#World_Health
Published 18 October 2024
▪️ ဦးနှောက်ကို ကျောရိုးမကြီးနဲ့ ချိတ်ဆက်ထားသလို ဦးနှောက်အဓိကထိန်းချုပ်ရာနေရာ ဖြစ်တဲ့ ဦးနှောက်ပင်မရိုး ထိခိုက်ခံရခြင်းဟာ ကိုဗစ်-၁၉ ပြင်းထန်စွာခံစားရသူတွေမှာ တွေ့ရတတ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို ဖြစ်စေနိုင်ဖွယ် ရှိပါတယ်။
▪️ ကိမ်းဘရစ်ချ်တက္ကသိုလ်နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့မှ သုတေသီများက သံလိုက်အသံပြုပုံရိပ်ဖမ်း နည်းပညာ 7T ဓာတ်မှန်စက်များကို အသုံးပြုကာ ကိုဗစ်ကပ်ရောဂါကာလ အစောပိုင်းက ကိုဗစ်ပြင်းထန်စွာ ခံစားရပြီး ဆေးရုံတင်ရသူအယောက် ၃၀ ရဲ့ ဦးနှောက်တွေကို လေ့လာခဲ့ပါတယ်။
▪️ ထိုအခါမှာ ကိုဗစ်-၁၉ က အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း၊ စိုးရိမ်ပူပန်ခြင်းစတဲ့ အခြေခံလုပ်ဆောင်ချက်များကို ထိန်းချုပ်တဲ့ ဦးနှောက်ပင်မရိုးကို ထိခိုက်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ကိုဗစ်ကူးစက်ပြီး အချိန်အတော်ကြာပြီးတာတောင် အသက်ရှူခက်ခဲခြင်း၊ နွမ်းနယ်ခြင်း၊ ပူပန်ခြင်းစတဲ့ လက္ခဏာများ ဆက်လက်ခံစားရတဲ့ အကြောင်းအရင်းဟာ ဒီအစိတ်အပိုင်းအကြောင့် ဖြစ်နိုင်ဖွယ်ရှိတာကို တွေ့ရှိလာပါတယ်။
▪️ သုတေသီအဖွဲ့ အသုံးပြုတဲ့ ပုံရိပ်ဖမ်းစက်တွေဟာ ဦးနှောက်ထဲက အသေးစိတ်အရာတွေနဲ့ ရောင်ရမ်းခြင်းတို့ကို တွေ့ရှိနိုင်ပါတယ်။
▪️ ဦးနှောက်ထဲ ပုံမှန်မဟုတ် ချို့ယွင်းနေသည်များကို ကိုဗစ်အပြင်းအထန် ခံစားရသူတွေမှာ အတွေ့များပြီး ရောဂါကူးစက်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ ခံစားရတတ်ပါတယ်။
▪️ ဒီလိုပြောင်းလဲသွားတာဟာ ခန္ဓာကိုယ် ခုခံအားကနေ ဗိုင်းရပ်စ်ကို တုန့်ပြန်တာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
▪️ ဒီလေ့လာချက်က ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြား ဆက်စပ်မှုနဲ့ သက်ရောက်ပုံတွေကို ဖော်ပြနေပါတယ်။
▪️ ဒီလေ့လာချက်တွေကနေ ကိုဗစ်-၁၉ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဆရာဝန်တွေ နားလည်စေပြီး ကုသမှုပေးနိုင်ရန် မျှော်လင့်ရပါတယ်။
▪️ 7T ဓာတ်မှန်စက်တွေက အပြင်းထန်ဆုံးခံစားရတဲ့ လူနာတွေမှာပါ စစ်ဆေးနိုင်စွမ်းရှိတာကို သုတေသီများက သဘောကျနေကြပါတယ်။
#Source: India Today
#World_Health
Published 18 October 2024
