#Published -8 Feb 2022
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပျံလွန်တော်မူသော စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသရဲ့ဥတုဇရုပ်ကလာပ်တော်ကို
မနက်ဖန် ဖေဖော်ဝါရီ(၉)ရက်မနက်မှာ မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်မယ်လို့သိရပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ATR စင်းလုံးငှားလေယာဉ်ဟာ
မနက်ဖန်ဖေဖော်ဝါရီ(၉)ရက်မနက်၅နာရီခွဲမှာ ရန်ကုန်လေဆိပ်မှထွက်ခွာပြီး
ဘန်ကောက်မှ မုံရွာမြို့သို့ တိုက်ရိုက်ပင့်ဆောင်မှာဖြစ်ပါတယ်။
မုံရွာမြို့ကို ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ဟာ မနက်၁၁နာရီခွဲခန့်ရောက်ရှိမယ်လို့လည်း သတင်းရရှိပါတယ်။
ဆရာတော်ဟာထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန် နဲ့သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ယမန်နေ့ ဖေဖော်ဝါရီ ၇ရက်နေ့ မြန်မစံတော်ချိန်
ညနေ ၅နာရီ ၄၉မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။
#LocalNews
Published - 8 Feb 2022
ဖနွမ်းပင်မှာပြုလုပ်မယ့် ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး တက်မယ်ဆိုတာ မဟုတ်ဘူးလို့ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ် ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 Feb 2022
ယခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၆ ရက်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းကနေ လူဦးရေ ၁,၄၇၃ ဦးအထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရတာကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 Feb 2022
ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းတွေဟာ လက်ရှိမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြီးစီးနိုင်သေးတာဖြစ်လို့ စီမံကိန်းတစ်ခုလုံးပြီးစီးမယ့်ကာလကို ၂၀၂၃ ခုနှစ် အတွင်းမှဖြစ်နိုင်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 Feb 2022
စစ်တွေဆိပ်ကမ်းကို သင်္ဘောကြီးတွေဝင်ထွက်နိုင်ဖို့အတွက် သောင်တူးဖော်တဲ့လုပ်ငန်းတွေကို လုပ်နေကြတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published- 8 Feb 2022
ကျိုက်ထီးရိုး၌ပြေးဆွဲနေတဲ့ ကေဘယ်လ်ကားတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၇ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါလေ့ကျင့်မှုတွင် ကေယ်လ်ကား Gondola အိမ်အတွင်း အကြောင်းတစ်ခုခုကြောင့်ပိတ်မိသူများ မြေပြင်သို့ ရောက်ရှိအောင် ကယ်ထုတ်နည်း ၊ အရေးပေါ်လူနာရှိပါက ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ရန် ဆောင်ရွက်ခြင်းလုပ်ငန်းများ ပူးပေါင်းလေ့ကျင့်ခဲ့ကြပါတယ်။
လေ့ကျင့်မှုကို ကျိုက်ထိုမြို့နယ်မီးသတ်ဦးဌာန၊ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာန၊ ကေဘယ်လ်ကားမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့လွယ်ကူစွာ သွားလာနိုင်ဖို့အတွက် အမြင့် (၂၇) မီတာရှိ တာဝါတိုင်တိုင်များတွင် ကေဘယ်လ်ကားဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ်။
ဓာတ်ပုံ- ဝင်းမောင်(ကျိုက်ထို)
ymg-mnn
#Yangon_Media_Group
#DailyNews
Published -7 Feb 2022
