#Local_News
Published_8 July 2022
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းပိုင်းရှိ ဂုတ်ထိပ်တံတားအနီး Oriental Highway ကုမ္ပဏီက တာဝန်ယူတည်ဆောက်ရန် လုပ်ဆောင်ခဲ့သော ဂုတ်ထိပ်တံတားပြန်လည်တည်ဆောက်ရန် နစက အနေဖြင့် ခွင့်ပြုထားကြောင်း သိရသည်။
ဂုတ်တွင်းကို ရှောင်နိုင်ရန် နောင်ချိုမှ ကျောက်မဲသို့ မီးရထားလမ်းတံတားနှင့်အပြိုင် ကားလမ်းတံတားအသစ်တည်ဆောက်ရန် စီမံကိန်းရေးဆွဲခဲ့ကြခြင်း ဖြစ်ပြီး လေ့လာဆန်းစစ်မှုများကို ကိုရီးယားကုမ္ပဏီနှင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနနှင့် တည်ဆောက်မည့် ကုမ္ပဏီကြား ညှိနှိုင်းမှုများပြုလုပ်ကာ မြေယာလျော်ကြေးများလည်း ပေးအပ်ခဲ့ကြပြီးဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာသန်း ၁၅၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကာ တံတားတည်ဆောက်မှုစတင်ပါက တည်ဆောက်ချိန်မှာ ၃၆ လ ခန့်သာ ကြာမြင့်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
"တံတားတည်ဆောက်ခွင့်ပြုဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြခဲ့ပါတယ်။ နိုင်ငံတော်မံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း မူအားဖြင့်ခွင့်ပြုပြီးဖြစ်ပါတယ်၊ ကုမ္ပဏီ အနေနဲ့ စီမံကိန်းတန်းဖိုးထပ်မံ အသေးစိတ် တွက်ချက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံနိုင်မယ့် လုံလောက်တဲ့ ငွေကြေးရရှိရေးစီစဉ် ဆောက်ရွက်လျက်ရှိပါတယ်၊ တံတားဦးစီးဌာနအနေနဲ့ ဘဏ္ဍာရေး ကိစ္စရပ်များကို ကုမ္ပဏီနဲ့ ညှိနှိုင်းဆောက်ရွက်လျက်ရှိပါပြီး ပြီးစီးရင်တော့ ဆက်လက်တင်ပြပြီး ခွင့်ပြုချက်ရရှိရင်လုပ်ထုံး လုပ်နည်းတွေနဲ့အညီ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်တယ်။ စီမံကိန်း အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ တံတားပုံစံကတော့ အသေးစိတ်ရေးဆွဲ အတည်ပြုပြီးဖြစ်ပါတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
လက်ရှိ ဂုတ်ထိပ်တံတားမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ - နောင်ချိုမြို့ ကြားရှိပြီး သက်တမ်းနှစ်၁၂၀ ကျော်ရှိပြီ ဖြစ်ကာ ဒုတိယကမ္ဘာစစ်ကာလအတွင်းက တံတားအလယ်တိုင်လေးတိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် မေလမှစတင်၍ ပြန်လည်ပြင်ဆင်မှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 8 July 2022
၁။ မသန်စွမ်းသူများတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုများနေ
၂။ ကြက်သွန်နီ ပြည်ပတင်ပို့မှု လုံးဝရပ်ဆိုင်းထားရ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူကျူ့ဘ်ပေါ်တွင် ပန်းချီသင်ပေးနေသည့် ဂျပန်အဘိုးအိုဖော်လိုဝါ ၁.၄ သန်းအထိ ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 8 July 2022
