Published 13 Feb 2022
မြန်မာနိုင်ငံမှာ အိုမီခရွန်တွေ့ရှိရတဲ့ အတည်ပြုလူနာအရေအတွက်များပြားလာပြီ;ပိုးတွေ့နှုန်းတွေလည်းမြင့်တက်လာနေပါတယ်။
ဖျားနာနေသူတွေလည်းများနေကြတဲ့အတွက်အိုမီခရွန်ရဲ့ရောဂါလက္ခဏာကို အခြားမျိုးဗီဇကွဲတွေနှင့်နှိုင်းယှဉ်ထားတဲ့ ဇယားကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Zoe ကိုဗစ်ရောဂါလက္ခဏာလေ့လာရေးအဖွဲ့က သုတေသနပြုလုပ်ထားတဲ့အချက်အလက်တွေ အပေါ် အခြေခံပြီးရေးဆွဲထားတဲ့ နှိုင်းယှဉ်ဇယားဖြစ်ပါတယ်။
Published 13 Feb 2022
ပြင်သစ်ဘီယာကုမ္ပဏီတစ်ခုဟာ သဘာဝဆိုးဆေးဖြစ်စေတဲ့ ရေညှိတစ်မျိုးကိုအသုံးပြုပြီး သူတို့ချက်တဲ့ ဘီယာတွေကို အပြာရောင်ဘီယာတွေအဖြစ် အသွင်ပြောင်းပေးခဲကြတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်အရသိရပါတယ်။
အဲဒီဘီယာကို “ လိုင်း Line” လို့ အမှတ်တံဆိပ်အသစ်ပေးထားပါတယ်။ ဒါဟာ သဘာဝရေညှိတွေကို ဖြည့်စွက်အစားအစာတစ်ခု အဖြစ် လူကြိုက်များစေချင်တဲ့ ကုမ္ပဏီတစ်ခုနှင့် သူတို့ရဲ့ ဘီယာတွေကို အသွင်ကွဲပြားခြားနားလိုတဲ့ ဘီယာကုမ္ပဏီတစ်ခု တို့အကြားပူးပေါင်းဆောင်ရွက်မှုရဲ့ ရလာဒ်တစ်ခုဖြစ်ပါတယ်။
“ဒီဘီယာက ရောင်းကောင်းတယ်ဗျာ” လို့ အဲဒီဘီယာချက်လုပ်တဲ့ ဟောပီအာဘန်ဘီယာကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆက်ဘက်ရှန်းဗာဘီကီက ပြောပါတယ်။ “ ပြည်သူတွေဆီက စိတ်ဝင်စားမှုနှင့် စူးစမ်းလိုစိတ်တွေ အတော်များများရရှိထား ပါတယ်” လို့ သူကဆက်ပြောပါတယ်။
အပြာရောင်ဆိုးဆေးဟာ သဘာဝရေညှိဖြစ်တဲ့ စပီရူလိုင်းနားလို့ခေါ်တဲ့ စိမ်းပြာရေညှိကနေရယူတာဖြစ်ပါတယ်။ အဲဒီစိမ်းပြာရေညှိကို ပြင်သစ်မြောက်ပိုင်းအီတစ်ကာစိမ်းပြာရေညှိကုမ္ပဏီက စိုက်ပျိုးထုတ်လုပ်တာပါ။ စိမ်းပြာရေညှိကနေ အပြာရောင်ထုတ်လုပ်ပေးတဲ့ အစိတ်အပိုင်းကို ဖိုက်ကိုဆိုင်ယာနင်း phycocyanin လို့ခေါ်ပါတယ်။ဘီယချက်နေတဲ့ လုပ်ငန်းစဉ်ထဲမှာ အဲဒီဖိုက်ကိုဆိုင်ယာနင်းကို ထည့်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီဘီယာအသစ်ကို မြည်းစမ်းကြည့်တဲ့ ဘီယာကုမ္ပဏီဝန်ထမ်း မက်သီလ်ဒီဗန်မန်ဆတ်က အပြာရောင်ဘီယာ” လိုက်” ဟာ ဗျစ်အရသာ၊ခပ်ဖျော့ဖျော့နှင့်သစ်သီးရနံရှိပြီး ရေညှိထည့်ထားတဲ့ သိသာတဲ့အထောက်အထားဆိုလို့ ထူးခြားတဲ့အရောင်ပဲရှိပါတယ်လို့ ပြောပါတယ်။
စိမ်းပြာရေညှိထုတ်လုပ်တဲ့ ကုမ္ပဏီက ဇာဗီးယားဒီလန်နွိုင်းက သူတို့ဟာ ကြိမ်ဖန်များစွာ စမ်းသပ်အပြီးမှာ ဘီယာကုမ္ပဏီက ဘီယာသောက်သူတွေကိုဆွဲဆောင်မယ့် အရောအနှောတစ်ခု ရှာဖွေတွေ့တယ်လို့ပြောပါတယ်။
မနှစ်က အောက်တိုဘာနှင့်ဒီဇင်ဘာအတွင်းဘီယာပုလင်းပေါင်း ၁၅၀၀ခန့်ရောင်းရတယ်လို့ပြောပါတယ်။အခုကုမ္ပဏီက ဝယ်လိုအားနှင့်ကိုက်ညီအောင် ထုတ်လုပ်အားမြှင့်တင်မယ်လို့ဆိုပါတယ်။
Source Reuters
#LocalNews