၁။ ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါပိုးကူးစက်မှုနှုန်း ပိုမိုပြင်းထန်လာ။
၂။ စစ်တွေဆိပ်ကမ်းသို့ သင်္ဘောကြီးများဝင်ထွက်နိုင်ရေး သောင်တူးဖော်သည့်လုပ်ငန်းလုပ်နေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စစ်ပွဲဖြစ်လာနိုင်ချေများကို ဟန့်တားနိုင်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုလန်နိုင်ငံသို့ ထပ်မံရောက်ရှိ.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#Local-News
Published- Feb 8 2022
မွန်ပြည်နယ် မော်လမြိုင်-ရေး ရထားလမ်းပေါ်ရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်းဆက်သွယ်ထားတဲ့ တံတားအမှတ် (၁၇၃) ၊ အရှည်ပေ ၆၀၀ ရှိ သံဘောင်ဘေလီ တံတားအား ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မိုင်းခွဲခံခဲ့ရကြောင်းသိရှိရပါတယ်။
အဆိုပါတံတားဟာ ရေးမြို့နယ် သင်္ဃန်းကျွန်းကျေးရွာအုပ်စု တော်ကမာကျေးရွာအနီး မိုင်တိုင်အမှတ် (၂၅၆/၁၈-၂၁) မှာ တည်ရှိပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် တံတားသံဘောင် ၂ ချောင်းပြတ်ထွက်ပြီး၊ ၁ ချောင်းကွေးကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့သိရပါတယ်။
မိုင်းခွဲခံခဲ့ရတဲ့တံတားကို ရေးမြို့နယ်မှတာဝန်ရှိသူတွေက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 8 Feb 2022
လျှပ်စစ် မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၁၃ ခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။
ဒ့ါအပြင် မဂ္ဂါဝပ် ၃၉၀ ဓာတ်အားထုတ်လုပ်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းသုံးခုကိုလည်း ထပ်မံအကောင်အထည်ဖော်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ SGH ASEAN-India High Level Conference on Renewable Energy အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ထည့်သွင်းပြောကြားချက်အရ သိရတာဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ၉ ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေစွမ်းအင်( Wind Energy) လိုမျိုး ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်ကနေ ဓာတ်အားထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတဲ့အတွက် အခုလို စီမံကိန်းတွေ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်းနဲ့ အများဆုံးထုတ်လုပ်နေပြီး ဒုတိယအနေနဲ့ ရေအားလျှပ်စစ်ကနေ ၄၀ ရာခိုင်နှုန်းထုတ်လုပ်နေပါတယ်။ ဒ့ါအပြင် ကျောက်မီးသွေးကနေ ၃ ရာခိုင်နှုန်းနဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေက ၁ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဒ့ါအပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်မှာ ဒေသတွင်း စွမ်းအင်သုံးစွဲမှု Total Primary Energy Supply (TPES) ရဲ့ ၂၃ ရာခိုင်နှုန်း ကို ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ ရယူသုံးစွဲနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ymg/ei
#Yangon_Media_Group
#WorldPolitics
Published 08 February 2022