ရုရှားတို့က ယူကရိန်းကိုအထူးစစ်ဆင်ရေးဆင်နွှဲရာမှာ အခုမှအရှိန်ရတာဖြစ်ကြောင်းနဲ့ စစ်မြေပြင်မှာ ရုရှားကိုအနိုင်ယူကြည့်ဖို့ အနောက်နိုင်ငံကိုစိန်ခေါ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ကတော့ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
ပါလီမန်ခေါင်းဆောင်တွေကို 'ပူတင်'ကမိန့်ခွန်းပြောကြားခဲ့ရာမှာ ညှိနှိုင်းဆွေးနွေးဖို့အလားအလာက ပဋိပက္ခကြာရှည်လာတာနဲ့အမျှ ဝေဝါးလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံက ရုရှားကိုအနိုင်ယူချင်နေတယ်လို့ ကြားသိရကြောင်း၊ ယင်းတို့ကိုစမ်းကြည့်စေချင်ကြောင်း ဆိုပါတယ်။
"ယူကရိန်းအတွက် နောက်ဆုံးအချိန်ထိကာကွယ်ဖို့ အနောက်နိုင်ငံက ကျုပ်တို့ကိုတိုက်ခိုက်ချင်နေတယ်ဆိုတာ ထပ်ခါထပ်ခါကြားနေရပါတယ်၊ ယူကရိန်းပြည်သူတွေအတွက်တော့ စိတ်မကောင်းဖြစ်ရပေမယ့် ဒီလိုဖြစ်ဖို့ကိုပဲ ဦးတည်လာတဲ့သဘောဖြစ်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
အနောက်နိုင်ငံတွေက ရုရှားကိုစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ကာ ယူကရိန်းကိုအဆင့်မြင့်လက်နက်များ ထောက်ပံ့ပေးနေပြီး ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေတယ်လို ရုရှားက စွပ်စွဲလိုက်ပါတယ်။
ရုရှားတို့ရဲ့စစ်ဆင်ရေး ခြေလှမ်းစတင်နေပြီလို့ဆိုခဲ့သလို စေ့စပ်ညှိနှိုင်းဖို့အလားအလာကိုလည်း 'ပူတင်'ကရည်ညွှန်းဖော်ပြခဲ့ပါ သေးတယ်။
"ကျုပ်တို့က စစ်ပွဲမှာဘာမှတောင် စမလုပ်ရသေးဘူးဆိုတာ အားလုံးသိထားသင့်ပါတယ်၊ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးစကားဆွေးနွေးမယ်ဆိုရင်လည်း မငြင်းဆန်ပါဘူး၊ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာက ပိုမိုခက်ခဲလာလိမ့်မယ်ဆိုတာ သိထားသင့်ပါတယ်"
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက်ပိုင်း ရုရှားတို့က အရှေ့ဘက် လူဟန့်စ်ဒေသအပါအဝင် နိုင်ငံအနှံအပြားမှာလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လဲ ရုရှားတို့စစ်ချီခြင်းက သုံးသပ်သူတွေခန့်မှန်းထားတာထက် များစွာနှောင့်နှေးခဲ့ပြီး စစ်ပွဲအစပိုင်းတုန်းက မြို့တော်ကိဗ်နဲ့ ဒုတိယအကြီးဆုံးမြို့ခါကိဗ်တို့ကို သိမ်းပိုက်ဖိုကြိုးစားရာမှာ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
ရုရှားအပေါ် အနောက်နိုင်ငံဆန့်ကျင်မှုနဲ့ပတ်သက်တဲ့ 'ပူတင်'ရဲ့အယူအဆတွေကို ယူကရိန်းညှိနှိုင်းရေးမှူးချုပ်'မစ်ခယ်လိုပိုဒိုလီယက်'က ပယ်ချလိုက်ပါတယ်။
"အနောက်နိုင်ငံက ဘာမှကြံစည်နေတာမဟုတ်ပါဘူး၊ ရုရှားတပ်တွေကသာ အချုပ်အခြာ အာဏာပိုင်ယူကရိန်းနိုင်ငံကိုကျူးကျော်ပြီး မြို့တွေကိုဗုံးတွေကျဲ အရပ်သားတွေကို သတ်ဖြတ်ခဲ့တာပါ၊ ရှေးရိုးစွဲဝါဒတွေ လက်ကိုင်ထားကြတဲ့သူတွေပါ၊ ယူကရိန်းဘက်ကနောက်ဆုံးကျန်တဲ့လူအထိ စစ်ပွဲဆင်နွှဲသွားမယ်ဆိုတဲ့'ပူတင်'ရဲ့စကားက လူမျိုးသုဉ်းသတ်ဖြတ်မယ်ဆိုတဲ့ သက်သေအထောက်အထားပါပဲ" လို့ 'ပိုဒိုလီယက်'က တွစ်တာမှာ ဖော်ပြထားပါတယ်။