Published-13 Feb 2022
ရန်ကုန်မြို့၊ သဒ္ဒမ္မမာနိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်မုံရွာမြို့၊သဒ္ဒမ္မဇောတက သုဗောဓာရုံ ကျောင်းတိုက်နာယကဆရာတော် ဒွါဒသမ တိပိဋိကဓရ ဓမ္မ ဘဏဂါရိက ဘဒ္ဒန္တ အဘိဇာတာဘိဝံသ (စစ်ကိုင်းတိပိဋိက)ဆရာတော်ဘုရားကြီး ရုပ်ကလာပ်အား ဖေဖော်ဝါရီလ ၁၃ရက် ယနေ့ မွန်းလွဲ ၃နာရီကအန္တိမအဂ္ဂိဈာပနအခမ်းအနားနဲ့ ပူဇော်လိုက်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော် ဥတုဇရုပ်ကလပ်တော် စံကျောင်းတော်မှာ အန္တိမအဂ္ဂိဈာပနပူဇော်ရာနေရာသို့ တပည့်ရဟန်းသံဃာတော်နဲ့ လူပုဂ္ဂိုလ်များက ပင့်ဆောင်ပူဇော်ခဲ့ကြပြီး အဂ္ဂိစျာပနကျင်းပမည့် ခေါင်းတလားစင်မြင့်ကို လက်ဝဲသုံးပတ်ပတ်ကာ နောက်ဆုံးပူးဇော်ခဲ့ကြပြီး အန္တိမအဂ္ဂိဈာပနပူဇော်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာဘိဝံသ ဆရာတော်ဟာထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Bumrungrad ဆေးရုံကြီးမှာ ရိုးတွင်းချဥ်ဆီအစားထိုးလဲလှယ်ကုသရန်နဲ့သွေးဖြူဥရောဂါတိုအတွက် ဆေးကုသမှုခံယူရင် ယင်းဆေးရုံတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၉ မိနစ်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော် ဦးတင်ရ၊မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ ပြည့်နှစ်၊သီတင်းကျွတ်လဆန်း(၈)ရက်၊တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပြီး ဘဝနတ်ထံပျံလွန်တော်မူစဉ်မှာ သက်တော်(၅၄)နှစ်၊ သိက္ခာတော်(၃၄)ဝါရှိပြီဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#Health_News
Published_ 13 Feb 2022
မြန်မာနိုင်ငံကို အထူးသတိထားသင့်သော COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာ နိုင်ငံ အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဂျပန်နိုင်ငံက သတ်မှတ်လိုက်လိုက်တာကြောင့် မြန်မာနိုင်ငံမှလာရောက်မည့်သူများ ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ကာ ဂျပန်နိုင်ငံတွင် ဟိုတယ်ကွာရတင်း ၃ ရက်နေထိုင်ရမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ၎င်းတို၏ ဖေ့ဘွက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန် ထားပါတယ်။
"ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို ဂျပန်နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက်အရ အထူးသတိထားသင့်သော ကိုဗစ်_၁၉ မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသအဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်"လို ဂျပန်သံရုံးရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါသတ်မှတ်ချက်အရ ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်၍ မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံတွင်းသို့ ဝင်ရောက်လာသူအားလုံးသည် ရောဂါကူးစက်ပျံ့နှံမှု တားဆီးကာကွယ်ရေးဌာန၏ ဌာနမှူးက သတ်မှတ်သည့်ဟိုတယ်တွင် ၃ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
