တို့ကြား ရေပြင်တွေရှိ ကင်းလှည့်ရေတပ်ဖွဲ့မှာ တာဝန်ချထားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၈ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က စတင်ရေချခဲ့တဲ့ပွဲကို ခေါင်းဆောင် ကင်မ်ဂျုံအန်းတက်ရောက်ခဲ့ပြီး ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်ရတာဟာ အရေးတကြီးလိုအပ်တဲ့ တာဝန်ဝတ္တရားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကာ ဗျူဟာမြောက် နျူကလီးယားလက်နက်များ တပ်ဆင်ထားတဲ့ နောက်ထပ် ရေပြင်နဲ့ ရေငုပ်သင်္ဘောများကို ရေတပ်ထံ ပေးပို့သွားဦးမှာဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားသွားတယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
ရေငုပ်သင်္ဘော နံပါတ် ၈၄၁ ကို သမိုင်းဝင်သူရဲကောင်း ကင်မ်ခွန်အုတ်ရဲ့ နာမည်ပေးထားကာ ရေတပ်ရဲ့ အဓိကရေငုပ်တိုက်ခိုက်ရေး လက်နက်အဖြစ် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိရေငုပ်သင်္ဘောတွေကို နျူကလီးယားလက်နက် တပ်ဆင်တဲ့ တိုက်ခိုက်ရေးသင်္ဘောများအဖြစ် ပြောင်းလဲရန် စီစဥ်နေကြပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အရှိန်မြှင့်ဆောက်လုပ်နေပါတယ်။
ရန်သူတွေဘက်က စစ်ရေးဆောင်ရွက်ချက်တွေနဲ့ ရန်လိုတဲ့ အပြုအမူတွေကြောင့် ရေတပ်ကို လျင်မြန်စွာတိုးတက်အောင် ဆောင်ရွက်ဖို့က နှောင့်နှေးလို့မဖြစ်တဲ့ အဓိကဦးစားပေးကိစ္စ ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေနဲ့ ရေငုပ်သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်တွေကိုလည်း စမ်းသပ်ပစ်ခတ်ထားပြီး ဖြစ်ပါတယ်။
မြောက်ကိုရီးယားရေတပ်ဟာ အင်အားကြီးမားပေမယ့် စမ်းသပ်ဆဲ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော ၈.၂၄ ယွန်ဂန် တစ်စင်းထဲကသာ ဒုံးကျည်ပစ်လွှတ်ဖူးတယ်လို့ သိရှိထားပါတယ်။
မြောက်ကိုရီးယားက စနေနေ့မှာ စတင်တည်ထောင်ခြင်း အထိမ်းအမှတ် ၇၅ နှစ်မြောက် ကျင်းပမယ့်အချိန်မှာ ရေငုပ်သင်္ဘော ရေချပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source: CNA
#World_Military
#YMG #Yangon_Times
Published_ 8 September 2023
လူတစ်ယောက်ရဲ့ ကျန်းမာရေး ကောင်းမွန်နေစေဖို့ဆိုတာ နှစ်ခြိုက်စွာအိပ်ပျော်ဖို့ကလည်း အရေးကြီးပါတယ်။
အရွယ်ရောက်ပြီးလူတွေဟာ ညစဥ် အိပ်ချိန် ၇ နာရီမှ ၉ နာရီရှိဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ စိတ်ဖိစီးမှု၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ စတာတွေကြာင့် အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ကောင်းစွာ အိပ်စက်ခြင်းကို ရရှိစေနိုင်မယ့် နည်းလမ်းများရှိပြီး အစားအသောက်ပုံစံလည်း ပါဝင်နေပါတယ်။
ဒါကြောင့် ညအိပ်ရာမဝင်ခင် သောက်သုံးနိုင်တဲ့ သောက်စရာများကို ဖော်ပြလိုက်ပါတယ်။
(၁) ဗာဒံနို့
ဗာဒံသီးဟာ အခြားအခွံမာသီးတွေလိုပဲ အိပ်စက်မှုကို အထောက်အကူဖြစ်စေတဲ့ မယ်လာတိုနင်ဟော်မုန်း ထုတ်လုပ်မှုကို အားပေးပါတယ်။
စတင်အိပ်ပျော်ခြင်းကို ကူညီပေးတဲ့ ဆီရိုတိုနင်လည်း ထုတ်လုပ်ပေးပြီး မဂ္ဂနီဆီယမ်ကလည်း နှစ်ခြိုက်စွာ အိပ်စက်စေပါတယ်။
(၂) ကဖင်းမပါသော လက်ဖက်စိမ်း
ကဖင်းဓာတ်ပါတဲ့ လက်ဖက်စိမ်းက အားအင်မြှင့်တင်ပေးပြီး ကဖင်းမပါတဲ့ လက်ဖက်စိမ်းကတော့ နှစ်ခြိုက်စွာအိပ်ပျော်စေရန် အထောက်အကူပြုပါတယ်။
သူ့မှာပါဝင်တဲ့ သိုင်ယာမင်း အမိုင်နိုအက်ဆစ်တစ်မျိုးက စိတ်ဖိစီးမှုကို လျော့ကျစေကာ အိပ်စက်မှုကို ကူညီပေးပါတယ်။
(၃) ချာမိုမိုင်းလ်အကြမ်းခြောက်ရည်
ချာမိုမိုင်းလ်မှာ ကဖင်းဓာတ်မပါဝင်ဘဲ အိပ်စက်မှုကို အထောက်အကူဖြစ်စေတယ်လို့ သိရှိထားကြပါတယ်။
ခန္ဓာကိုယ်နဲ့ စိတ်ပြေလျော့မှုကို ဖြစ်စေပြီး အိပ်စက်ခြင်းကို အားပေးပါတယ်။
(၄) ချယ်ရီသီးဖျော်ရည်
ချယ်ရီသီးဖျော်ရည်က အိပ်မပျော်တဲ့သူတွေမှာ အထောက်အကူ ဖြစ်စေတယ်လို့ တွေ့ရှိထားပြီး မယ်လာတိုနင်လည်း ပါဝင်တာကြောင့် အိပ်စက်မှုကို ကူညီပေးပါတယ်။
(၅) နနွင်းတက်နို့
နနွင်းမှာ ရောင်ရမ်းခြင်းကို ကျစေတဲ့ အစွမ်းသတ္တိရှိပြီး အိပ်စက်ခြင်းကို ကူညီပေးပါတယ်။
(၆) ဆောင်းချယ်ရီအကြမ်းခြောက်ရည်
ဆောင်းချယ်ရီက အာယုဗေဒဆေးပင် တစ်မျိုးဖြစ်ကာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှု၊ အဆစ်အမြစ်ရောင်၊ ပူပန်စိတ်တို့ကို ဖြေလျှော့ပေးပါတယ်။
(၇) ပူရှိန်းအကြမ်းခြောက်ရည်
ပက်ပါမင့်ရွက်က ကျန်းမာရေးကောင်းကျိုးများ ပေးစွမ်းနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ အစာမကြေခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်းတို့ကို ကုသပေးနိုင်ပါတယ်။
ကောင်းစွာအိပ်စက်နိုင်ဖို့အတွက် အထက်ပါ သောက်သုံးစရာများအပြင် ကျန်းမာရေးလိုက်စားမှုလည်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times
Page 591 of 1100