ယူကရိန်းတို့လက်ခံညှိနှိုင်းနိုင်မယ့်ကိစ္စရပ်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ရုရှားတပ်များ ဆုတ်ခွာခြင်း၊ ပြန်ပေးဆွဲထားတဲ့အရပ်သားများ ပြန်လည်ပေးအပ်ခြင်း၊ စစ်ရာဇဝတ်သားများနဲ့ လဲလှယ်ခြင်း၊ လျော်ကြေးကိစ္စနဲ့ ယူကရိန်းကိုယ်ပိုင်အချုပ်အခြာအာဏာကို အသိအမှတ်ပြုရေးတို့ပါဝင်ပါတယ်။
ပါလီမန်ခေါင်းဆောင်တွေက 'ပူတင်'ရဲ့မိန့်ကြားချက်များကို တုံ့ပြန်ခဲ့ကြပြီး 'A Just Russia'ပါတီမှ 'ဆာဂျီမီရိုနော့ဗ်'က ယူကရိန်းထံမှ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရုရှားနိုင်ငံထဲပေါင်းစည်းရေးအဆင်ပြေစေရန် အထူးအေဂျင်စီထူထောင်ဖို့ တိုက်တွန်းခဲ့ပြီး 'ပူတင်'ကလည်း ထိုအကြောင်းကို ဆွေးနွေးဖို့ ကတိပြုခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_8 July 2022
ကမ္ဘောဇဘဏ်အပါအဝင် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ ဇနီးအမည်ဖြင့် လုပ်ကိုင်ခွင့်ရ မြေ ၁၆၅၀၀ ဧကကျော်ကို နစက ပြန်သိမ်းလိုက်ကြောင်း ဇူလိုင်လ ၁ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။
မလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ဦးအောင်ကိုဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်နန်းသန်းထွေး လုပ်ကိုင်ခွင့်ရရှိထားသည့်မြေ ၁၆၅၀၅ ဒသမ ၅၄ ဧကကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်ရုတ်သိမ်းကြောင်း ယင်းပြန်တမ်းတွင် ဖော်ပြထားသည်။
ယင်းမြေများမှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ တမုတ်ချုန်းနှင့်သိန်ခွန်းကျေးရွာအုပ်စုအတွင်း စိုက်ပျိုးမြေများ ဖြစ်ပြီး သတ်မှတ်ကာလအတွင်း ဖော်ထုတ်ခြင်းမရှိသည့်အတွက် ရုတ်သိမ်းခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မေလအတွင်းက ရွှေကမ္ဘောဇကုမ္ပဏီလီမိတက် လုပ်ပိုင်ခွင့်ရရှိခဲ့သော ဆီအုန်းစိုက်ပျိုးရန်ဟုဆိုကာ ရရှိထားသည့် မြေများကိုလည်း လုပ်ငန်းမဖော်ဆောင်သောကြောင့် လုပ်ကိုင်ခွင့်ရုပ်သိမ်းလိုက်ကာ ပေးသွင်းထားသည့်အာမခံကြေးများကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published_8 July 2022
မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၆၀ ဦးခန့် နေရပ်ပြန်ခွင့်ရကြကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။
"ဇူလိုင်လ ၆ ရက်နေ့က မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့တာဝန်ရှိသူတွေက မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ကြတာပါ။ စုစုပေါင်း ၅၉ ယောက် ဖြစ်ပါတယ်။ သူတို့တွေက
မလေးရှားနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပါ။ မြန်မာနိုင်ငံသားဖြစ်တဲ့ အထောက်အထားနဲ့ ပြည့်စုံတဲ့သူတွေ ဖြစ်ပါတယ်"ဟု သံရုံးတာဝန်ရှိသူက ပြောသည်။
ယင်းမြန်မာမလေးရှားနိုင်ငံ Kemayan Camp နှင့် Pekan Nanas ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများအနက်မှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူများ ဖြစ်ကြောင်းလည်း သိရသည်။
မလေးရှားအစိုးရအနေဖြင့် အထောက်ထားမဲ့နိုင်ငံခြားသားလုပ်သားများအား ဇွန်လ ၃၀ ရက်နောက်ဆုံးထား၍ နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အချိန်သတ်မှတ်ပေးပြီးနောက် လက်ရှိတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား ရှာဖွေဖမ်းဆီးမှုပြုလုပ်နေကြောင်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published_8 July 2022
ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၃၅) ဦးကို ဇူလိုင်လ ၆ ရက်၊ ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက ထာ့ဆောင်ယန်မြို့နယ်၊ မဲ့ခမုနွဲ-ဖနော့ခီ လမ်းမပေါ်၌ မောင်းနှင်းလာသော မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၂ စီးကို စစ်ဆေးခဲ့ရာ အဆိုပါ တရားမဝင်မြန်မာများအာ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပထမ မော်တော်ယာဉ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦး၊အမျိုးသမီး ၃ ဦးကိုလည်းကောင်း၊ ဒုတိယမြောက် မော်တော်ယာဉ်တွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦး၊ ပွဲစား ၃ ဦးတို့ကိုလည်းကောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းတို့မှာ ကရင်ပြည်နယ်၊ ဘားအံမြို့ကဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ စမွတ်ပရကန်၊ ခွန်ဘူရီ၊ ပထုန်ဌာနီမြို့များသို့ သွားရောက်လုပ်ကိုင်ရန်အတွက် လူတစ်ဦး လျှင် ဘတ်ငွေ ၂၀၀၀၀၊ ၂၅၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထိုင်းအာဏာပိုင်များထံ ဖမ်းဆီးခံရသူများက ဝန်ခံထွက်ဆိုခဲ့ကြကြောင်း သိရသည်။
ယခုအခါ ထိုင်းအာဏာပိုင်များက သက်သေခံ မော်တော်ယာဉ် ၂ စီးကို သိမ်းဆည်း၍ပြီး မြန်မာနိုင်ငံသား ၃၅ ဦး နှင့် ပွဲစား ၃ ဦးတို့ကို ထာ့ဆောင်ယန်မြို့ နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ဥပဒေအရ အရေယူဆောက်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 8 July 2022
