#LocalNews
Published - 11 June 2022
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ချောင်းသာကမ်းခြေကို မိုးတွင်းကာလ ခရီးသွားနည်းသည့်အတွက် ဟိုတယ်ဝန်ထမ်းအချို့ကိုလျှော့ချရန်စီစဥ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မေလကုန်ပိုင်းမှစတင်၍ ဧည့်သည်ဝင်ရောက်မှုနည်းပါးလာခြင်းကြောင့် ဟိုတယ်ပိုင်ရှင်အများစုမှ ဝန်ထမ်းတွေကို အလှည့်ကျစနစ်နှင့် ခွင့်ရက်ရှည်ပေးကာ ဝန်ထမ်းအင်အားလျော့ချခြင်းဖြစ်ကြောင်း သိရသည်။
"ဒါက မိုးရာသီဆိုတော့ ခရီးသွားကသိပ်မလာဘူး။ နည်းတယ်။ ဧည့်သည်ပါးတဲ့အချိန်ပဲ ဝန်ထမ်းတွေကို အနားပေးတာ၊ ခွင့်ပေးတာတွေလုပ်တာပါ။ တချို့ဟိုတယ်တွေဆိုရင် ပိတ်တယ်။ ဖွင့်တဲ့ဟိုတယ်တွေဆိုရင် အခန်းအပြည့်မဟုတ်ပဲ တစ်ဝက်ပဲဖွင့်ကြတယ်။ ခရီးသွားနည်းတဲ့ကာလမို့လိုပါ"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသွားရာသီကာလဖြစ်သည့် အောက်တိုဘာ တစ်ရက်မှစ၍ ပုံမှန်အတိုင်းခရီးသွားများဝင်ရောက်လာပါက ဝန်ထမ်းများပြန်လည်ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကိုဗစ်ကာလအလွန် ချောင်းသာသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ ကိုဗစ်ကာလမတိုင်ခင်ထက်ပိုများကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 11 June 2022
ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ အာဇာနည်ဗိမာန်၏ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်များနှင့် အဝင်လမ်းဘေးရှိ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများနှင့်အဆိုအမိန့်များ ရေးသားပြသထားသည့် ဆိုင်းဘုတ်များကို ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အင်ဂျင်နီယာဌာန(အဆောက်အအုံ)နှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်၊၊
ဗိမာန်အတွင်းသို့ ဖြတ်သန်းစီးဝင်သည့် သွေးဆေးကန်ရေလျှံပေါက် မြေအောက်ရေမြောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ဗိမာန်အနီးရှိ အရိပ်ရပင်များအား ပုံသွင်းပြုပြင်ခြင်းများပြုလုပ်ရန် စီစဥ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ကပြောကြားခဲ့သည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံးသို့ ဇွန်လ ၁၀ရက်တွင် သွားရောက်၍ ကွပ်ကဲရေးရုံး အတွင်းအပြင် ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေးစဥ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဇာနည်ဗိမာန်၏ အဝင်လမ်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များ ဆယ်ယူရှင်းလင်းရန်နှင့် မြေယာရှုခင်းများပြုပြင်ရန်၊ သစ်ပင်ကြီးများအား အလင်းဖွင့်၍ အောက်ဘက်များရှင်းလင်းရန်နှင့် သွေးဆေးကန်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးကို အသက်စတေး၍ရယူပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့အမှတ်ရပြီး လွတ်လပ်ရေးကိုထိန်းသိမ်းလိုစိတ်များ ပြည်သူများအတွင်း ကိန်းအောင်းစေရန်ရည်ရွယ်၍ အများပြည်သူလေ့လာနိုင်ရေး အပတ်စဉ် တနင်္လာနေ့မှအပ နေ့စဉ်ဖွင့်လှစ်ထားရှိကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 11 June 2022
