#Local_News
Published 02 October 2026

■ နှစ်စဉ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ အချို့လမ်းပိုင်းများတွင် ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်များ၌ အပူချိန်ကျဆင်းခြင်းနှင့် လေထုအတွင်း စိုထိုင်းဆများပြားခြင်းတို့ကြောင့် မြူထူ/မြူ (Fog/Mist) ဖြစ်ပေါ်နိုင်သဖြင့် ယာဉ်မောင်းများအနေဖြင့် သတိပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။

■ မြူထူ/မြူ ဖြစ်ပေါ်နိုင်သည့် လမ်းပိုင်းများတွင် လမ်းပေါ်နှင့် လမ်းဘေးဝဲယာရှိ မြေသားများပေါ်၌ ရေငွေ့များ စုဖွဲ့မှုကြောင့် မြင်ကွင်းအကန့်အသတ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါ မြူထူနိုင်သည့် လမ်းပိုင်းများသို့မရောက်မီ အဝါရောင်နောက်ခံပေါ်တွင် အနက်ရောင်ဆေးသားဖြင့် “မြူထူထဲသို့ ဝင်နေသောကားပုံ” ပါဝင်သည့် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို စိုက်ထူထားကြောင်း သိရသည်။

■ ယာဉ်မောင်းများအနေဖြင့် အဆိုပါသတိပေးဆိုင်းဘုတ်များကို တွေ့ရှိပါက ရှေ့တွင် မြူကျနိုင်သည့် လမ်းပိုင်းရှိကြောင်း သိရှိပြီး အထူးဂရုပြုမောင်းနှင်ရန် လိုအပ်ကြောင်း အသိပေးထားသည်။

■ မြူထူနေချိန်တွင် လမ်းမြင်ကွင်းအကန့်အသတ် ဖြစ်နိုင်သဖြင့် ယာဉ်များအနေဖြင့် Fog Light များ အသုံးပြုခြင်း၊ သတ်မှတ်ထားသည့်အခြေအနေအရ ရှေ့မီးများကို သင့်လျော်စွာအသုံးပြုခြင်းနှင့် ယာဉ်အရှိန်လျှော့၍ မောင်းနှင်ခြင်းတို့ကိုပြုလုပ်ရန်လိုအပ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကအသိပေးထားသည်။

■ ထို့အပြင် မြူထူသည့်လမ်းပိုင်းများတွင် ရှေ့ယာဉ်နှင့်လုံလောက်သောအကွာအဝေး ထားရှိကာ လမ်းအခြေအနေကို အာရုံစိုက်၍မောင်းနှင်ကြရန်လည်း တိုက်တွန်းထားသည်။

#YMG/SW #Yangon_Times