နိုင်ငံတွင်းသိုဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် စစ်ဆေးသော PCR စစ်ဆေးမှု ရလဒ်တွင် ကိုဗစ်_၁၉ ကူးစက်ရောဂါကင်းစင်ကြောင်းတွေ့ရှိရပါက နိုင်ငံတွင်းသို ဝင်ရောက်သည့်နေ့ နောက်တစ်ရက်မှစတင်သော ၇ ရက်သီးသန့်နေထိုင် စောင့်ကြည့် ကာလ၏ ကျန်ရှိသော ၄ ရက်ကို မိမိနေအိမ်စသည်တို၌ ဆက်လက်သီးသန့်နေထိုင် ရမယ်လို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် ဝင်ရောက်သည့်နေ့ နောက်တစ်ရက်မှ စတင်၍ ၇ ရက်အတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးမပြု ခြင်း၊ နေအိမ်သို့မဟုတ် မိမိတည်းခိုနေထိုင်မည့်နေရာများတွင် သီးသန့်နေထိုင် စောင့်ကြည့်ခြင်းနှင့် ထိုကာလအတွင်း မိမိ၏ကျန်းမာရေးအခြေအနေ၊ တည်နေရာအချက်အလက်များနှင့်ပက်သက်၍ ဆက်သွယ်မေးမြန်းမှုများကို လိုက်နာဖြေကြားခြင်း စသည့် ကတိကဝတ်များကို လိုက်နာစောင့်ထိန်းရန် လိုအပ်ပါကြောင်း ဂျပန်သံရုံးက ထုတ်ပြန် ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_13 Feb 2022
ဖေဖော်ဝါရီလ ၁၂ ရက် ယမန်နေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးရှိ တိုးဂိတ်သို့ လက်နက်များကိုင်ဆောင်၍ ရောက်ရှိလာပြီး တိုးဂိတ်အားမိုင်းထောင်ဖောက်ခွဲ၍ ဖျက်ဆီးမှုများပြုလုပ်သွားကြောင်းသိရပါတယ်။
မုံရွာ- ဘုတလင်လမ်းပိုင်းရှိ တိုးဂိတ်တစ်ခုကို ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း YAN GYI AUNG(YGA) LPDF အဖွဲ့က ယနေ့ထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 13 Feb 2022
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေဟာ မြန်မာနိုင်ငံက သတ္တုတွင်းတစ်ခုက ထွက်ရှိတဲ့ ပယင်းကျောက် အပိုင်းအစတစ်ခု အတွင်းမှာ ပုတ်သတင်မျိုးစိတ်သစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ယေဘုယျအားဖြင့် ရုပ်ကြွင်းတွေရှိတဲ့အထဲက ပယင်းထဲတွေ့ရှိရတာဟာ အင်မတန်ရှားပါးပြီး အတုမရှိတဲ့ မျိုးသုဉ်းသွားတဲ့ ဇီဝရုပ်တစ်ခု ကိုကိုယ်စားပြုနေပါတယ်” လို့ ကွမ်မင်နီယပ်စ်တက္ကသိုလ်က ဒေါက်တာ အန်ဒရက်ဆာနန်စကီနှင့်သူ့လုပ်ဖော် ကိုင်ဖက်တွေက ပြောပါတယ်။
“ပယင်းထဲမှာ သုံးဖက်ရုပ်ကြွတိရိစ္ဆာန်တွေ၊သူတို့အစိတ်အပိုင်းတွေကို မကြာခဏရှိနေတတ်ပြီး နူးညံ့တဲ့တစ်သျှူးတွေလည်း ပါဝင်နေတတ်ပါတယ်” လို့ သူတို့ကပြောပါတယ်။