▪️ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ကူးစက်ခံရပါက မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်လို့ခေါ်တဲ့ အာရုံကြောဖွံ့ဖြိုးမှုချို့ယွင်းခြင်းရောဂါတစ်မျိုး ဖြစ်လာနိုင်ကြောင်း ကြွက်တွေမှာ သုတေသန တွေ့ရှိခဲ့ပါတယ်။
▪️ ကြွက်အမေတွေက ဗိုင်းရပ်စ်တစ်မျိုးနဲ့ ထိတွေ့ပြီးနောက် ကြွက်သန္ဓေသားတွေမှာ ဖွံ့ဖြိုးမှုပိုင်း ချို့ယွင်းခြင်း လက္ခဏာများ တွေ့ရဖွယ်ရှိတယ်လို့ ကိုးလ်စပရင်းဟာဘာဓာတ်ခွဲခန်းမှ သုတေသီ အိုင်ရင်းဆန်းချက်ဇ်မာတင်က ပြောသွားပါတယ်။
▪️ ဒီလေ့လာချက်မှာ မွေးလာပြီးမှ ဆန်းစစ်တာမျိုးထက် ကြွက်အမေမှာ ဗိုင်းရပ်စ်ထိတွေ့ပြီး ၂၄ နာရီအတွင်းမှာပဲ သန္ဓေသားတွေကို စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
▪️ အော်တစ်ဇင်ဆိုတာက ဖွံ့ဖြိုးမှုပိုင်းချို့ယွင်းတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူတွေမှာ လေ့လာသင်ယူနိုင်စွမ်း၊ ပြုမူနေထိုင်မှု၊ အခြားသူတွေနဲ့ ဆက်ဆံပေါင်းသင်းမှုတွေမှာ ပုံမှန်မဟုတ်ကြပါဘူး။
▪️ အော်တစ်ဇင်ဖြစ်စေတဲ့ အကြောင်းအရင်း တိတိကျကျ မသိရသေးပေမယ့် မျိုးဗီဇနဲ့ ပတ်ဝန်းကျင် အကြောင်းအရာများ ပါဝင်ပတ်သက်နေမယ်လို့ ယူဆရပါတယ်။
▪️ သိပ္ပံပညာရှင်တွေက မိခင်ခုခံအားလှုံ့ဆော်မှုကို လေ့လာနေတာ ကြာပြီဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက်မှုကြောင့် ရောင်ရမ်းခြင်းကနေ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ကာ အော်တစ်ဇင်ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ကြွက်သန္ဓေသားတွေထဲက အမတွေအားလုံးက ဖွံ့ဖြိုးမှုချို့တဲ့ခြင်း မဖြစ်စေပေမယ့် အထီး ၃ ပုံ ၁ ပုံကတော့ အပြင်းအထန် ထိခိုက်စေပါတယ်။
▪️ ယောက်ျားလေးတွေက မိန်းကလေးတွေထက် အော်တစ်ဇင်ဖြစ်နိုင်ခြေ ၄ ဆပိုများကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
▪️ ယခုသုတေသီရဲ့ လေ့လာချက်က မမွေးခင်ကပင် အော်တစ်ဇင်ဖြစ်နိုင်ခြေ လက္ခဏာများကို တွေ့ရှိစေမယ်လို့ မျှော်လင့်နေပါတယ်။
▪️ ဒီလေ့လာချက်သာ အတည်ပြုနိုင်ပါက အော်တစ်ဇင်မဖြစ်စေရန် မမွေးခင်ကပင် စောစီးစွာပြင်ဆင်ကုသနိုင်ဖို့ အခွင့်အလမ်း ရှိလာနိုင်ကြောင်း နော့သ်ဝဲလ်ကျန်းမာရေးစင်တာမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဗစ်တာကလိန်းက ပြောပါတယ်။
▪️ ဒီမတိုင်ခင် မီချီဂန်တက္ကသိုလ်မှ သုတေသီများ လေ့လာချက်ထဲမှာ မွေးရာပါ ဆိုင်တိုမဂ္ဂါလိုဗိုင်းရပ်စ် ကူးစက်တဲ့ ကလေးတွေဟာ အော်တစ်ဇင်ဖြစ်နိုင်ခြေ ၂ ဆခွဲပိုများတယ်လို့ ဖော်ပြထားပါတယ်။
