#Local_News
Published_ 14 February 2023

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီအစဉ်၊ အကြောင်းအရာများကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် အစီအစဉ်များအတိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မ တီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက် အမှာစကားများပြောကြားကြပါတယ်။

 

ထို့နောက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြုချက်များအား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဒုတိယနေ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့်အတူ NCA စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့တွင်လည်း NMSP အဖွဲ့က နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေးကိစ္စများကို လာရောက် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ထူးခြားလေးနက်သည့်နေ့ရက်၌ ရင်းနှီးပွင့်လင်းသည့် တွေ့ဆုံမှုတစ်ရပ်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီထံမှ သိရပါတယ်။

#Yangon_Media_Group