လာမည့်ဇွန်လ(၁၃)ရက်တွင်ကျရောက်မည့် နယုန်လပြည့်နေ့မဟာသမယအခါတော်နေ့တွင်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၌ မဟာသမယအခါတော်နေ့အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အဆိုပါ ဇွန်လ(၁၃)ရက်တွင် မဟာသမသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နံနက် (၉း၀၀)နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်၊၊
အခမ်းအနားကို 'နမောတဿ 'သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခြင်း၊ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေခြင်း၊ စေတီတော်ဝန်ထမ်းများနှင့် အသင်းအဖွဲ့များက မဟာသမယသုတ်ပါဠိတော်များကို ညီညာစွာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရပါသည်၊၊
ymg/tthl
#Yangon_Media_Group
Published 11 June 2022
အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရီဂင် လက်အောက်မှာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ဂျွန်ဟော့ကင်းစ် တက္ကသိုလ်၊အရှေ့တောင်အာရှ လေ့လာရေးဌာနရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်သူ ဒေါက်တာ ကာဒီဂျက်ဆန်ဟာ ယမန်နေ့ ဇွန်၁၀ရက် မနက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်တွေ့ဆုံခဲ့ပါတယ်။
ဒေါက်တာကာဒီဂျက်ဆန်နှင့် ရွေး/ကော်ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့တာကို နစက,က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲသလိုတွေ့ဆုံရာမှာ နစကရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်နေတဲ့အခြေအနေတွေနှင့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေတဲ့အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲကျင့်သုံးရေးဆောင်ရွက်နေတာတွေ၊ မဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်နေတာတွေ၊ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ လေ့လာသူတွေကိုဖိတ်ခေါ်သွားမယ့်အကြောင်းအပါအဝင် သိလိုသည်များကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲမှာ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ကာဒီဂျက်ဆန်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်နေတာတွေကို အထင်ကြီးလေးစားမိပြီး နိုင်ငံတကာကသိရှိအောင်သတင်းစကားပါးပေးမယ့်အကြောင်း လိုအပ်တာတွေကူညီမည့် အကြောင်းပြန်လည်ပြောကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဒေါက်တာကာဒီဂျက်ဆန်ဟာ အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရီဂင်နှင့် ဂျော့ ဘုရှ်တို့လက်ထက်မှာ အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး၊အမေရိကန်သမ္မတရဲ့ အထူးလက်ထောက်၊ အမျိုးသားလုံခြုံရေးကောင်စီ၊အာရှဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး၊ ဒုတိယသမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