▪️ အဓိကယူဆချက်ကတော့ ဗိုင်းရပ်စ်က မိခင်ခုခံအား လှုံ့ဆော်မှုဖြစ်စေတာ ဖြစ်ပါတယ်။
▪️ ကိုယ်ဝန်ဆောင်ချိန်မှာရော မွေးဖွားချိန်မှာပါ လက္ခဏာမပေါ်တတ်တဲ့ ဆိုင်တိုမဂ္ဂါလိုဗိုင်းရပ်စ်ကို သန္ဓေသားဘဝမှာပင် ပုံမှန်စစ်ဆေးဖို့ သုတေသီများ ထောက်ခံနေကြပါတယ်။
#Source: New York Post
Published 17 October 2024
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) အရှေ့ပိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်စစ်လေယာဉ်များဟာ ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း မြောက်ပိုင်း တောင်ပိုင်း အရှေ့ပိုင်းတို့မှာ ပြုလုပ်နေတဲ့ Joint Sword-2024B စစ်ရေးလေ့ကျင့်မှုမှာ တနင်္လာနေ့က ပူးပေါင်းပါဝင်လာပါတယ်။ ထိုထဲမှာ ကျည်အစစ်များ တပ်ဆင်ထားတဲ့ တိုက်လေယာဉ်များ၊ H-6K ဗုံးကျဲလေယာဉ်များ ပါဝင်ပါတယ်။
၁၇ အောက်တိုဘာ ၂၀၂၄
တောင်ကိုရီးယားရဲ့ နာမည်ကျော် ဘီတီအက်စ် BTS အဖွဲ့ဝင် ကေပေါ့တ်စကား ဂျေဟုပ် J-Hope ဟာ ၁၈ လကြာ စစ်မှုထမ်းပြီးနောက် စစ်မှုထမ်းကာလပြီးဆုံးတဲ့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က တောင်ကိုရီးယား စစ်တပ်ကနေ ထွက်ခဲ့ပါတယ်။ အဲဒါကြောင့် လာမယ့်နှစ်မှာ သူ့အနေနှင့် သူရဲ့ ဘီတီအက်စ်အဖွဲ့နှင့်ပြန်ပေါင်းတော့မလားလို့ သူ့ပရိဿတ်တွေနှင့် ရင်းနှီးမြှပ်နှံသူတွေက မျှော်လင့်နေ ကြပါတယ်။
သူတို့အဖွဲ့ထဲက နှစ်အကြာဆုံးအဖွဲ့ဝင် ဂျင်အနေနှင့် ပြီးခဲ့တဲ့ ဇွန်လက စစ်မှုထမ်းပြီးဆုံးပြီးတဲ့အခါ (၇) ဦးပါ အဆိုပါအဖွဲ့ထဲက ဒုတိယမြောက်ဖြစ်တဲ့ အသက် ၃၀ရှိပြီဖြစ်တဲ့ ဂျေဟုပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုထမ်းလိုက်ရတဲ့အတွက် သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ခေတ္တရပ်နားထားခဲ့ ရပါတယ်။
စစ်ဝတ်စုံဝတ်ဆင်ထားပြီး သံပုရာခွံဦးထုတ်ဆောင်းထားတဲ့ သူဟာ ဂန်ဝန်ပြည်နယ်ရဲ့ ဝန်ဂျူးစစ်တပ် စခန်းကနေ ထွက်လာပြီးနောက် ဂျင်နှင့် သူ့ပရိဿတ်၁၀၀ခန့် ပြီးတော့ အဲဒီကိုရောက်နေကြတဲ့ သတင်းထောက်တွေကို အပြုံးနှင့်နှုတ်ဆက်ခဲ့ပါတယ်။
“ ပရိဿတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ဘေးမသီရန်မခဘဲ ကျန်းကျန်းမာမာနှင့် စစ်မှုထမ်းပြီးသွားပြီ” လို့ သူက လူအုပ်စုကိုပြောပါတယ်။
“ ပြီးခဲ့တဲ့ တစ်နှစ်ခွဲမှာ ကျွန်တော်ခံစားလိုက်ရတာကတော့ စစ်သားတွေဟာ နိုင်ငံတော်ကို ကာကွယ်ဖို့ အတွက် သိပ်ပင်ပန်းကြတယ်။ သူတို့ကိုယ်သူတို့ မြှပ်နှံထားကြတယ်။အလုပ်အလွန်လုပ်ကြတာပဲ ဖြစ်တယ် ”လို့ သူက ပြောပါတယ်။ ပြီးတော့ စစ်မှုထမ်းတွေကို ချစ်မြတ်နိုးကြဖို့လည်း သူက ပြည်သူ တွေကို ပန်ကြားလိုက်ပါတယ်။