ဒီလိုမျိုး ထိန်းသိမ်းထားရှိမှာကိုအခြေခံရရင် အနည်းဆုံးပုသတ်သင်အုပ်စုတစ်စုရဲ့ ပုံမှန်အတိုင်းအတာပုံစံဟာ ခရီတေးရှပ်စ် ခေတ်အရောက်မှာ ဖွံ့ဖြိုးပြီးသားဖြစ်နေတယ်လို့ ကျွန်တော်တို့သိထားပါတယ်။ ဥပမာ တောက်တဲ့တွေရဲ့ ကြမ်းထော်တဲ့ ခေါင်း စကေးနှင့် စေးကပ်တဲ့ ခြေထောက်အပြားတွေလိုမျိုးပေါ့” လို့ ပြောပါတယ်။
“ ဒိုင်နိုဆောတွေ ခြေဦးတည့်ရာသွားလာနေကြတဲ့အချိန်မှာရှိနေတဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ မျက်နှာကို ခင်ဗျားတို့ကြည့်ရ တာပဲ” လို့ ဗီလန်နိုဗာတက္ကသိုလ် ပါမောက္ခ အာရွန်ဘေရာက ပြောပါတယ်။
အဲဒီပုတ်သင်ရုပ်ကြွင်းပါဝင်တဲ့ ပယင်းကျောက်အစိတ်အပိုင်းကို မြန်မာနိုင်ငံ မြောက်ပိုင်း ကျောက်စိမ်းတွင်းနှင့် နီးကပ်နေတဲ့ ခမ္မတီးခရိုင်မှာတွေ့ခဲ့တယ်လို့သိရပါတယ်။
အဲဒီပယင်းကို စီတီစကန်နှင့်ရိုက်ကြည့်ပြီး ရုပ်ကြွင်းကို သုံးသပ်လေ့လာကြည့်ခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော်တို့ဟာ တွဲဆက်ထားတဲ့ အရိုးစုတစ်ခုသာမက ပုတ်သင်ရဲ့ ပြင်ပအသွင်အပြင်ကိုပါ ရှားရှားပါးပါးလေ့လာ ခွင့် ရခဲ့ပါတယ်။ တွားတွားသတ္တဗေဒပညာရှင်တွေ လက်ရှိမျိုးစိတ်တွေကိုလေ့လာနေတဲ့ နည်းအတိုင်းပါပဲ” လို့ ဆမ်ဟောက်စတန်ပြည်နယ်တက္ကသိုလ်က သုတေသနပညာရှင်ဒေါက်တာဂျူအန် ဒီယာဂိုဒါဇာကပြောပါတယ်။
ဒါဟာ ခရီတေးရှပ်ခေတ်အစောပိုင်းမှာ ပုတ်သင်မျိုးအုပ်စုကနေ ခွဲထွက်လာတာဖြစ််န်ိုင်ပြီး တောင်ပိုင်းတိုက်ကြီးတွေနှင့် အိန္ဒိယ နေရာဖြစ်တဲ့ ဂွန်ဝါနာလိုနေရာမျိုးမှာရှိခဲ့တာပါ” လို့ ဘရစ်စတိုတက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ အာနိုးဘိုလက် ကပြောပါတယ်။
“ ယနေ့မြန်မာနိုင်ငံနေရာဖြစ်တဲ့ Burma Terrane microplate ဟာ ပုတ်သင်တွေနေခဲ့တဲ့အဲဒီခေတ်တုန်းက အာရှရဲ့အစိတ် အပိုင်း ဖြစ်ပုံမရဘူး” လို့သူကပြောပါတယ်။
ဒီတွေ့ရှိမှုဟာ အငြင်းပွားစရာ ရှိနေဦးမှာဖြစ်ပြီး ဒီဒေသမှာ ခရီတေးရှပ်ခေတ်တုန်းက တိရိစ္ဆာန်မျိုးနွယ်တွေရဲ့ ဇာစ်မြစ်ကို အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်တွေလုပ်ဖို့လိုဦးမှာဖြစ်တယ်” လို့ ပညာရှင်တွေက ကောက်ချက်ချပါတယ်။
ဒီတွေ့ရှိချက်ကို Scientific Reports ဂျာနယ်မှာ စာတမ်းအဖြစ်တင်ပြထားတာဖြစ်ပါတယ်။
Source Nature.com
#LocalHealth
Published - 13 feb 2022
ကိုဗစ်ရောဂါရဲ့ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်ကူးစက်ခံရမှုနှုန်းမြင့်တက်လာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်က အောင်မြင့်မိုရ်ကိုဗစ်ကုသရေးစင်တာကို ပြန်လည်ဖွင့်လှစ်ထားပြီး အောင်မြင့်မိုရ်ကုသရေးစင်တာတွင် ကုသမှူခံယူနေသောသူများအတွက် သောက်ရေများလိုအပ်လျက်ရှိကာ လှူဒါန်းလိုသော အလှူရှင်များ 09-795002257 သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
