#Local_News
Published_ 14 February 2023

 

အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများအား မေလ ၁၅ ရက်ထိ ဆက်လက်နေထိုင်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူများ (PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ) နှင့်ပတ်သက်၍ ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ဘန်ကောက်မှ တာဝန်ရှိသူများ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆွေးနွေးလျက်ရှိရာ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ဖေဖော်ဝါရီလ ၇ ရက်က အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ခြင်း ဖြစ်သည်။

 

ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများအား မေလ ၁၅ ရက်ထိ ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုအခါ လအလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိရန် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ စတင်၍ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

သတ်မှတ်ချက်ပြည့်စုံသူများအား အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် သို့မဟုတ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ထိ ခွင့်ပြုပေးနိုင်ကြောင်းနှင့် CI စခန်း ၄ ခု၏ သက်တမ်းကိုလည်း မေလ ၁၃ ရက်ထိ ထပ်မံတိုးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့ အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အသိပေးစာတွင် ဖော်ပြထားသည်။

#ymg/mt
#Yangon_Media_Group