မြန်မာ့စီးပွားရေးဘဏ်များ၌ ကိုယ်တိုင်ပင်စင်လ စာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအ ဆင်ပြေစေရန် ဇူလိုင်လမှစ၍ ဘဏ်များတွင် ငွေပေးကောင်တာများ တိုးချဲ့စီစဉ်ထားကာ ငွေထုတ်ပေးမှုလျင်မြန်စေရန် စီစဉ်ဆောင်ရွက်ထားသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို ထပ်မံတိုးချဲ့ခဲ့ခြင်းမှာ အချို့ဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ပေးသည့် ၂၁ ရက်တွင် စုပြုံ၍ လာရောက်ထုတ်ယူခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ရှည်လျားစွာတန်းစီရခြင်း၊ အချိန်ကြာမြင့်စွာစောင့် ဆိုင်းရခြင်းတို့ဖြစ်ပေါ်နေသည်ကို စိစစ်တွေ့ရှိရသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
ယင်းပြင် မြန်မာ့စီးပွားရေးဘဏ်၏ သက်ဆိုင်ရာဘဏ်ခွဲများတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများအား လစဉ်ရုံး ဖွင့်ရက် ၂၁ ရက်နေ့တစ်ရက်တည်းသာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များ၌လည်းထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။
ပင်စင်လစာငွေများကို ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်၌ ပြန်လည်ထုတ်ယူခြင်းနှင့် ATM စာရင်းဖွင့်၍ ATM စက်များမှ ထုတ်ယူခြင်း၊ Myanmar Mobile Money (MMM)၊ Wave Money တို့ဖြင့်နီးစပ်ရာ Mobile Agent များမှ တစ်ဆင့် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူမှုအဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာဘဏ်ခွဲများနှင့် ပူးပေါင်းကူညီဆောင် ရွက်ပေးရန် မြန်မာ့စီးပွားရေးဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_8 July 2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ နဘူးတောကျေးရွာ၊ ညောင်ဦး- ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင်အမှတ် (၂၄/၄)အနီးတွင် ဇူလိုင်လ ၇ ရက် ည ၉ နာရီကျော်အချိန်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိ၍ နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ မောင်းနှင်လာသော DAIHATSU အမျိုးအစား အဖြူရောင်ယာဉ်နှင့် SHYAN ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုက်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက သိရသည်။
အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းနှင့် သေဆုံးသွားသူများကို ဂရုဏာရှင် နာရေးကူညီမှုအသင်း၏ယာဉ်ဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published_8 July 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းနှစ်ဦးတို့ ဖြစ်ကြသည့် ဦးသန်းဌေး၊ ဦးမြင့်နိုင်တို့ကို နေပြည်တော်ထောင်တွင်း တရားရုံးမှ ဇူလိုင်လ ၇ ရက်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) အရ ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်တွင် မဲမသမာမှုကိစ္စများတွင် တာဝန်ရှိသူများဖြစ်သည်ဆိုကာ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ယခင်တာဝန်ယူခဲ့ကြသည့် UEC အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ ၂၄၀၀ ကျော် တရားစွဲဆိုခံထားရကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Pet_Health