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းကိုကျူးကျော်လာပါက Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို အဆုံးသတ်ဟန့်တားပစ်မယ်လို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ဘန်ဒန်ဟာ အနောက်နိုင်ငံက ဥရောပအတွင်းစစ်ပွဲဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ထားပြီး ဂျာမနီနိုင်ငံအဓိပတိအကြီးအမှူး 'အိုလက်ဖ်ရှော့လ်ဇ်'နဲ့ စည်းလုံးညီညွတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ရုရှားကနေ ဂျာမနီအထိ ဆက်သွယ်ဆောက်လုပ်နေတဲ့ ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြီးဟာ ဆယ်စုနှစ်တိုင်တဲ့အထိ ကြာမြင့်နေပြီဖြစ်ပြီး ထိုစီမံကိန်းကို 'ဘိုင်ဒန်'က နှစ်ရှည်လများဆန့်ကျင်နေခဲ့ပါတယ်။
အသစ်တက်ရောက်လာတဲ့ ဂျာမနီခေါင်းဆောင်နဲ့ 'ဘိုင်ဒန်'တို့ အိမ်ဖြူတော်ရှိ မီဒီယာရှင်းလင်းပွဲမှာတွေ့ဆုံကြရာ ယူကရိန်းနယ်စပ်ကို ရုရှားစစ်တပ်များဝင်ရောက်လာပါက ဂတ်စ်ပိုက်လိုင်းကို ပိတ်ချပစ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
"ယူကရိန်းနယ်နိမိတ်ကို ရုရှားဘက်က တင့်ကားဖြစ်ဖြစ် စစ်သားပဲဖြစ်ဖြစ် ကျူးကျော်ပြီဆိုတာနဲ့ Nord Stream 2 ဂတ်စ်ပိုက်လိုင်းကို အဆုံးသတ်ပစ်မှာပါ။ ကျွန်တော်ကတိပေးပါတယ်။ မရရအောင် အဆုံးသတ်ပစ်မှာပါ" လို့ 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။
ယူကရိန်း၊ ရုရှား၊ ဒဏ်ခတ်ပိတ်ဆိုခြင်းကိစ္စတွေမှာ အမေရိကန်နဲ့ ဂျာမနီတို့က ဦးတည်ချက်အတူတူပဲဖြစ်ကြောင်း 'ရှော့လ်ဇ်'က ဆိုခဲ့ပေမယ့် Nord Stream 2 နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို တိုက်ရိုက်အတည်ပြုပြောကြားခြင်းမရှိသလို ခရီးလာရောက်လည်ပတ်စဉ်အတွင်းမှာလည်း ပိုက်လိုင်းအကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
ရုရှားတို့က ယူကရိန်းနယ်စပ်အနီးမှာ စစ်အင်အား ၁ သိန်းခန့် ဖြန့်ကျက်ထားပေမယ့် ကျူးကျော်ဖို့ရည်ရွယ်ထားခြင်းမရှိကြောင်း ဆိုလိုက်ပါတယ်။
အမေရိကန်မှအရာရှိတွေကတော့ ရုရှားတို့က ရက်ပိုင်းအတွင်း ဒါမှမဟုတ် လာမယ့်သီတင်းပတ်များအတွင်း တိုက်ခိုက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
လက်ရှိအကျပ်အတည်းကိစ္စမှာ 'ရှော့လ်ဇ်'အနေနဲ့ ထိထိရောက်ရောက် ဦးဆောင်ခြင်းမပြုနိုင်ဘူးလို့ ပြည်တွင်းပြည်ပမှ ဝေဖန်မှုများရှိနေပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကိုကျူးကျော်ပါက ဆုံးရှုံးမှုကြီးမားသွားမှာဖြစ်ကြောင်း ဆိုလိုက်ပြီး ဂျာမနီနဲ့ အမေရိကန်တို့က ရပ်တည်ချက်တူညီကြောင်း 'ရှော့လ်ဇ်းက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
ဂတ်စ်ပိုက်လိုင်း စတင်မထုတ်လွှတ်ခင်ကပင် ဂျာမနီနိုင်ငံရဲ့လိုအပ်ချက်တဝက်လောက်အတွက် ရုရှားဓာတ်ငွေ့ကို အသုံးပြုလျက်ရှိပါတယ်။
အနည်းဆုံး ၂၀၂၂ ခုနှစ် နောက်ပိုင်း ၆ လမတိုင်ခင်အထိ Nord Stream 2 ပိုက်လိုင်းကို ခွင့်ပြုဖို့ နှောင့်နှေးထားဦးမှာဖြစ်ပေမယ့် ပြီးခါနီးဖြစ်နေတဲ့စီမံကိန်းကို ဖျက်ပစ်ဖို့တော့ ငြင်းပယ်ခဲ့ပါတယ်။
'ဘိုင်ဒန်'နဲ့ 'ရှော့လ်ဇ်'တို့ဟာ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး သံတမန်ရေးအရဖြေရှင်းဖို့ကိုသာ အလေးထားဆွေးနွေးခဲ့ကြပါတယ်။
Nord Stream 2 ဂတ်စ်ပိုက်လိုင်းကိစ္စမှာ 'ရှော့လ်ဇ်'အနေနဲ့ ဘယ်ဘက်ကရပ်တည်မလဲဆိုတာကို ရှင်းလင်းပြတ်သားဖို့လိုအပ်ပြီး ယူကရိန်းကိုထောက်ပံ့ကူညီဆဲဆိုတာကို အခြားနည်းလမ်းတွေနဲ့ သက်သေပြဖို့လိုအပ်နေပါပြီ။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 08 February 2022