အိုမီခရွန် ကူးစက်မှုနူန်း အရမ်းမြန်ဆန်နေတာကြောင့် အောင်မြင့်မိုရ်ကုသရေးစင်တာကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစက်မှုတွေရှိလာတာကြောင့် ပြန်လည်ဖွင့်လှစ်ရတာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော အောင်မြင့်မိုရ်ကိုဗစ်စင်တာတွင် တက်ရောက်ကုသမှုခံယူနေသောလူနာများရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး "နေ့စဉ်စင်တာရောက်လာသူတွေ တိုးတိုးလာနေတယ်။ ယနေ့အထိတော့ တစ်ယောက်မှ အောက်ဆီဂျင်မလိုသေးဘူး။ အများစုဟာ mild အပျော့စား ရောဂါလက္ခဏာတွေပဲရှိကြတယ်"လို့ စင်တာကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်ထိ အောင်မြင့်မိုရ်အိမ်ရာ ကိုဗစ်ကုသရေးစင်တာသို့ဆေးရုံတက်လူနာ ကျား( ၁၅၄)ဦး၊မ ၁၉၅ ဦး စုစုပေါင်း ၃၄၉ ဦးရှိကာ ဆေးရုံဆင်းခွင့်ရသူ ၉ ဦးဖြစ်တာကြောင့် စုစုပေါင်းလူနာ ၃၄၀ ဦးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
ယခုကာလတွင် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့မှာ ကိုဗစ်အစုအပြုံလိုက်ဖြစ်ပွားမှုနဲ့ အိုမီခရွန်ရောဂါပိုး ကူးစက်တွေလည်းရှိနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းကို အထူးသတိပြုလိုက်နာကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံကြဖို့ကိုလည်း ကျန်းမာ ရေးပညာရှင်များက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြဖို့နဲ့ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန်အတည်ပြုလူနာများကို ပြီးခဲ့သည့်ရက်ပိုင်းတွေ အတွင်းက တမူးမြို့နဲ့ ကလေးမြို့မှာ စတင်တွေ့ ရှိခဲ့တာဖြစ်ပြီး ပြည်တွင်းကူးစက်မှုတွေလည်း စတင်ရှိလာခဲ့သလို ရန်ကုန်မြို့ရှိ စက်ရုံတစ်ခုမှာ ကိုဗစ်ရောဂါ ဖြစ်ပွားသူတွေကို အစုလိုက်အပြုံလိုက်တွေ့ ရှိခဲ့ပြီးနောက် ၎င်းတို့ထဲမှ ၁၀ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာမှ အဆိုပါ ၁၀ ဦးလုံးတွင် အိုမီခရွန် ရောဂါပိုးကိုတွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံမှာ အိုမီခရွန်ရောဂါပိုးကို နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားအပါအဝင် စုစုပေါင်း ၃၄၈ ဦးထံမှာ တွေ့ ရှိထားတာပါ။
ဒါ့အပြင် ကိုဗစ်ရောဂါပိုးကို တိုင်းဒေသကြီး၊ ပြည်နယ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ပိုးတွေ့ မှုအများဆုံးဖြစ်နေပြီး ယခုလက်ရှိထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၄၅,၂၉၈ ဦးအထိ ရှိပြီးလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရောဂါးပိုးတွေ့ ရှိမှု ရာခိုင်နှုန်းမှာလည်း မြှင့်တက်လာတာကို တွေ့ရပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published - 13 February 2022