Published 8 July 2022
နှာခေါင်းပြားပြားသေးသေးနဲ့ မျက်နှာအရေပြားတွန့်ခေါက်နေကြတဲ့ ခွေးဘီလူးနဲ့ခွေးပုမျိုးနွယ်တွေဟာ ခွေးမွေးသူတွေအကြိုက်များတဲ့ ခွေးမျိုးဖြစ်ပါတယ်။
သရုပ်ဆောင်'ဂျရတ်ဘတ်တလာ'၊ 'ပဲရစ်ဟီလ်တန်'၊ ယူကျူ့ဘ်ဆယ်လီ'ဇိုးဆက်ဂ်'တို့ဟာ အဆိုပါခွေးလေးတွေပါတဲ့ သူတို့ရဲ့ပုံတွေကို အွန်လိုင်းမှာဝေမျှဖော်ပြထားပါတယ်။
ဒါပေမဲ့ မျက်နှာပြားပြားနဲ့ခွေးတွေမှာ အရေပြားတွန့်ခေါက်ရောင်ရမ်းခြင်းဆိုတဲ့ အရေပြားဝေဒနာတစ်မျိုး ခံစားရနိုင်ချေ အဆ ၅၀ ပိုများကြောင်း တိရိစ္ဆာန်အထူးကုဆရာဝန်တွေက လေ့လာချက်အသစ်မှာတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် အဆိုပါအရေပြားပုံသဏ္ဍာန်ပါတဲ့ ခွေးတွေကိုမွေးမယ်ဆိုရင် သေချာစဉ်းစာချင့်ချိန်ကြဖို့ သတိပေးလိုက်ပါတယ်။
ထိုအရေပြားရောဂါမျိုးဟာ တွန့်ခေါက်နေတဲ့အရေပြားကြားထဲမှာ လေဝင်လေထွက်မကောင်းခြင်း၊ စိုထိုင်းဆလွန်ကဲခြင်း၊ ပွတ်တိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
ထိုအခါခွေးတွေမှာ အရေပြားနီရဲခြင်း၊ အနာဖြစ်ခြင်း၊ အနံ့အသက်ဆိုးခြင်းနဲ့ နာကျင်ခြင်းတို့ ခံစားရတတ်ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း မွေးစားဖို့လူကြိုက်များလာတဲ့ ခွေးဘီလူးအပု၊ အင်္ဂလိပ်ခွေးဘီလူး၊ ပြင်သစ်ခွေးဘီလူးတို့မှာ ဒီလိုလက္ခဏာမျိုးအဖြစ်များ လာခဲ့ပါတယ်။
ဘယ်ခွေးအမျိုးအစားက အဆိုပါရောဂါလက္ခဏာမျိုးအဖြစ်နိုင်ဆုံးလဲဆိုတာကို သိရဖို့အတွက် ယူကေမှ ခွေးပေါင်း ၉ သိန်းကျော်ကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
အင်္ဂလိပ်ခွေးဘီလူးတွေက အရေပြားတွန့်ခေါက်ရောင်ရမ်းခြင်းမျိုးအဖြစ်နိုင်ဆုံးဖြစ်ပြီး ဖြစ်နိုင်ချေ ၄၉.၁ ဆပိုများနေပါတယ်။
သူ့နောက်မှာတော့ ပြင်သစ်ခွေးဘီလူးက ၂၆ ဆနဲ့ ခွေးဘီလူးအပုက ၁၆ ဆတို့ဖြင့်အစဉ်လိုက် အများဆုံးဖြစ်နေပါတယ်။
ခွေးတွေရဲ့အဖြစ်အများဆုံးခန္ဓာကိုယ်နေရာတွေကတော့ နှုတ်ခမ်းမှာ ၃၆.၈ ရာခိုင်နှုန်း၊ မျက်နှာအတွန့်နေရာမှာ ၂၂ ရာခိုင်နှုန်း၊ ခွေးမလိင်အင်္ဂါမှာ ၁၄.၂ ရာခိုင်နှုန်း၊ နှာခေါင်းအတွန့်နေရာမှာ ၉ ရာခိုင်နှုန်း၊ အမြီးက ၅.၈ ရာခိုင်နှုန်းနဲ့ မျက်လုံးနားတဝိုက်မှာ ၃.၅ ရာခိုင်နှုန်းအသီးသီး ဖြစ်နိုင်ချေရှိကြပါတယ်။
ထိုခွေးရဲ့ဘဝသက်တမ်းတလျှောက်မှာ ရောဂါကုသကာကွယ်ရေးအတွက် အရေပြားထိန်းသိမ်းစောင့်ရှောက်ခြင်း အမြဲတမ်းပြုလုပ်ရမှာဖြစ်ပြီး ရောဂါဖြစ်နေတဲ့ခွေးအတွက် ဝန်ထုပ်ဝန်ပိုးနဲ့ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
မျက်နှာပြားပြားတိုတိုနဲ့ ခွေးတွေဟာ သဘာဝအတိုင်းပေါက်ဖွားလာတာ မဟုတ်ဘဲ မျိုးစပ်ရင်းပေါ်ထွက်လာကြတာဖြစ်ပါတယ်။