သို့သော် ပါမောက္ခ ဒေါက်တာကာဒီဂျက်ဆန်ရဲ့ ခရီးဟာ လွတ်လပ်သော ပုဂ္ဂလိကခရီးလား၊ မည်သို့ကိုယ်စားပြုသလဲဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါဘူး။
#DailyNews
Published - 11 June 2022
၁။ စက်သုံးဆီဈေးမြင့်တက်နေသော်လည်း နယ်စပ်ကုန်သွယ်ရေးပုံမှန်အရောင်းအဝယ်ဖြစ်နေ
၂။ နေအိမ်ဆုံးရှုံးပြီး စားဝတ်နေရေးခက်ခဲနေသည့် ကော့ကရိတ်ရှိ မသန်စွမ်းသူများ MPHA အသင်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အီတလီပန်းထိမ်ဆရာကြီး၏ အနုပညာလက်ရာပစ္စည်းများအား နီကာရာဂွာဘုရားကျောင်းတွင် ပြန်လည်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 11 June 2022
မြန်မာနိုင်ငံမှာဇွန်လ(၁)ရက်မှ(၁၁)ရက်မနက်ပိုင်းအထိ မြေငလျင်စုစုပေါင်း (၇)ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်၊၊
ဇွန်လ(၁)ရက်မှာဂွမြို့အနီး အင်အားရစ်တာစကေး (၅.၄)၊ဇွန်(၂)ရက်မှာ ကွန်ဟိန်းမြို့အနီး အင်အားရစ်တာစကေး(၄.၁)၊ ဇွန်(၃)ရက်မှာ မတ္တရာမြို့အနီး အင်အားရစ်တာစကေး(၄.၄)၊ဇွန်(၅)ရက်မှာ ညောင်တုန်းမြို့အနီး အင်အားရစ်တာစကေး(၄.၂)၊ ဇွန်(၅)ရက်မှာပဲ မိုင်းပြင်းမြို့အနီး အင်အားရစ်တာစကေး(၃.၈)၊ ဇွန်လ(၈)ရက်မှာ မိုင်းပြင်းမြို့အနီး အင်အားရစ်တာစကေး(၅.၀)၊ ဇွန်လ(၁၁)ရက်မှာ စေတုတ္တရာမြို့အနီး အင်အားရစ်တာစကေး(၃.၆)အဆင့်ရှိမြေငလျင်တွေ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံမှာ မြေငလျင်ကြီးတွေတစ်ကျော့ပြန် လှုပ်ခတ်နိုင်တဲ့အတွက် ရန်ကုန်၊ မန္တလေး၊ ပဲခူးအစရှိတဲ့ ပြတ်ရွေ့ကြောတွေပေါ်မှာတည်ရှိတဲ့ဒေသတွေက ပြည်သူတွေသတိပြုနေထိုင်ကြဖို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ယဥ်မျိုးမင်းထွေးကလည်း သတိပေးပြောကြားထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Published 11 June 2022
ထိုင်ဝမ်က လွတ်လပ်ရေးကြေညာလျှင် ဘေဂျင်းအနေဖြင့် စစ်ပွဲတစ်ခု စတင်ရန် တွေဝေနေမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်ကာကွယ်ရေးဝန်ကြီးကို ဇန်၁၀ရက်က သတိပေးလိုက်ပါတယ်။
ဒါဟာ ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်လို့ မဟာအင်အားကြီးနှစ်နိုင်ငံအကြား နောက်ဆုံးပြင်းထန်စွာ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။
စင်္ကာပူမှာ ကျင်းပနေတဲ့ ရှန်ဂရီလာဒိုင်လော့ခ်လုံခြုံရေးထိပ်သီးဆွေးနွေးပွဲနှင့်ယှဉ်လျက် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေးဖင်ဟဲနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်တို့ မျက်နှာချင်းဆိုင်အစည်းအဝေးမှာ တရုတ်က ယခုလို သတိပေးခဲ့တာပါ။
ဒီမိုကရက်တစ်နှင့်ကိုယ်ပိုင်အုပ်ချုပ်တဲ့ ထိုင်ဝမ်နှင့်ပတ်သက်လို့ အမေရိကန်နှင့်တရုတ်တို့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဘေဂျင်းက ထိုင်ဝမ်ကျွန်းကို ယင်းရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။