ပြင်ပသုတေသနလေ့လာချက်တစ်ခုတွင် အိုင်ဗာမက်တင်(Ivermectin) ဆိုတဲ့ဆေးဟာ အိုမီခရွန်နဲ့ အခြားကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ကုသပေးနိုင်ကြောင်း ဂျပန်ကုန်သွယ်ရေးနဲ့ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုဝါကုမ္ပဏီက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
အဆိုပါကုမ္ပဏီဟာ ကိုဗစ်ရောဂါကုသရေးဆေးကို တိုကျိုမှ ကီတာဆာတိုတက္ကသိုလ်နဲ့အတူ စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီး နောက်ထပ်အသေးစိတ်ကိုတော့ မထုတ်ပြန်ရသေးပါဘူး။
ရိုက်တာသတင်းဌာနကဖော်ပြတဲ့ မူလသတင်းမှာတော့ အိုင်ဗာမက်တင်ဆေးရဲ့ တတိယအဆင့်စမ်းသပ်မှုကို လူသားတွေနဲ့ပြုလုပ်ရာမှာ အိုမီခရွန်ကိုထိရောက်စွာကုသနိုင်တယ်လို့ မှားယွင်းပြီးဖော်ပြခဲ့ပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ ပြုလုပ်နေပေမယ့် အိုင်ဗာမက်တင်ကို ကိုဗစ်ကုသဆေးအဖြစ် သတ်မှတ်ဖို့ကတော့ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ကိုဗစ်ကပ်ရောဂါ၊ အစိုးရရဲ့စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေအပေါ် သံသယရှိသူ'ဂျိုးရိုဂန်'ရဲ့သံသယအမြင်တွေကြောင့် အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်။
'ရိုဂန်'က ကိုဗစ်ကာကွယ်ဆေးလိုအပ်ချက်အပေါ် မေးခွန်းတွေထုတ်ခဲ့ပေမယ့် အိုင်ဗာမက်တင်ကိုအသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။အဆိုပါဆေးကို ဂျပန်နိုင်ငံမှာ ကိုဗစ်ရောဂါကုသဖို ခွင့်ပြုချက်မပေးထားပါဘူး။
အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊ WHO၊ ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးအဖွဲ့ နဲ့ ဆေးဝါးထုတ်လုပ်တဲ့ မာ့ခ်ကုမ္ပဏီတို့ ကလည်း အဆိုပါဆေးဝါးအသုံးပြုခြင်းကို သတိပေးထားကာ ရောဂါကုသပေးနိုင်တဲ့ အထောက်အထားမျိုး မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
လူသားတွေမှာ ကိုဗစ်ရောဂါကာကွယ်ကုသဖို့ ဆေးဝါးအသုံးပြုမှုကို စိတ်ဝင်စားမှုများလာကြပေမယ့် အဆိုပါဆေးဝါးကို ကိုယ်တိုင်သုံးစွဲခဲ့ပြီးနောက် ဆေးကုသခံယူမှုလိုအပ်ကာ ဆေးရုံတက်လိုက်ရတဲ့ လူနာတွေအကြောင်း သတင်းရရှိထားတယ်လို့ FDA က ဆိုပါတယ်။
ကိုဗစ်ရောဂါကို အိုင်ဗာမက်တင်ဆေးနဲ့ကုသဖို့ကိစ္စကို အောက်စ်ဖို့ဒ်တက္ကသိုလ်မှ လေ့လာစမ်းသပ်နေပါတယ်။
စစ်ဆေးလေ့လာခြင်းကို လုပ်ဆောင်နေပြီဖြစ်ပြီး လေ့လာချက်ရလာဒ်မထွက်သေးခင် နောက်ထပ်ထုတ်ပြန်မှုတွေ ပြုလုပ်မှာမဟုတ်ကြောင်း သုတေသီတွေက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ငှက်ဖျားရောဂါကုသဆေး ဟိုက်ဒရော့ဆီကလိုရိုကွင်းအပါအဝင် စမ်းသပ်ဖန်ပြွန်ဖြင့်စမ်းသပ်ရာမှာ ထိရောက်ကြောင်းပြသနိုင်ခဲ့တဲ့ ကိုဗစ်ကုသရေးသောက်ဆေးတွေဟာ ကိုဗစ်လူနာတွေနဲ့ လက်တွေ့စမ်းသပ်လေ့လာရာမှာတော့ ထိရောက်မှုမရှိကြောင်း တွေ့ခဲ့ရပါတယ်။
Source: Reuters.