“သူတို့အားလုံး အတူတကွနှင့်ပြန်ဖြစ်တာ သိပ်ကိုမြင်ချင်တယ်” လို့ ဂျေဟုပ်ကို လာကြိုတဲ့ ပရိသတ် တစ်ဦးဖြစ်တဲ့ အသက် ၃၃နှစ်အရွယ် ချီလီနိုင်ငံသားပရိဿတ် ကော့စတန်ဇာဂေါ့ဒွိုင်ကပြောပါတယ်။
ဘီတီအက်စ်ဟာ ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းဖျော်ဖြေပြီးနောက် ယခုထက်ထိ အွန်လိုင်းမပါဘဲ တကယ့် အယ်လ်ဘမ်အချပ်ပေါင်း ၅၆ သန်းကျော်ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဥပဒေအရ အသက် ၁၈နှစ်မှ ၂၈ နှစ်အကြား သန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ စစ်တပ် ဒါမှမဟုတ် လူမှုလုပ်ငန်းတွေမှာ ၁၈လမှ ၂၁လအထိ မဖြစ်မနေ အမှုထမ်းကြရပါတယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကေပေါ့တ်စတားတွေအတွက် အသက် ၃၀ မတိုင်ခင်မထိ စစ်မှုထမ်းခြင်းမှရွှေ့ဆိုင်းခွင့်ပြုတဲ့ ဥပဒေပြင်ဆင်မှုပြုလုပ်ပေးခဲ့ပါတယ်။
Source: Reuters
Published 16 October 2024
ကယ်လီဖိုးနီးယား REMspace ကုမ္ပဏီမှ သိပ္ပံပညာရှင်များက လူနှစ်ယောက်အိပ်ပျော်နေစဉ် အိပ်မက်ထဲမှာ အပြန်အလှန် ဆက်သွယ်စေနိုင်ခဲ့ပါတယ်။
ထိုအချိန်မှာ အိပ်မက်တွေက ရှင်းလင်းပြတ်သားစွာ မက်နေကြပြီး REM အိပ်စက်အဆင့်အတွင်း ဖြစ်ပျက်ကြပါတယ်။
စမ်းသပ်ခံတဲ့သူတွေဟာ အိပ်မက်မက်ခဲ့တာကို ရှင်းလင်းစွာ မှတ်မိနိုင်တဲ့သူတွေ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး မအိပ်ခင်မှာ ဦးနှောက်လှုပ်ရှားမှုတွေနဲ့ အိပ်စက်မှုပုံစံတွေကို တိုင်းတာစောင့်ကြည့်နိုင်ရန် အထူးကိရိယာများဖြင့် ချိတ်ဆက်ခဲ့ကြပါတယ်။
သူတို့ရဲ့ အိပ်မက်မက်တဲ့အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗဟိုစနစ်တစ်ခုသို့ အချက်အလက်များ ပေးပို့ခဲ့ပါတယ်။
အိပ်မက်ပြတ်သားစွာ မက်နေတဲ့အချိန်မှာ ဦးနှောက်လှုပ်ရှားမှု ပြောင်းလဲတာကို တွေ့ရှိခဲ့ပြီး ကျပန်းစကားလုံးတစ်လုံး ပေါ်ပေါက်လာကာ စမ်းသပ်ခံသူက ထိုစကားလုံးကို ကြားယောင်ပြီး အကြိမ်ကြိမ် အော်ပြောနေခဲ့ပါတယ်။
ဒုတိယတစ်ယောက်ဟာလည်း အိပ်မက်ပြတ်သားစွာ မက်တဲ့အဆင့်ကို ရောက်နေကာ ဦးနှောက်လှုပ်ရှားမှု ပြောင်းလဲမှုတွေ့ခဲ့ပြီး ထိုစကားလုံးကိုပဲ ပေးပို့ခဲ့ပါတယ်။
ယင်းဟာလည်း အိပ်မက်ထဲမှာ ထိုစကားလုံး ကြားယောင်ခဲ့ပြီး အကြိမ်ကြိမ်ပြောနေခဲ့ပါတယ်။