“ တစ်ဦးဦးက တရုတ်ကနေ ထိုင်ဝမ်ကိုခွဲထုတ်ရဲမယ်ဆိုရင် တရုတ်စစ်တပ်ဟာ ပေးဆပ်မှုဘယ်လောက်ဖြစ်ပါစေ စစ်ပွဲတစ်ပွဲစဖို့ လုံးဝတွေဝေနေမှာ မဟုတ်ဘူး” လို့ အစည်းအဝေးအတွင်း ဝေးက အော်စတင်ကိုသတိပေးခဲ့တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝူချင်းက ပြောပါတယ်။
ဘေဂျင်းဟာ ဘယ်လို ထိုင်ဝမ်လွတ်လပ်ရေး အကြံအစည်မျိုးမဆို အစိတ်စိတ်အမွှာမွှာဖြစ်အော် ဖြိုခွဲပစ်မှာဖြစ်ပြီး အမိမြေ ပေါင်းစည်မှုကို ခိုင်မာစွာ ထိန်းသိမ်းမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးက သန္နိဋ္ဌာန်ချထားတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ဝန်ကြီးက ထိုင်ဝမ်သည် တရုတ်ရဲ့ထိုင်ဝမ်ဖြစ်ပြီး ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်ကိုထိန်းချုပ်ခြင်းကို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း အလေးပေးပြောခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားတစ်လျောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အရေးကြီးပြီး နေမြဲအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲတာ ဆန့်ကျင်ကြောင်းနှင့် တရုတ်အနေနှင့် ထိုင်ဝမ်နှင့်ပတ်သက်လို့ နောက်ထပ်မတည်ငြိမ်မှုဖြစ်စမေယ့် နောက်ထပ်ဆောင်ရွက်မှုမျိုးရှောင်ရှားဖို့ ထပ်လောင်းအတည်ပြုပြောကြားခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: AFP
#LocalNews
Published_ 11 June 2022
ပြီးခဲ့သည့် မေလအတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြည်တွင်း၊ ပြည်ပမှ လာရောက်သည့် ဘုရားဖူး ဦးရေ ၁၂ သိန်း ၈ သောင်းကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လာရောက်ဖူးမြော်သူများထဲတွင် သံဃာတော် ၁၁၀ဝ၀ ခန့်နှင့် သီလရှင် ၆၀ဝ၀ ကျော် ပါဝင်သည့်အပြင် နိုင်ငံခြားသား ၁၀ဝ၀ ခန့် လာရောက်ဖူးမြော်ခဲ့ပြီး ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ တစ်ရက်တည်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရား ဖူးလာရောက်သူဦးရေ သုံးသိန်းကျော်ရှိကြောင်း သိရသည်။
ယင်းအပြင် လာမည့် နယုန်လပြည့်နေ့တွင်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မဟာသမယနေ့ အခမ်းအနားကျင်းပမည်ဖြစ်ပြီး ဘုရားဖူးလာသူ အများအပြား ရှိနိုင်ကြောင်း သိရသည်၊၊
ဘုရားဖူးလာသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရန်အတွက် လုံခြုံရေးလုပ်ငန်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါကော်မတီမှ ထုတ်ပြန်ထားသည်။
ပြည်တွင်း၌ ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုများ လျော့ကျလာသောကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီး ပြန်လည်ဖွင့်လှစ်သည့် နောက်ပိုင်းတွင် လာရောက်ဖူးမြော်သူဦးရေများပြားလာကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများ များပြားလာသည့်အတွက် ဘုရားဖူးချိန်ကို နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီ အထိ သတ်မှတ်ကာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published _ 11 June 2022