အသက်အရွယ်ကြီးသူတွေမှာ တုပ်ကွေးကာကွယ်ဆေးပမာဏများများနဲ့ mRNA အားမြှင့်ကိုဗစ်ကာကွယ်ဆေး booster တို့ကို ပြိုင်တူထိုးနှံလို့ရကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ အတည်ပြုဖော်ပြလိုက်ပါတယ်။
အသက် ၆၅ နှစ်အထက်လူကြီး ၃၀၆ ယောက်ကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး စမ်းသပ်ထိုးနှံခဲ့ပါတယ်။
ပထမတစ်ဖွဲ့က ဆာနိုဖီကုမ္ပဏီမှထုတ်တဲ့ Fluzone High-Dose Quadrivalent တုပ်ကွေးကာကွယ်ဆေးနဲ့ မိုဒါနာကုမ္ပဏီမှထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ကို ပြိုင်တူထိုးနှံခဲ့ပါတယ်။
ဒုတိယတစ်ဖွဲ့က တုပ်ကွေးကာကွယ်ဆေးတစ်မျိုးကိုသာ ထိုးနှံပြီး တတိယအဖွဲ့က ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကိုသာ အသီးသီးထိုးနှံခဲ့ကြပါတယ်။
သွေးနမူနာများကို ကာကွယ်ဆေးတွေမထိုးခင်အချိန်နဲ့ ထိုးပြီး ၂၁ ရက်ကြာအချိန်တိုမှာ ရယူခဲ့ကြရာ ကာကွယ်ဆေး ၂ မျိုးကို တပြိုင်တည်းထိုးနှံခြင်းက ရောဂါခုခံအားထွက်ရှိမှုကို အကျိုးသက်ရောက်မှုမရှိစေဘဲ စမ်းသပ်တဲ့အဖွဲ့ ၃ ဖွဲ့စလုံးမှာ ပဋိပစ္စည်း antibody ထွက်ရှိမှုပမာဏ အတူတူဖြစ်နေကြောင်း လန်ဆက်အသက်ရှူလမ်းကြောင်းဆိုင်ရာဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
"ကိုဗစ်ကာကွယ်ဆေးနဲ့ တုပ်ကွေးကာကွယ်ဆေးတို့ကို ပြိုင်တူထိုးနှံခြင်းက စိတ်ပူစရာအခြေအနေမရှိပါဘူး။ လေ့လာစောင့်ကြည့်တဲ့အဖွဲ့က စမ်းသပ်ခံတဲ့သူတွေကို ကာကွယ်ဆေးထိုးပြီး ၆ လကြာတဲ့အထိ ဆက်လက်လေ့လာသွားမှာဖြစ်ပါတယ်" လို့ ဆာနိုဖီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Source: Reuters.
#Yangon_Media_Group
#LocalNews
Published -8 Feb 2022
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေရာမှ ဘဝနတ်ထံပြန်လွန်တော်မူသော စစ်ကိုင်းတိပိဋကဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည်ပင့်ဆောင်မယ်လို့ ဒ္ဓဇောတကသုဗောဓာရုံကျောင်းတိုက်၊တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံက သိရပါတယ်။
ဘန်ကောက်မြို့ ဘန်မိုဂရက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသော စစ်ကိုင်းတိပိဋကဆရာတော်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် ပျံလွန်တော်မူသွားတာဖြစ်ပြီး ဆရာတော်မှာ ရိုးတွင်းချဉ်ဆီအစားထိုးလဲလှယ်ကုသရန် ထိုင်းနိုင်ငံကို၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့မှ စတင်သွားရောက်ကာဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။
ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကျင်းပနိုင်ရေး စစ်ကိုင်းတိပိဋကဆရာတော်ရုပ်ကလာပ်အား ထိုင်းနိုင်ငံမှ ပြန်လည်ပင့်ဆောင်လာမည်ဖြစ်ကာ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉နာရီ မုံရွာလေဆိပ်သို့ ရုပ်ကလာပ်ပင့်ဆောင်ရောက်ရှိလာမယ်လို့ သိရပါတယ်။
အန္တိမအဂ္ဂိဈာပနပူဇာ ကြိုတင်အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၈ရက်နေ့ နေ့လယ် ၃ နာရီ အချိန်တွင် မုံရွာမြို့၊ သဒ္ဓဇောတကသုဗောဓာရုံကျောက်တိုက်တွင် ကျင်းပမှာဖြစ်ပြီး အန္တိမအဂ္ဂိဈာပနပူဇာနေ့ရက်ကို အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ထပ်မံကြေညာသွားမယ်လို့ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံ မိန့်ကြားပါတယ်။
ymg/hm
#Yangon_Media_Group
Page 1485 of 1495