နိုးလာတဲ့အခါမှာ အိပ်မက်ထဲက စကားလုံးအတိုင်း ပြောနိုင်ခဲ့ပြီး လူနှစ်ဦး အိပ်မက်မက်နေစဉ် ပထမဆုံးအနေဖြင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုဟာ အိပ်စက်မှုဆိုင်ရာသိပ္ပံပညာ တိုးတက်ဖို့ အလားအလာ ဖြစ်နေပါတယ်။
ဒီနည်းပညာကို စိတ်ကျန်းမာရေး ကုသမှု၊ စွမ်းရည်တိုးတက်မှု၊ အခြားနေရာတွေမှာလည်း အသုံးချသွားနိုင်ဖို့ REMspace စီအီးအို မိုက်ကယ်ရေဒူဂါက မျှော်မှန်းထားပါတယ်။
Source: NDTV
#World_News
Published 17 October 2024
▪️ ကမ္ဘာပေါ်ရှိ မိန်းကလေးငယ် ၈ ဦးမှာ ၁ ဦးနှုန်း၊ တစ်နည်းအားဖြင့် ယနေ့အသက်ရှင်နေသေးတဲ့ အမျိုးသမီးပေါင်း သန်း ၃၇၀ ကျော်ဟာ အသက် ၁၈ နှစ်မပြည့်ခင် မုဒိမ်းကျင့်ခံရခြင်း ဒါမှမဟုတ် လိင်ပိုင်းစော်ကားခံရခြင်း ကြုံတွေ့ဖူးတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။
▪️ အွန်လိုင်းနဲ့ အပြောအဆိုပိုင်းဆိုင်ရာလိုမျိုး မထိတွေ့ရတဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေကိုပါ ထည့်တွက်ရင် လူပေါင်းသန်း ၆၅၀ ဒါမှမဟုတ် ၅ ဦးလျှင် ၁ ဦးနှုန်းအထိ မြင့်တက်သွားကြောင်း UNICEF ယူနီဆက်ဖ်က ဖော်ပြထားပါတယ်။
▪️ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ အများဆုံး ထိခိုက်ခံရသလို ယောကျ်ားလေး သန်း ၂၄၀ မှ ၃၁၀ ဒါမှမဟုတ် ၁၁ ဦးလျှင် ၁ ဦးနှုန်းဟာလည်း ကလေးဘဝမှာ လိင်ပိုင်းစော်ကားမှုခံရတယ်လို့ ဆိုပါတယ်။
▪️ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုအတိုင်းအတာက အလွန်များပြားလွန်းတယ်လို့ UNICEF က ဖော်ပြပါတယ်။
▪️ ကလေးသူငယ်များနဲ့ ပတ်သက်တဲ့ ဥပဒေတွေ မြှင့်တင်ပြဌာန်းပြီး ကူညီပေးခြင်း အပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ကြဖို့ အရေးတကြီးလိုအပ်ကြောင်း ချပြသွားပါတယ်။
▪️ ဆာဟာရတောင်ပိုင်း အာဖရိကဒေသတွေမှာ မိန်းကလေး ၇၉ သန်း ဒါမှမဟုတ် ၂၂ ရာခိုင်နှုန်းလောက် အများဆုံးခံစားနေရပြီး အရှေ့တောင်အာရှနဲ့ အရှေ့အာရှတို့မှာ ၇၅ သန်းရှိနေပါတယ်။
▪️ အာရှတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ၇၃ သန်း၊ ဥရောပနဲ့ မြောက်အမေရိကမှာ ၆၈ သန်း၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်မှာ ၄၅ သန်း၊ မြောက်အာဖရိကနဲ့ အာရှအနောက်ပိုင်းမှာ ၂၉ သန်း ရှိမယ်လို့ ယူနီဆက်ဖ်က ခန့်မှန်းထားပါတယ်။
▪️ ဒီလိုကျူးလွန်မှုကြောင့် ကလေးတစ်ယောက်ဟာ ဘေးကင်းစိတ်ချရမယ်လို့ ယုံကြည်သင့်တဲ့နေရာမှာတင်ပဲ စိတ်ဒဏ်ရာဖြစ်ရတယ်လို့ ယူနီဆက်ဖ် အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်းရပ်ဆဲလ်က ဆိုပါတယ်။