ကုန်သေတ္တာသင်္ဘောလိုင်း အသီးသီး၏ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားလျှက်ရှိပြီး ဇွန်လအတွင်း ကုန်သေတ္တာတင် သင်္ဘော ၅၃ စီး ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ဇွန်လတွင် သင်္ဘောလိုင်း ၁၅ လိုင်းမှ သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ပြီး SEALAND MAERSK ASIA လိုင်းမှ ၁၂ စီး၊ SITC LINE မှ ငါးစီး၊ I.A.I LINE မှ လေးစီး၊ SAMUDERA LINE မှ လေးစီး၊ C.S.L လိုင်းမှ သုံးစီး၊ EVER GREEN လိုင်းမှ သုံးစီး၊ GOLD STAR LINE မှ သုံးစီး၊ LAND & SEA လိုင်းမှသုံးစီး၊ M.F.S.L လိုင်းမှ သုံးစီး၊ NEW GOLDEN SEA(COSCO) လိုင်းမှ သုံးစီး P.I.L လိုင်းမှ သုံးစီး၊ R.C.L LINE မှသုံးစီး၊ X-PRESS FEEDERS LINE မှနှစ်စီး၊ BAY LINE မှ တစ်စီး၊ BLPL SHPPING လိုင်း မှ တစ်စီး စုစုပေါင်း ၅၃ စီး ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံပံ့ပိုးမှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း တံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကုန်သေတ္တာသင်္ဘောများကို Turnaround Time ပျမ်းမျှသုံးရက်ခန့်ဖြင့် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့သောကြောင့် သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်၊၊
ymg/NN
#Yangon_Media_Group
#WorldHealth
Published 11 June 2022
ဖန်သားပြင်ကြည့်ရှုချိန် များပြားလွန်းခြင်းက မျက်လုံးတွေပျက်စီးစေတဲ့အပြင် ခန္ဓာကိုယ်ကအခြားအင်္ဂါများကိုပါ ထိခိုက်စေနိုင်ပြီး လူ့ဘဝသက်တမ်းကိုပါ တိုစေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးလိုက်ပါတယ်။
ဘက်ခ်တက္ကသိုလ်မှ သုတေသီများက အသက်အရွယ်ဆိုင်ရာရောဂါများအကြောင်း လေ့လာမှုပြုလုပ်ရာမှာ မျက်လုံးကိုအလင်းရောင်တာရှည်စွာ ထိတွေ့ခြင်းက ခန္ဓာကိုယ်ရဲ့ဇီဝလည်ပတ်မှုပုံစံကို ထိခိုက်စေပြီး နာတာရှည်ရောဂါဖြစ်ပွားခြင်းနဲ့ ပိုမိုဆိုးရွားခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။
မျက်လုံးက ပြင်ပအရာတွေနဲ့ အဆက်မပြတ်ထိတွေ့နေရတာကြောင့် သူတို့ရဲ့ခုခံအားစနစ်က ပိုမိုအလုပ်လုပ်ရပါတယ်။
အလွန်အကျွံခုခံမှုများဖြစ်ပေါ်ပါက ကိုယ်တွင်းလုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်နိုင်ပြီး အခြားအင်္ဂါများကိုပါ ထိခိုက်စေပါတယ်။
ဒီဂျစ်တယ်ခေတ်ရောက်လာတဲ့အချိန်မှာ လူသားအများအပြားဟာ ဖန်သားပြင်ကြည့်ရှုချိန်များပြားလာတာကြောင့် သုတေသီများက အလင်းရောင်ကိုနေ့စဉ်အလွန်အကျွံ ထိတွေ့ခြင်းက ရေရှည်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးနေကြပါတယ်။