#Local_News
Published_ 13 Feb 2022
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၁၈ ရက်အတွင်း အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းမယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ပြည်သူများအနေနဲ့ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 13 Feb 2022
တောရိုင်းပန်ဒါဝက်ဝံနီတစ်ကောင်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်က သဘာဝဘေးမဲ့တော တစ်ခုအတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ရက် အင်္ဂါနေ့ကတွေ့ရှိခဲ့ပါတယ်။
ဝါဝူရှန်သဘာဝဘေးမဲ့ဥယျဉ်ရဲ့ ဝန်ထမ်းတစ်ဦးက သူကိုင်ဆောင်ထားတဲ့ စမတ်ဖုန်းနှင့် အဲဒီပန်ဒါဝက်ဝံအနီကလေးကို ဗွီဒီယို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပန်ဒါနီပေါက်စကလေးဟာ တောအုပ်အလယ်မှာ နှင်းတွေကြားထဲ ဟိုသည် သွားလာနေတာဖြစ်ပါတယ်။
သဘာဝဘေးမဲ့တောတွေဟာ ပန်ဒါနီတွေအတွက် ဆွဲဆောင်မှုအမြဲရှိနေပါတယ်။ အဲဒီဘေးမဲ့တောတွေဟာ တရုတ်နိုင်ငံရဲ့ ဒုတိယအတန်းအစား နိုင်ငံအဆင့်ကာကွယ်မှုပြုလုပ်ထားတဲ့နေရာတွေပါ။ ပန်ဒါနီတွေဟာ အေးခဲနေတဲ့ဆောင်းတွင်းပဲဖြစ်ဖြစ် ပူအိုက်တဲ့နွေမှာပဲဖြစ်ဖြစ် နှစ်စဉ်နှစ်တိုင်း အဲဒီနေရာက သူတို့ကိုဆွဲဆောင်နေတာပါ။
ဝါဝူရှန်သဘာဝဘေးမဲ့တောမှာ တောရိုင်းတိရိစ္စာန်တွေဖြစ်တဲ့ ပန်ဒါကြီး၊ပန်ဒါနီ၊နူးဆိတ်နှင့်မက်ကားမျောက်တွေကို ကြိမ်ဖန်များစွာ ကင်မရာတွေမှာ မှတ်တမ်းတင်တွေ့ရှိလေ့ရှိပါတယ်။
Source CCTVPlus
#WorldHealth
Published - 13 February 2022
ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရပြီး အသက်သေဆုံးခဲ့တဲ့လူတွေမှာ ဦးနှောက်ပုံမှန်မဟုတ်တော့တဲ့အခြေအနေမျိုး မြင်တွေ့ခဲ့ရပြီး အယ်ဇိုင်းမားရောဂါတွင် တွေ့ရလေ့ရှိသည့် ပြောင်းလဲခြင်းလက္ခဏာတွေနဲ့ ဆင်တူနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အယ်ဇိုင်းမားရောဂါလူနာတွေမှာ ဦးနှောက်ဆဲလ်များအတွင်း ပရိုတိန်းတစ်မျိုးစုပုံလာကာ အာရုံကြောဆဲလ်တွေကြားထဲမှာ ဘီတာအေမယ်လွိုက်ပရိုတိန်းတွေ စုပြုံလာတတ်ပါတယ်။