သူတို့ရဲ့မျက်နှာအရေပြားကြောင့် အရေပြားရောဂါအပြင် အသက်ရှူခက်ခဲတဲ့ပြဿနာတွေနဲ့ မျက်လုံးပြဿနာတွေလည်း ရှိလာနိုင်ပါတယ်။
ဒီလိုခွေးမျိုးမွေးထားတယ်ဆိုရင် သူတို့ရဲ့အရေပြားအတွန့်အခေါက်တွေကြားကို သေချာသန့်ရှင်းပေးဖို့လိုပြီး ခြောက်သွေ့အောင် သေချာပြုလုပ်ရပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published - 8 July 2022
ဇူလိုင်လ(၇)ရက်ကနေ ဇူလိုင်လ(၈)ရက်နေ့လယ်ပိုင်းအထိ မြန်မာပြည်တွင်းတွင်ဗဟိုပြုပြီး မြေငလျင်(၄)ကြိမ်လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊
ဇူလိုင်လ (၇)ရက်နံနက်ပိုင်းတွင် မြန်မာပြည်တွင်းလင်းခေးမြို့ ဗဟိုပြု၍အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုနှင့် နေ့လယ်ပိုင်းတွင် ဂွမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်းသိရသည်၊၊
ဇူလိုင်လ(၈)ရက်နံနက်အစောပိုင်းများတွင် ညောင်ဦးမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခဲ့ပြီး ဖြူးမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းလည်းသိရသည်၊၊
မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းကတည်းက ပြည်တွင်းကိုဗဟိုပြု၍ လှုပ်ခတ်သော မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခဲ့ပြီး မြေငလျင်ကြီးများလည်း တစ်ကျော့ပြန်လှုပ်ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သတိပေးပြောကြားထားသည်၊၊
ymg/tthl
#Yangon_Media_Group
Published 8 July 2022
ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးဟာ သောကြာနေ့က အနောက်ပိုင်းနာယာမြို့မှာ အများပြည်သူကို မိန့်ခွန်းပြောနေစဉ် ပစ္စတိုကိုင်ဆောင်ထားပုံရတဲ့ လူတစ်ဦးက နောက်ကျောဘက်ကို သေနတ်နှင်ပစ်ခတ်တာကို ခံရတဲ့အတွက် ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ အင်န်အိတ်ချ်ကေ ကရုပ်သံသတင်းထုတ်လွှင့်သွားပါတယ်။
အသက် ၆၇နှစ်ရှိပြီဖြစ်တဲ့ အာဘေးဟာ နှလုံးရပ်သွားတဲ့အခြေအနေရှိကြောင်း ကျိုဒိုသတင်းဌာနက ပြောပါတယ်။ ဘူတာရုံတစ်ခုရဲ့ အပြင်ဘက်မှာ မိန့်ခွန်းပြောနေစဦ် သေနတ်သံကြားရပြီး မီးခိုးဖြူတွေ ထွက်လာတာမြင်ကြရပါတယ်လို့ အင်န်အိတ်ချ်ကေကပြောပါတယ်။
အာဘေးမိန့်ခွန်းပြောနေစဉ် သေနတ်သံဆက်တိုက်နှစ်ချက်ကြားရတယ်လို့ အင်အိတ်ချ်ကေ သတင်းထောက်က အခင်းဖြစ်ရာနေရာကနေ သတင်းပေးပိုပါတယ်။
အစိုးရအဖွဲ့အတွင်းရေးမှူးက မီဒီယာတွေကို သတင်းထုတ်ပြန်ပေးဖို့ရှိနေပါတယ်။
ရဲက ပစ်ခတ်သူလို့ သံသယရှိသူကို ဖမ်းဆီးလိုက်ပြီး ပစ်ခတ်ခံရတဲ့နေရာကနေ သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
အာဘေးဟာ ဂျပန်မှာ ဝန်ကြီးချုပ်သက်တမ်း (၂)ခု ထမ်းဆောင်ခဲ့တဲ့အတွက် ၂၀၂၀ပြည့်နှစ်မှာ ကျန်းမာရေးကြောင့် အနားယူတဲ့အချိန် ဂျပန်ရဲ့ ဝန်ကြီးချုသက်တမ်းအရှည်ဆုံးသူဖြစ်ခဲ့ပါတယ်။
Source Reuters
Page 1479 of 1741