ကွန်ပျူတာနဲ့ ဖုန်းဖန်သားပြင်တို့ကို အချိန်ကြာမြင့်စွာကြည့်ရှုပြီး ညအထိမျက်စိကိုအလင်းရောင်ထိတွေ့နေပါက ကိုယ်တွင်းဇီဝလည်ပတ်ပုံကိုအနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ပရော်ဖက်ဆာဖြစ်သူဒေါက်တာ'ပန်ကာကာပါဟီ'က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဖန်သားပြင်ကို အလွန်အကျွံကြည့်ရှုခြင်းက မျက်လုံးကာကွယ်မှုကိုအနှောင့်အယှက်ဖြစ်စေကာ အမြင်အာရုံထိခိုက်စေတဲ့အပြင် ခန္ဓာကိုယ်အခြားနေရာများနဲ့ဦးနှောက်ကိုပါ ထိခိုက်စေပါတယ်။
အရင်ကသုတေသန ပြုလုပ်ရာမှာလည်း ကျန်းမာရေးဆိုးရွားမှုနဲ့ မျက်လုံးထိခိုက်ခြင်းတိုကြား ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
ဥပမာအားဖြင့် ကမ္ဘာတဝှမ်းမှာ ဆီးချိုမျက်ကြည်လွှာရောဂါကြောင့် မျက်စိကွယ်သူ ၃.၉ သန်းရှိတယ်လို WHO က ဖော်ပြထားပါတယ်။
ဆီးချိုဖြစ်ခြင်းရဲ့အကျိုးဆက်အနေနဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်လာကာ မျက်လုံးအစိတ်အပိုင်းတွေကို ထိခိုက်လာပြီး မျက်စိကွယ်ခြင်းအထိ ဖြစ်လာနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲကဆဲလ်တိုင်းက ၂၄ နာရီအတွင်း ဇီဝလည်ပတ်ပုံအတိုင်းလုပ်ဆောင်နေပြီး နေ့စဉ်နေ့ညလည်ပတ်မှု အပြောင်းအလဲကိုလိုက်ပြီး ထိန်းညှိပေးနိုင်ပါတယ်။
ဆဲလ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ဒီပုံစုံအတိုင်းလည်ပတ်မှုအတိုင်းလုပ်ဆောင်နေတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးပါးရဲ့ဆောင်ရွက်ချက်ကို ထိခိုက်စေပါတယ်။
မျက်လုံးကိုအလင်းဝင်တဲ့အခါ ရောင်ရမ်းခြင်းပုံမှန်ဖြစ်ပေါ်ပေမယ့် အချိန်ကြာမြင့်စွာရောင်ရမ်းမယ်ဆိုရင်တော့ နာတာရှည်ရောဂါတွေဖြစ်လာနိုင်ပါတယ်။
ဒီလိုတွေ့ရှိချက်တွေဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ပိုမိုစိုးရိမ်စရာဖြစ်လာပါတယ်။
၂၀၂၀ အစောပိုင်းကစတင်ကာ ကပ်ရောဂါကာလမှာ အိမ်တွင်းမှာပဲပိုမိုနေထိုင်လာရတာကြောင့် အထူးသဖြင့်ဆယ်ကျော်သက်အရွယ်တွေမှာ ဖန်သားပြင်ကြည့်ရှုချိန် အရင်ကထက် ၂ ဆပိုများလာပါတယ်။
Source: DailyMail
#Yangon_Media_Group
#LocalNews
Published _ 11 June 2022
ယမန်နေ့ဇွန်လ ၁၀ရက်တွင် ကန်ပိုက်တီကုန်သွယ်ရေးစခန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကချင်ပြည်နယ်အစိုးရသို့ လှူဒါန်းသည့် အောက်ဆီဂျင်(အိုးခွံ) ၁၀၀၀၊ Mask ၀ ဒသမ ၅ တန်ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယာဉ်စီးရေခြောက်စီးဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယင်းအပြင်သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းအပြင်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#WorldScience
Published 11 June 2022
အင်္ဂလန်နိုင်ငံဝိုက်ကျွန်းက ကျောက်ဆောင်ပင်လယ်ကမ်းစပ်မှာ အသားစားဒိုင်နိုဆောတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းများကိုတွေ့ရှိခဲ့ရာ ဥရောပကသိရှိခဲ့ဖူးသမျှ သတ္တဝါတွေအားလုံးထက် ပိုကြီးမားနိုင်တယ်လို့ ယူဆရပါတယ်။
