#Local_News
Published 02 October 2026

■ AI Model Version 1 ကို အသုံးပြု၍ ဥပဒေမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။
 
■ စက်တင်ဘာ၃၀ ရက်နေ့က ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှေ့ဆက်ဆောင်ရွက်မည့် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများဆိုင်ရာ အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
■ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက AI Model Version 1 တွင် ဥပဒေအမေးအဖြေပေါင်း ၁၃၀၀၀၀ ကျော်ကို ထည့်သွင်းလေ့ကျင့်နိုင်ခဲ့ပြီး ထပ်မံထည့်သွင်းလေ့ကျင့်ရန် ဥပဒေ Domain များ ရွေးချယ်ထားကြောင်း၊ AI Model Version 1 ကို မကြာမီကာလတွင် အများပြည်သူသို့ Launching ပြုလုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
 
■ ထို့အတူ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ဘုန်းကျော်က Myanmar Legal Assistant AI Model Version 1 တွင် ဥပဒေသတင်းအချက်အလက်များ ထည့်သွင်းဆောင်ရွက်မှု၊ တိုးတက်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 
#YMG/NN #Yangon_Times