#Local_News
Published_ 14 February 2023

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)က ပြီးခဲ့သည့်လအတွင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်က နေပြည်တော်၌ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ မတည် ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအထဲမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၃ ဒသမ ၆၃၄) သန်းနှင့် ငွေကျပ်(၉၈၀၇၈ ဒသမ ၀၉၄) သန်းဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၃၇၄)ခု ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ၊ ဒေသပေါင်း (၅၂) ခု အနက် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ကြပြီး စီးပွားရေးကဏ္ဍ (၁၂)ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စက်မှု ကဏ္ဍတို့ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၈ ဒသမ ၃၀) ရာခိုင်နှုန်း ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄ ဒသမ ၆၃) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၃၄) ရာခိုင်နှုန်း ဖြစ်ကြောင်းလည်း MIC ၏ စာရင်းများအရ သိရသည်။

 

#ymg/mt
#Yangon_Media_Group