ဒီသားရဲ ဒိုင်နိုဆောကြီးဟာ မှတ်တမ်းတင်ခဲ့ဖူးတဲ့ အကြီးမားဆုံးအသားစားဒိုင်နိုဆော မျိုးစိတ်တွေရဲ့ မျိုးနွယ်ဆက်စပ်နေပါတယ်။
ဦးခေါင်းခွံနဲ့ သွားတွေမပါဘဲ ကျောရိုး၊ တင်ပါးရိုး၊ အမြီးရိုးတို့ပါဝင်တဲ့ ဒိုင်နိုဆောအရိုးငြမ်းအစိတ်အပိုင်းများကို တွေ့ရှိခဲ့ရာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၂၅ သန်းလောက်က နေထိုင်ခဲ့ကြတာဖြစ်ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
တွေ့ရှိထားတဲ့အပိုင်းအစများ အတိုင်းခန့်မှန်းတွက်ချက်ကြည့်ရာ ဒိုင်နိုဆောက ၃၃ ပေထက်ပိုရှည် နေနိုင်ပါတယ်။
"ဒီအစိတ်အပိုင်းတွေအရ အရွယ်အစားကအံ့အားသင့်စရာပါပဲ၊ ဥရောပမှာကျင်လည်ခဲ့ဖူးတဲ့ အကြီးဆုံး ကုန်းနေသားရဲကြီးဖြစ်နိုင်ပါတယ်" လို့ ဆောက်သမ်တန်တက္ကသိုလ် ကျောက်ဖြစ်ရုပ်ကြွင်းဗေဒ ပါရဂူဘွဲရ'ခရစ္စဘာ့ကာ'က ဆိုပါတယ်။
အမြီးရိုးထိပ်ပိုင်းက မြောင်းပေါက်ငယ်တလျှောက်ပေါ်မူတည်ပြီးတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၉၅ သန်းလောက်ကနေထိုင်တဲ့ စပိုင်နိုဆောရပ်စ်မျိုးနွယ်ဝင်ဖြစ်ပြီး ပေ ၅၀ အထိရှည်လျားနိုင်ပါတယ်။
စပိုင်နိုဆောတွေက မိချောင်းခေါင်းလိုမျိုး ရှည်လျားတဲ့ဦးခေါင်းခွံနဲ့ ကတော့ပုံစံသွားချွန်များပါရှိကာ သားကောင်များ ချော်ထွက်မသွားအောင် ဖမ်းကိုက်ထားနိုင်ပြီး သန်မာတဲ့လက်များနဲ့ လက်သည်းများပါရှိကာ ရေနေသတ္တဝါများအပြင် အခြားဒိုင်နိုဆောတွေကိုပါ စားသောက်လေ့ရှိပါတယ်။
တွေ့ရှိထားတဲ့ရုပ်ကြွင်းတွေက မပြည့်စုံတာကြောင့် သုတေသီတွေက ဒီဒိုင်နိုဆောကို သိပ္ပံနာမည်ပေးလိုမရသေးဘဲ အရိုးတွေတွေ့ရှိခဲ့တဲ့ မြေအလွှာပေါ်မူတည်ပြီး ကျောက်ဖြူစပိုင်နိုဆောရစ်လို့ ခေါ်ကြပါတယ်။
ဥရောပမှာတွေ့ရှိဖူးတဲ့ အကြီးဆုံးအမျိုးအစားကတော့ ၃၃ ပေရှည်လျားတဲ့ တော်ဗိုဆောရပ်စ်ဖြစ်ပါတယ်။
"ဒီတစ်ကောင်က အတော်ကိုကြီးတာပါ၊ နောက်ထပ်ရုပ်ကြွင်းတွေထွက်ပေါ်လာဖို့မျှော်လင့်ပါတယ်၊ ဦးခေါင်းခွံတို့ သွားတို့ဆိုရင်တော့ အကြိုက်ဆုံးပဲ"လို့ ဆောက်သမ်တန်တက္ကသိုလ်မှ ရုပ်ကြွင်းဇီဝပညာရှင်'နေးလ်ဂေါ့စ်လင်း'က ပြောပြသွားပါတယ်။
ဒီရုပ်ကြွင်းများကို ဝိုက်ကျွန်းအနောက်တောင်ဘက်ကမ်းရိုးတန်းရှိ ကမ့်တန်ပင်လယ်အော်တလျှောက်မျက်နှာပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အပင်စားဒိုင်နိုဆောအမျိုးမျိုးနဲ့ ပျံသန်းနိုင်တဲ့တွားသွားသတ္တဝါများနေထိုင်ရာ ရေကန်ပတ်ဝန်းကျင်မှာ အဆိုပါအသားစားဒိုင်နိုဆော နေထိုင်ခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တုန်းက ပင်လယ်ရေမျက်နှာပြင်က အခုအချိန်ထက် များစွာမြင့်တက်နေပြီး ဥရောပနေရာအတော်များများက ရေအောက်မြုပ်နေခဲ့ပါတယ်။
ဝိုက်ကျွန်းဟာ ဒိုင်နိုဆောရုပ်ကြွင်းအများအပြားတွေ့ရှိရာနေရာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ပေ ၃၀ ရှည်လျားတဲ့ စပိုင်နိုဆော ၂ ကောင်ရဲ့ရုပ်ကြွင်းတွေတွေ့ရှိခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1480 of 1687