ကိုလံဘီယာတက္ကသိုလ်မှ ဒေါက်တာ'အန်ဒရူးမာ့ခ်စ်'နဲ့အဖွဲ့က ကိုဗစ်ရောဂါလူနာ ၁၀ ယောက်ရဲ့ ဦးနှောက်တွေကို လေ့လာတဲ့အခါမှာ ဆဲလ်တွေထဲ ကယ်လ်စီယမ်ဝင်ရောက်မှုကို ထိန်းချုပ်ပေးတဲ့ ရိုင်ယာနိုဒင်းရီဆက်ပ်တာလို့ခေါ်တဲ့ ပရိုတိန်းတွေ ချို့တဲ့နေတာကို တွေ့ရှိခဲ့ကြပါတယ်။
အယ်ဇိုင်းမားရောဂါတွေမှာ ရိုင်ယာနိုဒင်းရီဆက်ပ်တာတွေ လျော့နည်းလာတာကြောင့် အာရုံကြောမျှင်လေးတွေရစ်ပတ်ရှုပ်ထွေးခြင်း ဖြစ်ပေါ်လာပါတယ်။အဲဒီလိုအာရုံကြောမျှင်ရစ်ပတ်ရှုပ်ထွေးခြင်းကို ကိုဗစ်ရောဂါလူနာတွေရဲ့ဦးနှောက်မှာ အများအပြားတွေ့ခဲ့ရကြောင်း ကိုလံဘီယာသုတေသီအဖွဲ့က ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
အခြားသုတေသနအဖွဲ့တွေကလည်း ရှာဖွေစစ်ဆေးကြရာမှာ ကိုဗစ်ရောဂါလူနာတွေရဲ့ဦးနှောက်ထဲ အေမယ်လွိုက်ပရိုတိန်းပမာဏ ပုံမှန်မဟုတ်တော့ကြောင်း တွေ့ရှိခဲ့ကြပုံကို bioRxiv ဝက်ဘ်ဆိုက်နဲ့ လန်ဆက်ဆာဗာတွေမှာ မဖော်ပြခင် အွန်လိုင်းကနေ တင်ပြလိုက်ပါတယ်။
ဒီလေ့လာချက်အားလုံးရှိလူနာတွေဟာ ကိုဗစ်ရောဂါအပြင်းထန်ဆုံး ခံစားခဲ့ရသူတွေဖြစ်ပါတယ်။အဆိုပါဦးနှောက်မူမမှန်ခြင်းတွေကို ရောဂါအလယ်အလတ်မျှခံစားခဲ့ရသူတွေရဲ့ ဦးနှောက်မှာလည်း တွေ့ရှိရမယ်ဆိုရင် ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေထဲက အာရုံစူးစိုက်မှုချို့ယွင်းလာရတဲ့အကြောင်းအရင်းကို သိရှိကောင်းသိရှိလာနိုင်ပါတယ်။
ကိုဗစ်ရောဂါပြင်းထန်စွာခံစားခဲ့ရတဲ့သူတွေမှာ လူ့ဘဝသက်တမ်းနောက်ပိုင်း ဦးနှောက်ချို့ယွင်းမှုဖြစ်လာနိုင်ချေရှိနေပေမယ့် အသိအကျသိရဖို့တော့ စောလွန်းသေးကြောင်း 'အန်ဒရူးမာ့ခ်စ်'က ပြောပြခဲ့ပါတယ်။
ကိုဗစ်အားမြှင့်ကာကွယ်ဆေးထိုးပြီး ကူးစက်မခံရအောင်နေဖို အကြံပြုသွားပါတယ်။
"ကိုဗစ်ကူးစက်ခံရရင် အသက်သေချင်မှသေမှာပါ။ ဒါပေမဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာဖြစ်လာမလဲဆိုတာကိုတော့ သိပ်မသိရှိကြသေးပါဘူး"
Source: Reuters.
Page 1477 of 1495