▪️ ကလေးသူငယ် လိင်ပိုင်းစော်ကားခံရတာဟာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားမှာ အများဆုံးဖြစ်ပြီး လိင်မှုရောဂါများ၊ စိတ်ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြေ များပါတယ်။
▪️ ယူနီဆက်ဖ်ရဲ့ ခန့်မှန်းချက်တွေက ၂၀၁၀ မှ ၂၀၂၂ အတွင်း နိုင်ငံဒေသပေါင်း ၁၂၀ ထံကနေ စစ်တမ်းကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။
#Source: The Jerusalem Post
#World_News
Published 16 October 2024
▪️ မြောက်ကိုရီးယားမှာ ယခုသီတင်းပတ်အတွင်း ကျောင်းသားများနဲ့ လူငယ်အသင်းအဖွဲ့ အရာရှိများ အပါအဝင် လူငယ်လူရွယ် ၁.၄ သန်းခန့် စစ်တပ်ထဲဝင်ရောက်ရန် လာရောက်လျှောက်ထားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
▪️ လူငယ်တွေဟာ တော်လှန်ရေးစိတ်ဓာတ်ဖြင့် ရန်သူတွေကို ဖျက်ဆီးမယ့် စစ်ပွဲကြီးမှာ ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားကြတယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ ကိုရီးယားကျွန်းဆွယ်တဝိုက် တင်းမာမှုမြင့်တက်နေတဲ့ကာလမှာ မြောက်ကိုရီးယားစစ်တပ်ထဲ ဝင်ရောက်ရန် စာရင်းပေးသွင်းတဲ့ လူငယ်ပေါင်း ၂ ရက်အတွင်း ၁ သန်းကျော်ရှိထားတယ်လို့ သိရပါတယ်။
▪️ ယမန်နှစ်ကလည်း မြောက်ကိုရီးယားဟာ အမေရိကန်ကို တိုက်ခိုက်မယ့် စစ်တပ်ထဲ ဝင်ရောက်ရန် ဆန္ဒအလျောက်ဝင်ရောက်လာသူတွေ ရှိခဲ့တယ်လို့ မီဒီယာက ဖော်ပြဖူးပါတယ်။
▪️ မြောက်ကိုရီးယားဟာ အင်္ဂါနေ့က ကိုရီးယား ၂ နိုင်ငံကြား အခိုင်အမာချထားတဲ့ နယ်စပ်အနီး ယင်းတို့ဘက်ခြမ်းရှိ နှစ်နိုင်ငံဆက်သွယ် လမ်းမကြီးများနဲ့ ရထားလမ်းများကို ဖောက်ခွဲခဲ့တာကြောင့် တောင်ကိုရီးယားဘက်က သတိပေးပစ်ဖောက်ခဲ့ရပါသေးတယ်။
▪️ တောင်ကိုရီးယားဘက်ကနေ မြောက်ကိုရီးယားမြို့တော်ဘက်သို့ ဒရုန်းများ လွှတ်နေတယ်လို့ မြောက်က စွပ်စွဲထားပြီး မေလကတည်းကလည်း မြောက်ကနေ လွှတ်တင်နေတဲ့ အမှိုက်ပူဖောင်းများကြောင့် အတိုက်အခံ ဖြစ်နေကြပါတယ်။
▪️ ပူဖောင်းများလွှတ်တင်ရတာဟာ တောင်ဘက်က မြောက်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တုန့်ပြန်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။
▪️ စစ်ပွဲဖြစ်ပြီဆိုရင် တောင်ကိုရီးယားနိုင်ငံ ပျက်သုဉ်းသွားမှာဖြစ်တယ်လို့ KCNA က ဖော်ပြထားပါတယ်။
#Source: Reuters
Page 26 of 821